ပြိုင်ဘက် ကို အရှက်ခွဲဖို့ ဘယ်တုန်းကမှ မရည်ရွယ်ဖူးဘူး လို့ ဆိုလိုက်တဲ့ ယာဂန် ကလော့ပ်

လီဗာပူး ဟာ ပွဲကျပ်တွေ ဆက်တိုက် ဆင်နွှဲနေရတဲ့ အကြားက မဟာပြိုင်ဘက်ကြီး ယူနိုက်တက် ကို ခြေစွမ်းအသာ ၊ ဂိုးအသာတွေ နဲ့ ကစားကာ ဒီရာသီမှာ အကောင်းဆုံး ပုံစံတွေ နဲ့ ပန်းဝင်ပြဖို့ အသင့်ဖြစ်နေပြီ ဆိုတာ နောက်တစ်ကြိမ် ပြသလိုက် ပြန်ပါတယ်။

ယူနိုက်တက် အတွက်တော့ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာတုန်းက 0-5 ရလာဒ် ၊ အန်ဖီးလ်မှာ 4-0 ရလာဒ်တွေ နဲ့ ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် မဟာပြိုင်ဘက် နှစ်သင်း အကြား တော်တော်လေးကို ရှက်ဖို့ ကောင်းခဲ့မှာပါ။ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ရွိုင်ကိန်း ဆိုရင် သူဟာ ဒေါသတွေ ထွက်ရဖန် များတော့ ၊ အသင်းကို ကြည့်ရင်း ဝမ်းနည်းလာမိတယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

သို့သော် ကလော့ပ် ကိုယ်တိုင်ကတော့ ပြိုင်ဘက်တွေ အရှက်ရစေဖို့ ရည်ရွယ်ချက် နဲ့ ဘယ်တုန်းကမှ မကစားခဲ့ဖူးဘူးလို့ ပွဲအပြီးမှာ သတင်းထောက်တွေ ရဲ့ မေးမြန်းမှု ကို အခုလို တုန့်ပြန်လိုက်ပါတယ်။

“ ကျနော် က ဒီရာထူးမှာ ဆက်ရှိနေတာ ပြိုင်ဘက်တွေ ကို အရှက်ခွဲဖို့ မဟုတ်သလို ၊ တခြား ဘာရည်ရွယ်ချက်မှလဲ မရှိပါဘူး။ ဒါက အကြောင်းပြချက် ကို မဟုတ်တာပါ။

ကိုယ်လုပ်စရာ ရှိတာကို လုပ်တယ် ၊ ပွဲကို အနိုင်ရအောင်ပဲ ကစားပါတယ်။ ယူနိုက်တက် ဟာလဲ ခက်ခဲတဲ့ အခိုက်အတန့် တစ်ခုထဲကို ရောက်နေတာ ထင်ရှားပါတယ်။ ဒီည သူတို့ အသုံးပြုလာတဲ့ ပွဲထွက် ကစားသမား စာရင်းကိုပဲ ကြည့်လိုက်လေ။ သူတို့ဟာ အဓိက ကွင်းလယ် ကစားသမားတွေ မပါပဲ ပွဲထွက်လာရသလို ၊ တော်မီနေး တစ်ယောက်ပဲ လူလုံးပြနိုင်ခဲ့တာ ထင်ပါတယ်။ သူလဲ ဝင်ကစားဖို့ အသင့်မဖြစ်ခဲ့ပါဘူး။

အဲဒီတော့ ခက်ခဲတဲ့ အကျပ်အတည်း တစ်ခုထဲကို ရောက်နေပြီ ဆိုတာ နဲ့ ဒါမျိုးတွေ ရင်ဆိုင်ရတတ်ပါတယ်။ ဒီကြားထဲ ပွဲစလို့မှ မကြာသေးဘူး ပေါ့ဘာ ကို ထပ်ပြီး လဲလိုက်ရပြန်တယ်လေ။

ဒီပွဲဟာ ခင်ဗျားတို့ ပြောတဲ့ အင်္ဂလန် ဒါဘီတွေ ၊ ဘာတွေ နဲ့ ဆွဲပြီး ပြောမနေကြပါနဲ့ဗျာ။ ကျနော်တို့ ဟာ ပြိုင်ဘက်တိုင်းကို အခက်ခဲတွေ ဖြစ်အောင် လုပ်ပြပြီး ကစားတဲ့ အသင်းပါ။ ဒါကြောင့် နှစ်ကျော့ပေါင်း 9-0 ဆို တဲ့ ရလာဒ်ကို လုံး၀ ကို စိတ်မဝင်စားတာပါ။ ပရိသတ်တွေ အတွက်တော့ ဒီရှုထောင့်တွေ က အဓိပ္ပါယ်ရှိကောင်း ရှိနိုင်ပါတယ်။

ဒီလို ဂိုးပြတ်ရလာဒ်ကြောင့် သူတို့ အောင်ပွဲခံကြမယ် ဆိုရင်လဲ ခံလိုက်ပါ ဒါပေမယ့် ကျနော်တို့ အတွက်တော့ အဲလို မဟုတ်ပါဘူး။ ကျနော်တို့ က သုံးမှပဲ လိုချင်ပါတယ်။ တကယ်လို့ 1-0 နဲ့ နှစ်ကျော့ စလုံး အနိုင်ရမယ် ဆိုရင်လဲ ဒီအတိုင်းပဲ ခံစားချက် ဖြစ်မှာပါ။

ထပ်ပြောရရင် ဒါမျိုးတွေ က အမြဲတမ်း နိုင်မှာ မဟုတ်ပါဘူး။ သူတို့လဲ ပြန်ပြီး အနိုင်ယူပြဦးမှာ ဖြစ်သလို ၊ ယူနိုက်တက် က ဘာလဲ ဆိုတာ ပြသဦးမှာပါ။ အဲဒီ ကလပ် က အင်အားကြီးမားလွန်းပါတယ်။ သို့သော် ထပ်ပြောရရင် ဒီညမှာတော့ ကျနော်တို့ကလဲ သိပ်ကို ကောင်းခဲ့ပါတယ်။ ဒါလဲ အမှန်တရား တစ်ခုပါပဲ” လို့ ကလော့ပ် က မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဒီပွဲ ရဲ့ အလှပဆုံး အခိုက်အတန့်တွေ ဟာ ပွဲချိန် 7 မီးနစ် မှာ ပေါ်ထွက်လာခဲ့တာပါ။

အင်္ဂလန် ဘောလုံး သမိုင်းမှာ လီဗာပူး နဲ့ ယူနိုက်တက် ဖန်တွေ လက်ခုပ် အတူတူ တီးကြတာ ဒီတစ်ကြိမ်က ပထမဆုံး ဖြစ်ပါတယ်။ သူတို့ဟာ မွေးကင်းစ ရင်သွေးငယ်လေး တစ်ဦး ဆုံးရှုံးလိုက်ရတဲ့ ရိုနာဒို အတွက် ကိုယ်ချင်းစာမှု အပြည့်ရှိတဲ့ အကြောင်း ဖော်ပြခဲ့သလို ၊ အန်ဖီးလ် ပရိသတ်တွေ ဆိုရင် You ll never walk alone သီချင်းကို တောင် သံပြိုင် အော်ဟစ် သီဆိုပေးသွားခဲ့ကြပါတယ်။

“ ကျနော့် အတွက် အကောင်းဆုံး အခိုက်အတန့်က ကျနော်တို့ ပရိသတ်တွေဟာ ပွဲချိန် 7 မီးနစ်မှာ ဝိုင်းပြီး လက်ခုပ်တီးပေးခဲ့ကြတာပါ။ တစ်ကွင်းလုံး က စည်းလုံးမှု အပြည့်နဲ့ ပြသသွားတာ တကယ်ကို အဆင့်အတန်းရှိလွန်းပါတယ်။ မနေ့က အဲဒီ သတင်းကို ကြားပြီး ကတည်းက လူတိုင်းက ဒီအကြောင်းပဲ ပြောနေကြတာလေ။ လောကကြီးမှာ ဘောလုံးထက် အရေးကြီးတာတွေ အများကြီး ရှိတယ် ဆိုတာ ဒါက ပြသသွားခဲ့တာပါ။

ကျနော်တို့လဲ ရိုနာဒို နဲ့ သူ့ရဲ့ မိသားစု အတွက် ထပ်တူ ခံစားရပါတယ်” လို့ ဂျာမန်သားကြီး က ပွဲအပြီးမှာ ဖွင့်ဟ သွားခဲ့ ပါတယ်။

SM