ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ကြောက်စရာ အကောင်းဆုံး၊ဒိုင်လူကြီးတွေ အခက်တွေ့အောင် အလုပ်နိုင်ဆုံး နည်းပြ နာမည်ကို ပြောကြားလိုက်တဲ့ မိုက်ဒင်း

အင်္ဂလန် ဒိုင်လူကြီး မိုက်ဒင်း က အာဆင်နယ် အသင်း ရဲ့ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ကြောက်စရာ အကောင်းဆုံး၊ဒိုင်လူကြီးတွေ အခက်တွေ့အောင် အလုပ်နိုင်ဆုံး နည်းပြ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မိုက်ဒင်းဟာ ဒီရာသီအကုန်မှာ ဒိုင်လူကြီးဘဝ ကနေ အနားယူတော့မယ့်သူ ဖြစ်ပါတယ် ။ မိုက်ဒင်း ဟာ သူ့ရဲ့ ဒိုင်လူကြီး ဘဝ တစ်လျှောက် ထိပ်တန်း ကစားသမား ၊ နည်းပြ အများအပြား နဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ် ။

မိုက်ဒင်းရဲ့ ဒိုင်လူကြီး ဘဝ သက်တမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ နည်းပြတွေထဲမှာ ဘယ်သူက ကိုင်တွယ်ရ အခက်ခဲဆုံးလဲ ဆိုတဲ့ မေးခွန်းကို ပရိသတ် အများစုက ဒိုင်တွေ အပေါ် လွှမ်းမိုးမှု ရှိတဲ့ မန်ယူနိုက်တက် ဂန္တဝင် နည်းပြ ဖာဂူဆန် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြမှာပါ ။

ဒါပေမယ့် မိုက်ဒင်း ရဲ့ အဖြေကတော့ အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ဖြစ်နေပါတယ် ။ မိုက်ဒင်း က BBC Sport နဲ့ အင်တာဗျူးမှာ ” ဒီမေးခွန်းရဲ့ အဖြေကတော့ အာဆင်ဝင်းဂါး ပါပဲ ၊ သူ အာဆင်နယ် အသင်းမှာ ရှိစဉ်တုန်းကပေ့ါဗျာ ။ ”

” ကျွန်တော့် အတွက် အမြဲတမ်း ခက်ခဲပါတယ် ၊ ယေဘုယျအားဖြင့် အာဆင်နယ် အသင်း ပွဲကို ကိုင်တွယ် ရတာ သိပ်မခက်ခဲပါဘူး ၊ ဒါပေမယ့် သူ မန်နေဂျာ အဖြစ် ရှိနေစဉ်တုန်းက အာဆင်နယ် အသင်းပွဲကို ဒိုင်လုပ်ရတာ တကယ် ခက်ခဲပါတယ် ။ ”

” သူ အာဆင်နယ်မှာ ရှိနေရင်ကို ခက်ခဲပါတယ် ၊ သူက အချိန်တိုင်း အာဆင်နယ် အတွက် အကောင်းဆုံးတွေချည်းပဲ ဖြစ်ချင်သူပါ ။ သူက အာဆင်နယ် အသင်း အသာရစေမယ့် နည်းလမ်းတစ်ခုခုတွေ့တာနဲ့ အဲ့တာကို ရအောင် လုပ်မယ့်သူမျိုးပါ ။ ”

” သူ နည်းပြ အလုပ်ကနေ အနားယူသွားပြီး နောက်ပိုင်းမှာ ကျွန်တော် သူနဲ့ ဆုံဖြစ်ခဲ့ပါတယ် ၊ သူက တကယ့် ထိပ်တန်း နည်းပြ တစ်ဦး ဖြစ်ခဲ့သူပါ ၊ မျဉ်းဖြူကို ဖြတ်တာနဲ့ လူတိုင်းက ဒိုင်လူကြီးတွေလိုပဲ ကွဲပြားကြပါတယ် ၊ ကျွန်တော်တို့ တစ်တွေ အားလုံးက သာမန်လူတွေပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မိုက်ဒင်း နဲ့ အာဆင်ဝင်းဂါး ကြားမှာ နာမည်ကျော် ဖြစ်ရပ် တစ်ခု ရှိခဲ့ဖူးပါတယ် ။ အဲ့တာကတော့ ၂၀၀၉ ခုနှစ် မန်ယူနိုက်တက် နဲ့ အာဆင်နယ် ပွဲမှာ ဗန်ပါစီ ရဲ့ သွင်းဂိုးကို လူကျွံဘော အဖြစ် သတ်မှတ် ခဲ့တာကြောင့် အာဆင်ဝင်းဂါး ဟာ သူ့ရှေ့မှာ ရှိနေတဲ့ ရေသန့်ဘူးကို ဒေါသတကြီး ကန်ခဲ့ပါတယ် ။

အဲ့ဒီ ဖြစ်ရပ်ကြောင့် မိုက်ဒင်း ဟာ အာဆင်း ကို နည်းပြ ခုံတန်းကနေ ထုတ်ပယ်ပြီး ပွဲကြည့်စင်မှာ သွားနေဖို့ ညွှန်ကြား ခဲ့ပါတယ် ။

ပွဲကြည့်စင်ပေါ်မှာ သွားရပ်ပြီး ပရိသတ်တွေကြားထဲကနေ စောဒက တက်နေတဲ့ အာဆင်ဝင်းဂါး ရဲ့ ပုံရိပ်ဟာ သမိုင်းဝင် ဓါတ်ပုံ တစ်ခု ဖြစ်သွားခဲ့ပါတယ် ။

SM