ပါတေး ရဲ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးပြောကြားလိုက်တဲ့ အာတေတာ

အာဆင်နယ် နည်းပြ မီခေးလ် အာတေတာ က ကွင်းလယ်လူ သောမက်စ် ပါတေး ဟာ ပေါင်ခြံ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရမှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြား လိုက်ပါတယ် ။

ဂါနာ ကွင်းလယ်လူ သောမက်စ် ပါတေး ဟာ ခရစ္စတယ်ပဲလေစ့် အသင်း ကို သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး ၊ မနှစ်က ရရှိခဲ့တဲ့ ဒဏ်ရာ နဲ့ အလားသဏ္ဍာန် တူတယ်လို့ သိရပါတယ် ။

ကနဦးမှာ ပါတေး ရဲ့ဒဏ်ရာဟာ မဆိုးရွားဘူးလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ခုချိန်မှာတော့ ဂါနာသား ဟာ အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူရတော့မှာ ဖြစ်ပါတယ် ။ ဘရိုက်တန် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာတေတာ ဟာ ပါတေး ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ခုလို ပြောကြား သွားခဲ့ပါတယ် ။

” သောမက်စ် ရဲ့ ဒဏ်ရာ အခြေအနေက နည်းနည်း မပြတ်မသား ဖြစ်နေတယ်ဆိုပေမယ့် သူ့ရဲ့ဒဏ်ရာက သိသာ ထင်ရှားပါတယ် ။ သူ့ရဲ့ဒဏ်ရာ အခြေအနေကို ကျွန်တော်တို့ စမ်းသပ် စစ်ဆေးရပါဦးမယ် ၊ ဒါပေမယ့် သူ ရက်သတ္တပတ် အနည်းငယ် ကစားနိုင်ဦးမှာ မဟုတ်ပါဘူး ။ ”

” သူ အရင်က ရခဲ့ဖူးတဲ့ ဒဏ်ရာကိုပဲ ထပ်မံ ထိခိုက်မိသွားခဲ့တာပါ ၊ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာပဲ သူ နာကျင် ခံစားခဲ့ရပြီး ဆက်မကစားနိုင်တော့ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပါတေး မကစားနိုင်ချိန်မှာ ဘယ်ဂျီယံ လူငယ် ကွင်းလယ်လူ လိုကွန်ဂါ ဟာ အာဆင်နယ် အသင်း ကွင်းလယ်ကို ဦးဆောင် ကစားရဖို့ ရှိနေပါတယ် ။ အာတေတာ ကတော့ လိုကွန်ဂါ ဟာ ရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်မယ့်သူ ဖြစ်ကြောင်း ချီးကျူး သွားခဲ့ပါတယ် ။

” ဒီရာသီ ပထမအစမှာ သူ ပွဲအတော်များများ ကစားခွင့် ရပါတယ် ၊ ဒါပေမယ့် အာဆင်နယ် က ဥရောပပွဲ ကစားခွင့် မရတော့ အသင်းမှာ သူတို့ကို ပွဲထွက် ကစားခွင့် ပေးဖို့ ပွဲကစားချိန် လုံလုံလောက်လောက်မရှိခဲ့ပါဘူး ၊ ပွဲကစားခွင့် များများစားစား မရှိတော့ သူ့အတွက် ခက်ခဲတာ အမှန်ပါပဲ ။ ”

” သူတို့ ဘာလုပ် နိုင်သလဲ ဆိုတာ ပြသဖို့ ခုချိန်က ကြီးမားတဲ့ အခွင့်အရေးပါပဲ ။ ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိတွင် အဆင့်လေးနေရာက စပါးနဲ့ ရမှတ်တူ ၊ ၁ ပွဲကျန် နဲ့ အဆင့် ၅ နေရာမှာ ရပ်တည် နေပါတယ် ။

SM