ပထမပိုင်းသွင်းဂိုးတွေနဲ့ မန်စီးတီးကို အနိုင်ယူကာ အက်ဖ်အေဖလားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးရဲ့ နိုင်ပွဲမှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ ၀င်ဘာလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်ချက်စတာစီးတီးကို အနိုင်ယူကာ ကြီးကြယ်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်မယ့် လမ်းကြောင်းပေါ်ကို ဆက်လက် ရွေ့လျားနေပါတယ်။

လီဗာပူး အတွက် အဖွင့်ဂိုးကိုတော့ ကိုနာတေးက ရောဘတ်ဆန်ရဲ့ corner ကနေ သွင်းယူခဲ့တာ ဖြစ်ပြီး ပွဲချိန် ၁၇ မိနစ်မှာ မာနေးဟာ မန်စီးတီး ဂိုးသမား စတီဖန်ရဲ့ ဆိုးရွားတဲ့ အမှားကနေ ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာလည်း မာနေး ကပဲ တီယာဂိုရဲ့ ဖန်တီးမှုကနေ volley ကန်သွင်းကာ ၃-၀ နဲ့ ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဂရီလစ်ချက် စီးတီးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး အလီဆွန်ဟာ မိနစ် ၇၀ လောက်မှာ ဂျီဆုရဲ့ ကန်ချက်ကို လက်စွမ်းပြ ကာကွယ်သွားခဲ့တာကြောင့် မန်စီးတီးတို့ စောစော ပြန်မလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ မိုဆာလားဟာ ဇင်ချင်ကိုရဲ့ အမှားကနေ ပွဲကို အဆုံးသတ် နိုင်တဲ့ အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ဖြုန်းတီးပစ်ခဲ့ပြီး မိနစ် ၉၀ မှာတော့ ဘာနာဒိုက နောက်ထပ် ချေပဂိုး ထပ်သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးတီးတို့ တတိယ ချေပဂိုးတော့ မရနိုင်ဘဲ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။ လီဗာပူးဟာ အခုဆိုရင် ၀င်ဘာလေဖိုင်နယ်မှာ ချဲလ်ဆီး ဒါမှမဟုတ် ခရစ်စတယ်ပဲလေ့စ် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်က ထူးထူးခြားခြား ပြောစရာတွေကတော့

၁~ဂိုးသွင်းခြေစွမ်းပြနေတဲ့ ကိုနာတေး
လွန်ခဲ့တဲ့ ၁၁ ရက်မတိုင်မီက အထိ လီဗာပူး အတွက် ပထမဦးဆုံး ဂိုးကို မသွင်းနိုင်ခဲ့ပေမယ့်လည်း ထူးခြားစွာနဲ့ပဲ ကိုနာတေးဟာ အခုဆိုရင် ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နွေရာသီ လိုက်ပ်ဇစ်ကနေ ပြောင်းလာခဲ့တဲ့ ပြင်သစ်နောက်ခံလူဟာ လီဗာပူးအသင်းရဲ့ system ကို နားလည်အောင် လေ့လာသင်ယူနေရဆဲ ဖြစ်ပြီး ၎င်းရဲ့ အမြင့်ဘောစွမ်းရည်နဲ့ ပြေးအားတွေကတော့ လီဗာပူး အတွက် တကယ့်ကို ကောင်းမွန်တဲ့ လက်နက် ဖြစ်နေပါတယ်

အကီကို ကျော်ကာ ရောဘတ်ဆန်ရဲ့ cross ကို တိကျစွာ ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပြီး ကိုနာတေးဟာ ဒီပွဲစဉ်မှာ စီးတီးရဲ့ ဘယ်ခြမ်း တိုက်စစ်ကို ကောင်းစွာ ထိန်းချုပ် ကစားနို်င်ခဲ့ပြီး ကောင်းမွန်တဲ့ pass တွေနဲ့ build-up play ကို ကစားသွားခဲ့ပါတယ်။ လီဗာပူး အနေနဲ့ သူတို့ရဲ့ အနာဂတ် ကစားသမားကို ထပ်မံ ရှာတွေ့ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

၂~အိမ်မက်ဆိုးကို ကြုံခဲ့ရတဲ့ စတီဖန်
စီးတီး အရန်ဂိုးသမား စတီဖန် အနေနဲ့ ဒီပွဲစဉ်က အခိုက်အတန့် တစ်ခုကို အမြန်ဆုံး မေ့ပျောက်ပစ်ချင်မှာ ဖြစ်ပေမယ့်လည်း ကံမကောင်းစွာနဲ့ ဒီလို ဖြစ်လာနိုင်မှာတော့ မဟုတ်ပါဘူး။ စတီဖန်ကို ဒီပွဲမှာ ပွဲထွက် ကစားသမား စာရင်းမှာ အသုံးပြုခဲ့တဲ့ ဂွာဒီယိုလာရဲ့ ဆုံးဖြတ်ချက်ဟာ သိပ်ပြီးတော့ ဝေဖန်စရာ မရှိပါဘူး။ အသင်း ဟာမိုနီ ဖြစ်အောင် နဲ့ ပြိုင်ပွဲတစ်လျှောက် အရန် ဂိုးသမားရဲ့ အားထုတ်မှုကို အသိအမှတ် ပြုတဲ့ အနေနဲ့ မန်နေဂျာတွေဟာ ဒီလို ဆုံးဖြတ်ချက်ကို ချလေ့ ရှိပါတယ်။ ကလော့ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကယ်လီဟာကို လိဂ်ဖလားဖိုင်နယ်မှာ ပွဲထွက်ခွင့် ပေးခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရမှာပါ။

ဒါပေမယ့်လည်း build-up play အီဒါဆင်ရဲ့ ကစားဟန်ကို တအားကို မှီခိုနေတဲ့ စီးတီး အနေနဲ့ ဘယ်သူ့ကိုပဲ သုံးသုံး ဒီလိုမျိုးတော့ လုပ်နို်င်ဖို့ မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ အပတ်က အီဒါဆင် အနေနဲ့ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့ရပေမယ့်လည်း ဒီပွဲစဉ်မှာတော့ သူ့ရဲ့ အရန်ဂိုးသမားဟာ ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ၎င်းရဲ့ ပေါ့ဆတဲ့ ဘောလုံး ကိုင်ကစားမှုကနေ မာနေးက ပိတ်သွင်းယူခဲ့တာ ဖြစ်ပြီး စတီဖန် အနေနဲ့ ခက်ခဲတဲ့ ညတစ်ညကို ကြုံရမှာ သေချာပါတယ်။

၃~အထောင်တိုက်စစ်မှာ ပိုမို မြင်တွေ့ရတော့မယ့် မာနေး
မာနေးရဲ့ ပထမသွင်းဂိုး ကတော့ ၎င်းရဲ့ ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုကနေ ရခဲ့တာ ဖြစ်ပြီး အကောင်းဆုံး volley ကန်ချက်နဲ့ အဆုံးသတ်ခဲ့တဲ့ ဒုတိယဂိုးကတော့ ဆီနီဂေါ တိုက်စစ်မှုးရဲ့ မြင့်မားတဲ့ အရည်အသွေး ပါပဲ။ ဒီရာသီမှာ အထောင်တိုက်စစ်မှာ လီဗာပူး အတွက် ပွဲအတော်တော်များများ ကစားခဲ့တဲ့ မာနေးဟာ သူ့ကစားသမား ဘ၀ရဲ့ နောက်ထပ် chapter ကို ထပ်ဖွင့်နိုင်တဲ့ ပုံစံပါပဲ။ ကလပ်အနေနဲ့ မာနေးကို စာချုပ်သစ် သေချာပေါက် ကမ်းလှမ်းသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အာဖရိကဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့မှုဟာ မိုဆာလားကို ဆိုးရွားတဲ့ သက်ရောက်မှု ရှိစေခဲ့ပေမယ့်လည်း မာနေး ကတော့ ဒါနဲ့ ပြောင်းပြန်ပါပဲ။ ဒါဟာ အာဖရိက ချန်ပီယံအဖြစ် ပြန်လာခဲ့ပြီးနောက် မာနေးရဲ့ ၈ ဂိုးမြောက် သွင်းဂိုး ဖြစ်ပြီး ဂိုးတော်တော်များများက အထောင်တိုက်စစ်ကနေ သွင်းယူခဲ့တာပါ။ သေချာတာကတော့ လီဗာပူးရဲ့ ဖလားလေးလုံး မျှော်လင့်ချက်မှာ အဓိကျကသူဟာ မိုဆာလားထက်စာရင် မာနေးက ပိုဖြစ်နိုင်ပါတယ်။

၄~စိတ်ရောကိုယ်ပါ ပင်ပန်းနေဟန်ရှိတဲ့ မန်စီးတီး
အက်သလက်တီကိုနဲ့ ကွာတားဖိုင်နယ် ၂ ကျော့ လီဗာပူးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဆက်တိုက် ကစားထားခဲ့ရတဲ့ မန်စီးတီး အတွက် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှု ရှိနေမှာ အသေအချာပါပဲ။ မဟုတ်ဘူးဆိုရင် ဂွာဒီယိုလာ အနေနဲ့ ဒီိလို အသင်းကို ထုတ်သုံးသွားမှာ မဟုတ်ပါဘူး။ အပြောင်းအလဲ များစွာ ပြုလုပ်ခဲ့တာကြောင့် ရစ်သမ်မရ ဖြစ်နေခဲ့တာ ရှင်းလင်းလှပြီး လီဗာပူးဟာ ဒါကို အခွင့်ကောင်းယူကာ ပထမပိုင်းမှာ လွှမ်းမိုး ကစားခဲ့ပါတယ်။

စီးတီးနည်းပြ အတွက် စိတ်ပူစရာကတော့ ဒီပွဲစဉ်ရဲ့ ရလဒ်ဟာ title race မှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ရှိလာနိုင်တာ ဖြစ်ပြီး အထူးသဖြင့် လီဗာပူးဟာ ဒီအချိန်မှာ အကောင်းဆုံး အရှိန်အဟုန်ကို ရနေတာပဲ ဖြစ်ပါတယ်။ ကြားရက်မှာ ပုံစံကောင်းရနေတဲ့ ဘရိုက်တန်ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲဟာ မန်စီးတီး အတွက် အန္တရာယ် ရှိပါတယ်။

၅~ဖလားလေးလုံး အိမ်မက်နဲ့ လီဗာပူး
အနည်းဆုံးကတော့ ဖလားလေးလုံးအိမ်မက် ဆိုတဲ့ စကားဟာ မေလထိ ဆက်ရှိနေတော့မှာပါ။ ကာရာဘောင်ဖလား ချန်ပီယံ ဖြစ်ပြီး ဖြစ်တဲ့ လီဗာပူးဟာ ဒီပွဲစဉ်မှာ လူအပြောင်းအလဲတွေ များစွာ လုပ်ခဲ့ရတဲ့ မန်စီးတီးရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူကာ အက်ဖ်အေဖလား ဖိုင်နယ်ကို တက်ရောက်နိုင်အောင် လုပ်ခဲ့တာ ဖြစ်ပြီး ဒါဟာ နောက်ထပ် ဖလား တစ်လုံးအတွက် အခွင့်အရေး ၅၀% ရှိနေပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဗီလာရီးရဲယ်နဲ့ တွေ့ဆုံနေတဲ့ အတွက်လည်း လီဗာပူးဟာ ဖိုင်နယ်တက်ရောက်ဖို့ အခွင့်အရေး များနေပြီး ဒီပွဲကို နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် title race မှာ စိတ်ပိုင်းဆိုင်ရာ အားသာချက်ကို ရရှိသွားနိုင်ပါတယ်။

အခုဆိုရင် လီဗာပူး အတွက် တကယ့်ကို အရေးကြီးတဲ့ ကာလ စတင်ပြီ ဖြစ်ကာ မန်ယူနိုက်တက် အဲဗာတန် တို့ပြီးရင် ဗီလာရီးရဲယ် နဲ့ ဆီမီးဖိုင်နယ် ၊ အဲဒီပွဲကြားမှာ နယူးကာဆယ် တို့ကို ရင်ဆိုင်ရမှာပါ။ အရေးကြီးပွဲတွေ ဆက်တိုက်လာမှာ ဖြစ်ပြီး လီဗာပူး အတွက်လည်း တခြား ရှောင်လွှဲစရာ မရှိပါဘူး။ အခြား ပြိုင်ပွဲ ၃ ခုစလုံးကို ဗိုလ်စွဲဖို့ ဆိုတာ သိပ်ပြီး မဖြစ်နိုင်သေးပေမယ့် ခံစားမိနေတာကတော့ အနည်းဆုံး နောက်ထပ် ဖလား တစ်လုံးတော့ ထပ်ပြီး ရနိုင်အုံးမယ် ဆိုတာ ပါပဲ။

SM