ဖလား 4 လုံး ဆိုတဲ့ မျှော်လင့်ချက် ဖြစ်နိုင်ချေ အရမ်းကို နည်းပါးလွန်းတဲ့ အိပ်မက် တစ်ခုလိုပါပဲ #ဗန်ဒိုက်

လီဗာပူး အသင်း ရဲ့ ခံစစ်မှုးကြီး ဗန်ဒိုက် က ဖလား 4 လုံး မျှော်လင့်ချက်တွေ နဲ့ တစ်လှမ်းချင်း နီးကပ်လာတာနဲ့ အမျှ သူတို့ အသင်းသားတွေ အပေါ် ဖိအားတွေ များလာမှာ စိုးရိမ်တဲ့ အတွက် ၊ အဲဒီ ပြောဆိုမှုတွေဟာ ဖြစ်နိုင်ချေ အရမ်းကို နည်းပါးလွန်းတဲ့ ပစ်မှတ်မျိုးတွေပဲ တုန့်ပြန်လိုက်ပါတယ်။

ယခင် ကတော့ သူတို့ ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည်တွေကို ယုံကြည်မှု မရှိရင် အန်ဖီးလ် ကွင်းထဲကို လာရောက် စရာ မလိုဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

သို့သော် အက်ဖ်အေ ဖလား အကြို ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ဦးဆောင်ထားတဲ့ မန်စီးတီး ကို အနိုင်ယူပြ အပြီးမှာတော့ လီဗာပူး ရဲ့ ဒီရာသီ မျှော်လင့်ချက်တွေ က ပိုပြီး ရုပ်လုံး ပေါ်လာနေပါတယ်။ ကာရာဘောင် ဖလား ကို ဆွတ်ခူး ထားပြီးပြီ ဖြစ်သလို ၊ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နဲ့ ၊ ပရီးမီးယားလိဂ် လက်ကျန် 7 ပွဲ ကစားရချိန်မှာ မန်စီးတီး နဲ့ တစ်မှတ်သာ ကွာဟတော့တာ ဖြစ်လို့ ဘာမဆို အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

“ ဘယ် အသင်းမှ ဖလား 4 လုံး စလုံး မသိမ်းပိုက် နိုင်ခဲ့ဖူးပါဘူး ၊ ဒါဟာ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက် တစ်ခုခုတော့ ရှိကို ရှိရပါမယ် ဘာလို့လဲ ဆိုတော့ ဒီလို စွမ်းဆောင်ပြဖို့ မဖြစ်နိုင်လောက်အောင်ကို အခွင့်အရေးက နည်းပါးလွန်းတဲ့ အတွက်ကြောင့်ပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ မနက်ဖြန် ညမှာတော့ မဟာပြိုင်ဘက်ကြီး ယူနိုက်တက် ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး ၊ အဲဒီ နောက် အဲဗာတန် ၊ အဆင့် 4 မျှော်လင့်ချက် အတွက် တိုက်ပွဲဝင်နေတဲ့ စပါး ၊ တန်းဆင်းဇုံ ကနေ ရုန်းထဖို့ ပုံစံကောင်းတွေ ဆက်တိုက် ပြနေတဲ့ နယူးကာဆယ် တို့လို အသင်းတွေ နဲ့ ဆက်ပြီး ကစားရဦးမှာပါ။

“ လတ်တလောမှာ ပြောနေကြတာ က ဖလား 4 လုံး (ဒါမှ မဟုတ်) 3 လုံး အထိ သိမ်းပိုက် နိုင်ဖို့ အတွက်ပဲ ပရိသတ်တွေ က ပြောနေကြတာပါ။ ဒါက ကျနော်တို့ အပေါ်ကို ဖိအားတွေ ပိုများသွားစေမယ့် အကြောင်းအရင်းမျိုးတွေ ဖြစ်ပါတယ်။

ပြိုင်ပွဲ အားလုံးမှာ ဗိုလ်လုစွဲဖို့ ဆိုတာ လူတိုင်းက လိုလိုချင်ချင် နဲ့ မက်နေတဲ့ အိပ်မက်မျိုး ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ဘာတွေ ဆုပ်ကိုင်ပြနိုင်မလဲ စောင့်ကြည့်ကြမယ်လေ။ အခြား အသင်းတွေ အတွက်လဲ ဘာမဆို ဖြစ်သွားနိုင်တာ ချည်းပါပဲ” လို့ ဆက်လက် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဗန်ဒိုက် ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူခဲ့တဲ့ အချိန်က ပြိုင်ဘက် ပရိသတ် တော်တော်များများ က “ဂျင်း” ဆိုပြီး လှောင်ပြောင် ပြောဆိုခဲ့ကြဖူးပါတယ်။ သို့သော် တကယ့်လက်တွေ့မှာတော့ အခုချိန်ထိ အန်ဖီးလ်ကွင်းထဲမှာ ပရီးမီးယားလိဂ် တစ်ပွဲမှ မရှုံးဖူးသလို ၊ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသည့်တိုင်အောင် ပုံစံကောင်းတွေ ကို ပြန်လည် ပြသကာ ကစားပေးလျှက် ရှိနေပါတယ်။

ဒါကြောင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှုး တစ်ယောက် အဖြစ် အများစု က လက်ခံထားကြပါပြီ။

“ အစောပိုင်း ကာလတွေ တုန်းက ကျနော်က ထိပ်တန်း ကစားသမားမျိုး မဟုတ်ခဲ့ပါဘူး ။ နောက်ပိုင်းမှာ ပိုပြီး တိုးတက်လာတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ ကစားသမား ဘ၀ ဖြတ်သန်းမှုကို ပိုပြီး ကျေနပ်နေတာပါ။

လက်ရှိ ပုံစံအတိုင်း ကြံ့ခိုင်မှု ကောင်းကောင်း နဲ့ ဆက်ထိန်းထားပြီး နိုင်ပွဲတွေ အများကြီး ရယူပြသွားချင်ပါတယ်။ ပြီးရင် ကမ္ဘာ့ဖလားမှာလဲ ဘာတွေ လုပ်ပြနိုင်မလဲ စောင့်ကြည့်ကြတာပေါ့” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

လီဗာပူး ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ်တုန်းကတော့ 0-5 ရလာဒ် နဲ့ ယူနိုက်တက် အပေါ် ပြတ်ပြတ်သားသား အနိုင်ယူပြထားပါတယ်။

SM