ပေပေ နေရာ အစားထိုးဖို့ အာဆင်နယ် အသင်း ခေါ်ယူသင့်တဲ့ တောင်ပံ တိုက်စစ် ကစားသမား နာမည်ပြောကြားလိုက်တဲ့ ပေါလ်မာဆန်

ဂန်းနား ဂန္တဝင် ကွင်းလယ်လူဟောင်း ပေါလ်မာဆန် က အာဆင်နယ် အသင်း မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး အသင်းက ထွက်ခွာဖွယ် ရှိနေတဲ့ ပေပေ နေရာမှာ ဇာဟာ နဲ့ အစားထိုးသင့်တယ်လို့ အကြံဉာဏ် ပေးလိုက်ပါတယ် ။

ဂန်းနားတို့ဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ခရစ္စတယ်ပဲလေစ့် အိမ်ကွင်းမှာ သွားရောက် ကစား ရဖို့ ရှိနေပါတယ် ။ အာဆင်နယ် အသင်းရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဇာဟာ ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ဖို့ မသေချာပါ​ဘူး ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဇာဟာ ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်း မရတာကြောင့် လိုင်လီက နီကိုလပ်စ် ပေပေ ကိုပဲ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့ပါတယ် ။

ပေါလ်မာဆန်က သူ ရေးနေကြ Daily Star မှာ အာဆင်နယ် အသင်း အနေနဲ့ ဇာဟာ ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။ ” အခုအချိန် က ဇာဟာ ကို ခေါ်ယူဖို့ အာတီတာ အတွက် အချိန်ကောင်း တစ်ခုပါပဲ ။ အခုဆို သူ့ရဲ့တန်ကြေး က အနည်းငယ် ဈေးပေါနေပါပြီ ။ ”

“နောက်ပြီး အာဆင်နယ် အသင်း အရင်တုန်းက ခေါ်ဖို့ ကြိုးပမ်းခဲ့တုန်းကထက် သူက အခု ပိုကောင်းတဲ့ ကစားသမား ဖြစ်နေပါပြီ ။ သူက အာဆင်နယ် အသင်းထံ ခြားနားတဲ့ အရာတွေ ယူဆောင်လာပေးမယ့်သူလို့ ထင်ပါတယ် ၊ သူက နီကိုလပ်စ် ပေပေ ထက်လည်း ပိုကောင်းပါတယ် ။ ”

” ဒီရာသီမှာသာ အာဆင်နယ် အသင်း အဆင့်လေး ဝင်ရင် နောက်ထပ် တောင်ပံ ကစားသမား တစ်ဦး ကျိန်းသေပေါက် လိုလာမှာပါ ။ ဥရောပ ပြိုင်ပွဲသာ ပြန်ကစားရရင် လာမယ့် ရာသီကျ ပွဲတွေ အများကြီး ကစားရမှာပါ ။ လူအင်အား ပိုတောင့်တင်းဖို့ လိုပါတယ် ။ ”

” ကျွန်တော် ဇာဟာ ကို သဘောကျပါတယ် ၊ သူက အာဆင်နယ် အသင်းမှာ အံဝင်မယ့်သူမျိုးပါ ။ ပေပေ သာ ဒီနွေရာသီ ထွက်ချင်တယ်ဆို သူ့ကို ဝယ်မယ့် အသင်း ရှာရပါမယ် ၊ ပြီးတော့ အာတီတာ က မာတင်နယ်လီ ကို တိုက်စစ်မှာ ထားကစားဖို့ ကြိုးစားလိမ့်မယ်လို့လည်း ထင်ပါတယ် ။ အဲ့ဒါကြောင့် အသင်းမှာ တောင်ပံ ကစားသမား တစ်ဦးအတွက် နေရာ ရှိပါတယ် ၊ သူ မိနစ်တွေ အများကြီးကစားခွင့် ရမယ်လို့လည်း ထင်ပါတယ် ။ ”

” ဇာဟာ က ခုဆို ဆုံးဖြတ်ချက်တွေ ပိုမို ကောင်းမွန်လာနေပါတယ် ၊ အာဆင်နယ် အသင်း ကစားပုံအရ သူက တခြားသူတွေ အတွက် နေရာလွတ်တွေ ရှာဖွေ ပေးနိုင်မှာပါ ၊ လူတွေကတော့ သူ ဂိုးလည်း သိပ်မသွင်း ဂိုးဖန်တီးမှုလည်း သိပ်မလုပ်နိုင်ဘူးဆိုပြီးပြောကြပါတယ် ။ ဒါပေမယ့် သူ လုပ်ပြတဲ့ အရာတွေအပေါ် ပရိသတ်တွေထက် နည်းပြ က ပိုအသိအမှတ်ပြု နားလည်ပါတယ် ။ ” လို့ ဆိုပါတယ် ။

SM