ပရီးမီးယားလိဂ် top 4 နဲ့ ပက်သက်ပြီး အမြင်တွေ ကွဲပြားခဲ့ကြတဲ့ ပေါလ်မာဆွန် နဲ့ ဟယ်ဆယ်ဘိန့်

 

ပေါလ်မာဆွန် နဲ့ ဂျင်မီဖလွိုက်ဟယ်ဆယ်ဘိန့် တို့ဟာ ရာသီကုန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ top 4 နေရာမှာ ရပ်တည်နိုင်မယ့် အသင်းတွေနဲ့ ပက်သက်ပြီး အမြင်တွေ ကွဲပြားခဲ့ကြပါတယ်။ မန်ချက်စတာစီးတီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ကတော့ top 3 အတွက် သေချာနေတယ်လို့ ယူဆခဲ့ကြပြီး ချန်ပီယံလိဂ် ၀င်ခွင့် တစ်နေရာစာ အတွက် တော့တင်ဟမ် အာဆင်နယ် နဲ့ မန်ချက်စတာယူနိုက်တက် တို့ကသာ အဓိက ယှဉ်ပြိုင်သွားရဖို့ ရှိနေပြီး ၀က်ဟမ်း နဲ့ ဝုဖ် တို့ကလည်း အခွင့်အရေး အနည်းငယ်တော့ ရှိနေကြပါသေးတယ်။

 

မနေ့ညက အာဆင်နယ်ဟာ ချဲလ်ဆီးကို အဝေးကွင်းမှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကတော့ အင်္ဂါနေ့က လီဗာပူးကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီ ၃ သင်းကြား ရမှတ် ကွာဟမှုက ၃ မှတ်သာ ရှိနေပါတယ်။ ဒါပေမယ့်လည်း သရဲနီ တို့ဟာ ပုံစံကောင်း လုံး၀ ပျောက်ဆုံးနေတဲ့ အပြင် အခြား အသင်းတွေထက်လည်း ပွဲပို ကစားထားခဲ့တာကြောင့် လူတော်တော်များများက top 4 နေရာ အတွက် ရမှတ် ၅၇ မှတ်စီ ပိုင်ဆိုင်ထားခဲ့ကြတဲ့ အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ရဲ့ race ဖြစ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

 

အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ပေါလ်မာဆွန်က “ကျွန်တော်ကတော့ လက်ကျန် ပွဲစဉ်တွေ အရ အာဆင်နယ်တို့ top 4 နေရာ အတွက် အသာရနေတယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီလိုပဲ ယူဆပါတယ်။ တော့တင်ဟမ် တို့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘရန့်ဖို့ဒ်ဟာ ဒီအချိန်မှာ ပုံစံကောင်းကို ရနေတာပါ။ လုံး၀ကို အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။

 

ဒါပေမယ့်လည်း အာဆင်နယ် ကလည်း ခက်ခဲတဲ့ ပွဲစဉ်ကို ကစားရမှာပါ။ မန်ယူနိုက်တက်ဟာ ဒီအချိန်မှာ အတော်လေး ဆိုးရွားနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အမ်းမရိတ်မှာတော့ သူတို့ အကောင်းဆုံး ကစားသွားချင်ကြမှာ သေချာနေပါတယ်။

ဒီပွဲစဉ်မှာ မန်ယူနိုက်တက်ဟာ ဖိအား မရှိပါဘူး။ ဒါဟာ မန်ချက်စတာယူနိုက်တက် လို ကြီးကြယ်တဲ့ အသင်း တစ်သင်း အနေနဲ့ ဘာဖိအားမှ မရှိဘဲ ကစားရမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ဒီပွဲမှာ သူတို့ကို ဘာမှ မျှော်လင့်ထားကြမှာ မဟုတ်လို့ပါ။

 

ဘယ်သူမှ ထင်မထားခဲ့ပေမယ့် သူတို့ အမ်းမရိတ်ကို သွားကာ အာဆင်နယ်ကို အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်။ ကျွန်တော် ကတော့ ဒါဟာ အာဆင်နယ် အတွက် အန္တရာယ် ရှိတဲ့ ပွဲလို့ ထင်ပါတယ်။ ဒီအချိန်မှာ timing ကလည်း အရေးပါပါတယ်။ အာဆင်နယ် အတွက် ၀က်ဟမ်း နဲ့ ကစားရမယ့် ပွဲစဉ်ဟာ ခက်ခဲတဲ့ ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကြားမှာ ဖြစ်နေပါတယ်။ ဒါ့ကြောင့် ၀က်ဟမ်းဟာ ဒီပွဲစဉ်တွေ အတွက် အဓိက ကစားသမားတွေကို အနားပေးသွားဖို့ ရှိနေပါတယ်။” လို့ ဆိုသွားပါတယ်။

 

စပါးဟာ လက်ရှိမှာတော့ အာဆင်နယ်ကို ဂိုးကွာခြားချက် အသာနဲ့ အသာရနေပေမယ့် ဒီနှစ်သင်းကြား တွေ့ဆုံမယ့် ပွဲစဉ်ဟာ top 4 နေရာအတွက် အဆုံးအဖြတ် ဖြစ်သွားဖို့ ရှိနေပါတယ်။

 

ဟယ်ဆယ်ဘိန့်က “top 4 နေရာအတွက် တကယ့်ကို အကြိတ်အနယ် ဖြစ်မှာပါ။ ချဲလ်ဆီးနဲ့ ပွဲစဉ် မတိုင်မီ စပါးက ဒီနေရာအတွက် ပိုမို အခွင့်အရေး များတယ်လို့ ကျွန်တော်ထင်ထားခဲ့တာပါ။ ဘာလို့လဲဆိုတော့ စပါးရဲ့ တိုက်စစ်အားနဲ့ အာဆင်နယ် တို့ ဂိုးသွင်းဖို့အတွက် ခက်ခဲနေတာတွေကြောင့်ပါ။

ဒါပေမယ့် ကျွန်တော် အခုလည်း စပါးဘက်ကပဲ နေနေအုံးမှာပါ။ အမှန်ပါပဲ။ မြောက်လန်ဒန် ဒါဘီဟာ တကယ့်ကို အရေးကြီးလှတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ ဒါပေမယ့် စပါးမှာ ကိန်း နဲ့ ကွန်တီ တို့ ရှိနေတပါတယ်။ သူတို့ဟာ နိုင်ပွဲတွေ ဘယ်လို ရယူရမလဲဆိုတာ သိနေကြသူတွေပါ။” လို့ ပြောလိုက်ပါတယ်။

 

အာဆင်နယ် ကတော့ လာမည့် ပွဲစဉ်မှာ မန်ယူနိုက်တက်ကို အမ်းမရိတ်မှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး စပါးကတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားကစားရမှာပါ။

 

SM