ပက် ဂွာဒီယိုလာ က ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ ဆိုတာ ခင်ဗျားတို့ အားလုံး သဘောတူမယ် ထင်ပါတယ် #ကလော့ပ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာ ဒီရာသီ ရဲ့ အကောင်းဆုံး ပွဲလို့ တင်စားလို့ ရသလို ၊ ချန်ပီယံဆု အဆုံးအဖြတ် ပေးမယ့် ပွဲမျိုးလို့ ပြောလို့ ရတဲ့ လီဗာပူး နဲ့ မန်စီးတီး တို့ဟာ အီတီဟတ် ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။

လီဗာပူး မှာတော့ ဒဏ်ရာပြသနာ ကင်းစင်လျှက် ရှိပြီး ၊ ဘင်ဖီကာ နဲ့ ပွဲတုန်းက အနားပေးခဲ့တဲ့ မာတစ် ၊ ဟန်ဒါဆင် ၊ ဂျော်တာ ၊ ဖာမီနို တို့ဟာ ဒီပွဲမှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။

နည်းပြကြီး ကလော့ပ်ကတော့ ပြိုင်ဘက် နည်းပြ ပက် ဂွာဒီယိုလာ က ကမ္ဘာ့အကောင်းဆုံး နည်းပြလို့ အခိုင်အမာ ဆိုလိုက်ပြီး ၊ ပရိသတ်တွေ အားလုံး က သဘောတူမယ် ထင်တယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဆက်လက်ပြီး မန်စီးတီး နဲ့ ရင်ဆိုင် ကစားရမယ့် အခြေအနေ နဲ့ ပတ်သက်လို့တော့ – “ ဒီပွဲဟာ ချန်ပီယံဆု အတွက် အဆုံးအဖြတ်ပေးမယ့် ပွဲမျိုးလား ဆိုတာတော့ ကျနော်လဲ မပြောတတ်ပါဘူး။ ဒါပေမယ့် ကျနော်တိုဟာ ဖြစ်နိုင်တဲ့ ရလာဒ်မျိုးကို ဆုပ်ကိုင်နိုင်ဖို့ ဖြတ်ကျော်သွားမှာ ဖြစ်ပါတယ်။

ကျနော်တို့ အနိုင်ရလိုက်ရင် 2 မှတ် အသာ ဖြစ်သွားမှာပါ။ ဒီပွဲ ဟာ ချန်ပီယံဆု အတွက် အဆုံးအဖြတ် တစ်ခါတည်း ပေးသွားမယ်လို့ ခင်ဗျားတို့ ထင်နေကြရင်တော့ ကျနော်လဲ ဘာမှမတတ်နိုင်ပါဘူး။

ကျနော်တို့ ရှုံးသွားရင် 4 မှတ် အထိ ကွာဟသွားမှာပါ။ ဒီ အခြေအနေမျိုး တွေးထားတဲ့ လူရှိရင်လဲ ကျနော်က သူ့တို့ အမြင်ကို သွားပြောင်းလဲ ပေးလို့ မရပါဘူး။ ကျနော် နားလည်ထားတာ မန်စီးတီး ဘက်ကနေတော့ အဲဒီလိုမျိုး စဉ်းစားထားမှာ မဟုတ်ပါဘူး။

တကယ်လို့ သရေကျမယ် ဆိုရင် တစ်မှတ်လျှော့ပဲ ဆက်ရှိသွားပါ့မယ်။ အရေးကြီးတဲ့ ပွဲစဉ်မျိုးဖြစ်လို့ ကျနော်ကတော့ တကယ်ကို ရင်ဆိုင်ကြည့်နေပါပြီ။ ဘောလုံး လောကထဲမှာ ရင်ဆိုင်ဖူးသမျှ စိန်ခေါ်မှု အကြီးမားဆုံး ပွဲစဉ်တွေထဲက တစ်ပွဲလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေတွေ နဲ့ ကစားရတာ ကောင်းပါတယ်။ စဉ်းစားကြည့်လိုက်လေ ကျနော်တို့ ဟာ 14 မှတ်လောက် အကွာမှာ ရှိနေရင် ဒီပွဲ ရဲ့ အရသာ က တစ်ခုခုတော့ လိုနေမှာ သေချာပါတယ်။ အခုတော့ မျှော်လင့်စရာတွေ အများကြီး ပါနေတဲ့ အတွက် ၊ ဒီပွဲမျိုး နွှဲရမှာ ပျော်ပါတယ်။ ပရိသတ်တွေ အများကြီး စောင့်ကြည့်ကြမယ် ဆိုတာ က စိတ်ကူးနဲ့ ပုံဖော်ကြည့်လို့ ရနေပါတယ်။ ကျနော်တို့ ကလဲ ကြိုးစားကြည့်သွားမယ် ဆိုတာတော့ ပြောထားနိုင်ပါတယ်။”

“လွန်ခဲ့တဲ့ 4 နှစ် အတွင်း ကျနော်တို့ က နည်းနည်းလေး ထောင်တက်လာတော့ မန်စီးတီး နဲ့ အကြားက ကွာဟချက်ဟာ အတော်လေး ကျဉ်းမြောင်းသွားပါတယ်။ ကျနော်တို့ နှစ်သင်းဟာ တစ်သင်း နဲ့ တစ်သင်း ရှုးချင်စရာ ကောင်းတဲ့ ပြိုင်ဆိုင်မှုတွေ နဲ့ တွန်းတင်နေကြတာပါ။ ဘောလုံး လောကမှာ ဒါမျိုးတွေ ဖြစ်လာမယ်လို့ တစ်ခါမှတောင် စိတ်ကူး မယဉ်ကြည့်ခဲ့ဖူးပါဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ် လို နေရာမျိုးမှာပေါ့။

ဒီကာလတွေ အတွင်း တည်ငြိမ်တဲ့ ရလာဒ်တွေ ဆက်တိုက် ထိန်းထားနိုင်ခဲ့တာ က မယုံကြည်နိုင်စရာပါ။ မနှစ် ကတော့ ကျနော်တို့မှာ ဒဏ်ရာပြသနာတွေ ဆက်တိုက် နှိပ်စက်သွားလို့ အမှတ်ကွာဟချက်က သိပ်ကို ကြီးမားခဲ့ပါတယ်။ အဲဒီ အချိန်ကာလ တစ်ခုက လွဲရင် ကျနော်တို့ နှစ်သင်း အကြားက ရပ်တည်မှု က တော်တော်လေးကို နီးစပ်တာပါ။

ကျနော် အမြဲတမ်း ပြောနေကြ စကားတစ်ခွန်း ရှိပါတယ်။ အမှီလိုက်ဖို့ နီးစပ် လာလေလေ ၊ ကျော်တက်ဖို့ အတွက် ဖြစ်နိုင်ချေက ပိုများလာလေလေပါပဲ။ ဒါပေမယ့် ဒီလိုလုပ်ပြဖို့ ခက်ခဲမယ် ဆိုတာ သိပါတယ်။ လွန်ခဲ့တဲ့ 4 နှစ် အတွင်း ကျနော်တု့ိ ပြောင်းလဲ ပစ်နိုင်တာက ၊ သူတို့လဲ ကျနော်တို့ နဲ့ ကစားတော့မယ် ဆိုရင် ခက်ခဲမှုတွေ ရှိလာတော့မယ် ဆိုတာ သဘောပေါက်သွားတာပါ။ ဒါက ကောင်းတဲ့ အချက်ပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM