ပရီးမီးယားလိဂ် ရဲ့ သက်တော်ရှည် နည်းပြ ဂုဏ်ပုဒ်ဘွဲ့ကို လွှဲပြောင်း ရရှိလိုက်တဲ့ ယာဂန် ကလော့ပ်

ဘန်လေ အသင်း ဟာ သူတို့ရဲ့ နည်းပြကြီး ရှောင်ဒိုက်ချ် ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ဒီညနေပိုင်းမှာပဲ ရုတ်တရက်ကြီး ကြေငြာချလိုက်ပါတယ်။

အဲဒီ ကြေငြာချက်ကြောင့် အင်္ဂလန် မီဒီယာတွေ အားလုံး အံ့အားသင့်သွားခဲ့သလို ၊ ရှောင်ဒိုက်ချ် အပါအဝင် နည်းပြ အဖွဲ့ဝင် အားလုံး နဲ့ လမ်းခွဲလိုက်တာပါ။

ရှောင်ဒိုက်ချ် ဟာ ဘန်လေ နည်းပြ ရာထူးမှာ လုပ်ကိုင်လာတာ 9 နှစ်ခွဲ ကျော် ရှိပြီ ဖြစ်ပြီး ၊ လက်ရှိ ပရီးမီးယားလိဂ် နည်းပြတွေထဲမှာ သက်တော်ရှည်ဆုံး နည်းပြ အဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ စံချိန် ကို လီဗာပူး နည်းပြ ကလော့ပ် က လွှဲပြောင်း ရယူသွားခဲ့ပါပြီ။

ကလော့ပ် ဟာ လီဗာပူး ကို ကိုင်တွယ်တဲ့ နေ့ရက်ပေါင်း 6 နှစ် နဲ့ 189 ရက် ရှိနေပြီ ဖြစ်ကာ ၊ ပရီးမီးယားလိဂ် မှာ သက်တမ်းအကြာဆုံး နည်းပြ ဖြစ်လာခဲ့ ပါတယ်။ သူ့ရဲ့ နောက်မှာတော့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က ရပ်တည်လျှက် ရှိနေပါတယ်။

တကယ်တော့ ရှောင်ဒိုက်ချ် ဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ ကမှ 2025 ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုထားခဲ့သူ ဖြစ်ပါတယ်။ သို့သော် ဒီရာသီ လက်ကျန် 8 ပွဲ ကစားဖို့ပဲ ကျန်တော့တဲ့ အချိန်မျိုးမှာ အသင်းက တန်းဆင်းဖို့ အန္တရာယ် များလွန်းနေတာကြောင့် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

လီဗာပူး ကစားသမားဟောင်း ကာရေဂါ ကတော့ ဘန်လေ ဟာ အပြောင်းအရွှေ့ ဘတ်ဂျက်ကျ ဘာမှ သုံးစွဲခြင်း မရှိပဲ နဲ့ နည်းပြကောင်း တစ်ယောက် ကို ထုတ်ပယ်ပစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ၊ ပရိသတ် အများစုကလဲ ဘန်လေ ရဲ့ လုပ်ရပ်အပေါ် အံ့အားသင့်နေကြပါတယ်။

တကယ်တော့ ဘန်လေဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကတည်းက အဓိက တိုက်စစ်မှုး ခရစ္စ ဝုဒ် ကို တန်းဆင်းဇုံး ပြိုင်ဘက် နယူးကာဆယ်ဆီ လက်လွှတ်လိုက်ရတာ ဖြစ်လို့ ၊ အရေးပေါ် အစားထိုးမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ သို့သော်လဲ ကာရေဂါ ပြောသလို အပြောင်းအရွှေ့ အသုံးစာရိတ် ချွေတာတဲ့ နေရာမှာတော့ နှစ်တိုင်း နီးပါး အောက်ဆုံးနားမှာပဲ ရှိခဲ့တာပါ။

2015 ခုနှစ် က သူ့ကိုယ်သူ Normal ONE လို့ မိတ်ဆက်ရင်း ပရီးမီးယားလိဂ် ကို စတင် အခြေချခဲ့တဲ့ ယာဂန် ကလော့ပ် ဟာ လက်ရှိ အချိန်မှာတော့ လီဗာပူး သမိုင်းကြောင်း တစ်လျှောက် ပိုင်ဆိုင်ခဲ့ဖူးသမျှ နည်းပြတွေထဲမှာ အကောင်းဆုံး စာရင်းဝင် တစ်ယောက် ဖြစ်နေပါပြီ။

လီဗာပူး ကို ကိုင်တွယ်ခဲ့တဲ့ ကာလ အတွင်း ဥရောပ ရပ်ဝန်းမှာရော ၊ ပြည်တွင်း ပြိုင်ပွဲတွေမှာပါ ဆုဖလားတွေ စိန်ခေါ် ရယူပြခဲ့သလို ၊ ဒီနှစ် ဆိုရင် ဖလား 4 လုံး မှန်းနိုင်တဲ့ အနီးစပ်ဆုံး အခြေအနေမျိုးအထိ ပိုင်ဆိုင်လျှက် ရှိနေပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲ
အက်ဖ်အေ ဖလားပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲ
ပရီးမီးယားလိဂ် မှာ တစ်မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးဆဲ ဖြစ်တဲ့အပြင်
ကာရာဘောင် ဖလားကိုလဲ သိမ်းပိုက် ထားပြီးပြီ ဖြစ်လို့ ၊ ဒီရာသီဟာ ကလော့ပ် ရဲ့ လီဗာပူး နည်းပြဘ၀ အကောင်းဆုံး ဘောလုံးရာသီမျိုးလို့တောင် သတ်မှတ်လို့ ရနေပါပြီ။

ပိုပြီး ထူးခြားတာ က ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ ကာလတွေ မှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ မာနေး ၊ ဆာလာ ၊ ကီတာ တို့ကို အာဖရိက ဖလား စေလွှတ်လိုက်ရတဲ့ အကြားက အခုလို စွမ်းဆောင်ပြထားတာ ဖြစ်လို့ သိပ်ကို ထူးခြားလွန်းတယ်လို့ ပြောစမှတ်ပြု ရမှာပါ။

SM