ပြိုင်ဘက်ကို နှိပ်ချတာမျိုးလဲ မလုပ်သလို ၊ မြှောက်ပင့်လဲ မပြောပါဘူး #ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က သူတို့ဟာ ဒီတစ်ပတ်မှာ တန်းဆင်းဇုံ တိုက်ပွဲဝင်နေရတဲ့ ဝက်ဖို့ဒ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်သည့်တိုင်အောင် ၊ ဘယ်လို ပြိုင်ဘက်မျိုးကိုမှ လျှော့တွက်ထားခြင်း မရှိဘူးလို့ ဆိုလိုက်ပါတယ်။

ဒီပွဲဟာ စနေနေ့ ည ရဲ့ အစောဆုံး ပွဲစဉ်မျိုး ဖြစ်တာကြောင့် အနိုင်ရလာဒ် ကိုသာ ဖော်ဆောင်နိုင်ခဲ့မယ် ဆိုရင် လီဗာပူး အနေနဲ့ ပွဲအပြီးမှာ အမှတ်ပေးဇယား ထိပ်ကို တက်လှမ်းနိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

“ ကောင်းတဲ့ အချက်တစ်ခုကို ပြောရရင် ကျနော်တို့ရော ၊ မန်စီးတီး ပါ ပြိုင်ဘက်တွေကို တန်ဆင်းဇုံအနားမှာ ကပ်နေတဲ့ အသင်းတွေလို့ လုံး၀ ရှုမြင်မထားတာပါ။ အဲဒီလို အမြင်မျိုး ရှိလိုက်ပြီ ဆိုတာ နဲ့ အခုချိန်မှာ မန်စီးတီးလဲ အမှတ် 70 ရထားမှာ မဟုတ်သလို ၊ လီဗာပူး လဲ 69 မှတ် ရမှာ မဟုတ်ပါဘူး ဘာလို့လဲ ဆိုတော့ ပွဲစဉ်တိုင်းဟာ ရူးချင်စရာ ကောင်းလောက်အောင် ပြိုင်ဆိုင်မှုက ပြင်းထန်ကြပါတယ်။

ကိုယ့်အသင်းမှာ ရစ်သမ် မမှန်ဘူး ၊ အရှိန်ဟုန်ကောင်းတွေ မရှိထားဘူး ဆိုရင် ကစားရတာ ခက်ပါတယ်။ ပြိုင်ဘက်တွေဟာ နေရာမျိုးစုံ ကနေ ထိုးနှက်နိုင်စွမ်းရှိတဲ့ အသင်းတွေပါ။ တည်ကန်ဘောတွေ ကနေ ခြိမ်းခြောက်မယ် ၊ တန်ပြန်တိုက်စစ်ကနေ ဖိအားပေးမယ် ပုံစံမျိုးစုံပါပဲ။

နောက်ထပ် ပိုကောင်းတဲ့ အချက်က ကျနော့် ကစားသမားတွေ ဟာ ပြိုင်ဘက် ရဲ့ အမှတ်ပေးဇယား ရပ်တည်မှု အပေါ်ကို လုံး၀ ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ ကျနော် ဆီက ထွက်လာမယ့် သုံးသပ်ချက်စကားတွေကိုပဲ နားထောင်ကြတာပါ။ ကျနော် ကိုယ်တိုင်ကလဲ အစည်းအဝေး လုပ်ပြီ ဆိုတာ နဲ့ ရိုးသားမှု အပြည့်ထားပြီး အရှိကို အရှိတိုင်း ပြောပါတယ်။ ပြိုင်ဘက် ကို နှိမ်ပြောတာမျိုး ၊ မြှောက်ပြောတာမျိုးတွေ လုံး၀ မလုပ်ပါဘူး။ အဓိက အချက်ကတော့ သူတို့ဟာ ဘယ်တွေ ကစားတယ် ၊ ဘယ်လို ဗျူဟာတွေ သုံးပြီး ခင်းကျင်းလေ့ရှိတယ် ဆိုတဲ့ အကြောင်းအရာတွေပါ။

ဒါပေမယ့် လောလောဆယ် ဝက်ဖို့ဒ် ဟာ ကျနော် တို့နဲ့ ရင်ဆိုင်ကစားရတာ တော်တော်လေးကြာပါပြီ။ သူတို့ဘက်က ဘယ်လိုမျိုးပဲ တွေးထားပါစေ ၊ သူတို့ကို အံ့အာသင့်သွားအောင် ကိုယ့်ရဲ့ ကစားအားနဲ့ ၊ စိတ်ဓါတ်တက်ကြွက်မှုတွေ နဲ့ အကောင်းဘက် ရှုမြင်ပြီး ရင်ဆိုင် တိုက်ပွဲဝင်မယ့် ပုံစံတွေ ပြသရပါမယ်။

ဒါကြောင့် ဒီတစ်ပတ် ပွဲစဉ်ဟာ လွယ်ကူတဲ့ ပွဲစဉ်မျိုးတော့ သေချာပေါက် မဟုတ်ပါဘူး။ ကျနော်တို့ အတွက်လဲ မလွယ်သလို ၊ မန်စီးတီး အတွက်လဲ လွယ်မှာ မဟုတ်ပါဘူး။ ဘန်လေ ကွင်း ဆိုရင် ပြိုင်ဘက်တိုင်းက နောက်ဆုံးမှ သွားချင်တဲ့ နေရာမျိုးပါ။ ထပ်ပြောရရင် ဘန်လေ ဟာ ပရီးမီးယားလိဂ် မှာ ဆက်ပြီး ရှင်သန်နိုင်ဖို့ အတွက် အခွင့်လမ်းကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ဒီလို အခွင့်အရေးမျိုး ဆိုတာ အလိုလိုတော့ ပေါ်လာမှာ မဟုတ်ပါဘူး ၊ အမှတ်တွေ ရအောင်ယူပြီးမှ ဖြစ်လာမှာပါ။ ဝက်ဖို့ဒ် အတွက်လဲ ထိုနည်းတူစွာပါပဲ။ ဒါကြောင့် ဒီပွဲဟာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ပြသနာတော့ မဟုတ်ပါဘူး ၊ ကျနော်တို့ ကလဲ အသင့်ဖြစ်အောင် ပြင်ဆင်လာခဲ့မှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ လက်ရှိ အနေအထား အရ ဧပြီလ အတွင်း စုစုပေါင်း 8 ပွဲ အထိ ကစားရမှာ ဖြစ်ပြီး ၊ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲကိုသာ တက်ရောက် နိုင်မယ် ဆိုရင် 9 ပွဲ အထိ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆုဖလား မျှော်လင့်ချက်တွေ အဆုံးအဖြတ် ပေးလာနိုင်တဲ့ ဒီလို ကာလမျိုးမှာ ဒဏ်ရာပြသနာတွေ နဲ့ ပတ်သက်လို့ ကလော့ပ် က အခုလို ဆက်ပြီး မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ တစ်လ အတွင်း 8 ပွဲ ကစားရတာ ကျနော်တို့ အတွက် ဒါက ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ပြီးရင် 9 ပွဲ လဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလို ဖြစ်အောင်လဲ ကြိုစားသွားမှာပါ။

ကျနော် ကတော့ ဒဏ်ရာပြသနာ အလုံးစုံကြီး ကင်းစင်နေတာမျိုး မဟုတ်ရင်တောင် ၊ အများစုကိုတော့ အသုံးပြုခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ နာဘီ ဆိုရင် မနေ့က လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပါဘူး။ ဒီနေ့ ဘယ်လို အခြေအနေ ရှိလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် ၊ ဟိုနေရာ ဒီနေရာလေးတွေမှာ ပြသနာလေးတွေ တွေ့ထားလို့ပါ။

ဘာပဲ ဖြစ်ဖြစ် အားလုံး ကြံ့ခိုင်မှု အပြည့် ပြန်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်” လို့ မှတ်ချက်ပေးသွားခဲ့ ပါတယ်။

SM