“ ပက် ဂွာဒီယိုလာ ကို ကမ္ဘာ့အကောင်းဆုံး နည်းပြလို့ မှတ်ချက်ပေးလိုက်ပြီး ၊ မန်စီးတီး ကစားပုံကို သဘောကျလွန်းလို့ အမြဲတမ်း ကြည့်ဖြစ်တယ်” လို့ ဆိုလိုက်တဲ့ ကလော့ပ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဒီရာသီ ချန်ပီယံ ဆု အတွက် အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ ပွဲစဉ် ဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ အီတီဟတ် ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။

ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ချန်ပီယံဆု အတွက် နှာတစ်ဖျား သာသွားပြီလို့ ပြောလို့ ရသလို ၊ သရေ ကျသွားခဲ့ရင်တော့ လက်ကျန် ရာသီပွဲစဉ်တွေ ကို ဆက်ပြီး ရင်ခုန် ရဦးမှာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ကတော့ ဒီပွဲ မကစားမီ မန်စီးတီး နဲ့ ပက်ဂွာဒီယိုလာ တို့ကို ချီးကျူးစကားတွေ အများကြီး ဆိုသွားခဲ့ပါတယ်။

“ ကျနော်သာ တစ်ခြားလူ တစ်ယောက် ဆိုရင် ပက် ဂွာဒီယိုလာ ရဲ့ အသင်းတွေ နဲ့ ဆက်တိုက် ရင်ဆိုင် ကစားနေရတာ နဲ့ ပတ်သက်ပြီး စိတ်ဓါတ်ကျကောင်း ကျနေနိုင်ပါတယ်။ တကယ်လို့ ဘိုင်ယန် မြူးနစ် မှာ ဂွာဒီယိုလာ မရှိခဲ့ဘူး ဆိုရင် ကျနော်က ဒေါ့မွန် နဲ့ အတူ ဆုဖလားတွေ ပိုပြီး ဆွတ်ခူးကောင်း ဆွတ်ခူးနိုင်မှာ ဖြစ်သလို ၊ အခု မန်စီးတီး မှာ သူ မရှိခဲ့ရင်လဲ ကျနော့် လီဗာပူး က ပရီးမီးယားလိဂ် ဖလား ကို တစ်လုံးထက် ပိုပြီး ရထားပြီးလောက်ပါပြီ။ ဒါပေမယ့် ကျနော် က အဲဒီလို လူစားမျိုး မဟုတ်ပါဘူး။ ကိုယ် ဖြတ်သန်းနေရတဲ့ အနေအထားတွေ အပေါ် လုံး၀ ကျေနပ်ပြီးသားပါ။

သူတို့ စွမ်းဆောင်ရည်တွေ က လေးစားလောက်ပါတယ်။ ပြောရရင် သာမန် ထိပ်တန်း အသင်းကြီးမျိုး မဟုတ်ဘူးလို့တောင် ပြောလို့ ရပါတယ်။ ကျနော့် အတွက်တော့ ပက် ဂွာဒီယိုလာ ဆိုတာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာပါ။ မန်စီးတီး ရဲ့ ငွေအင်အား နဲ့ ပေါင်းစပ်လိုက်တော့ ပိုပြီးတောင် ခက်ခဲသွားပါတယ်။

သတင်းကောင်း တစ်ခုက သူတို့လဲ လူသားတွေပါပဲ။ ကျနော်တို့မှာလဲ စိတ်ခံစားချက်တွေ ရှိသလို ၊ သူတို့လဲ ဒီအတိုင်းပဲ ဖြစ်မှာပါ။

ဒီလို အသင်းမျိုး နဲ့ ရင်ဆိုင် ကစားရမယ် ဆိုရင် ကျနော်တို့ ရဲ့ စိတ်ဓါတ်တွေကို သန်မာနေဖို့တော့ လိုပါလိမ့်မယ်။

သူ စွမ်းဆောင်ပြထားတာတွေ နဲ့ ပတ်သက်လု့ိ ဒီထက်ပိုပြီး လေးစားမှု ဘယ်လို ပြရမလဲတောင် မသိပါဘူး။ သူတို့ ကစားပုံကို တကယ် နှစ်သက်တာပါ။ ပြိုင်ဘက် အသင်း တစ်သင်း အပေါ် ကိုယ် သဘောကျတဲ့ အချက်တွေ အများကြီး မပြောချင်ပေမယ့် ၊ မန်စီးတီး ပွဲတွေ အမြဲကြည့်ဖြစ်တာတော့ သေချာပါတယ်။ သူတို့ ကစားပုံကို သုံးသပ်ရတာ အလုပ်ကြိုးစားမှုတွေ နဲ့ ပျော်ရွှင် ကျေနပ်မှုတွေ ကို ပေါင်းစပ်ထားသလိုပါပဲ။ ပြောရရင် နောက်ထပ် Level တစ်ခု ကို တက်လှမ်းနေတဲ့ ပုံစံမျိုးပေါ့။

တစ်ချို့ အခိုက်အတန့်တွေ ဆိုရင် ကွင်းအနေအထားကို အကြီးကြီး ဟပေးထားသလို ၊ တကယ့် အခိုက်အတန့် ရောက်ရင် ကွင်းအနေအထား ကို ချုံ့ပစ်လိုက်တာမျိုးလဲ ရှိပါတယ်။ သူတို့ဟာ ပြိုင်ဘက်ကို အခက်တွေ့အောင် တကယ် လုပ်ပြနိုင်တာပါ။ တစ်ဦးချင်း စွမ်းဆောင်ရည်တွေ ကလဲ ကောင်းမွန်တော့ ဒီလို အောင်မြင်မှုတွေ ဆက်တိုက် ယူထားတာပေါ့ဗျာ။ ဒါက အမှန်တရား ဖြစ်နေလို့ ကျနော်က ဖုံးကွယ်ပြီး ပြောမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကျနော်တို့လဲ အဆိုးအဝါးကြီး မဟုတ်ပါဘူး။ အခု အမှတ်ကွာဟမှု အနေအထား ကို ကြည့်လိုက်ရင်ပဲ ပြင်ဆင်မှုတွေ အတွက် အများကြီး အထောက်အပံ့ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ကလော့ပ် က “ ကျနော်တို့ ကလဲ ဘောလုံး အသင်းကောင်း တစ်သင်းပါပဲ ။ သူတို့ နဲ့တော့ မတူဘူးပေါ့။ ကျနော့် အထင်ပြောရရင် လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း လက်ရှိ ဘောလုံးသမားတွေ ထဲမှာ တီယာဂို က လွဲပြီး ဘယ်သူကမှ ဆုဖလားတွေ အားလုံး သိမ်းပိုက်မယ် ဆိုတဲ့ အိပ်မက်မျိုး မက်ဖူးကြမှာ မဟုတ်ပါဘူး။ ယေဘုယျ အားဖြင့် ပြောကြည့်ရရင် မို ဆာလာ မှာတော့ ဒါမျိုး အိပ်မက်တွေ ရှိကောင်း ရှိနိုင်သလို ၊ ဆာဒီယို မှာလဲ ရှိနိုင်ပါတယ်။

ဒါပေမယ့် ကျန်တဲ့ ကစားသမား အများစုက ဒီရောက်မှ အောင်မြင်မှုတွေ ရဖူးတာပါ။ ဆိုတော့ ကျနော်တို့ ဟာ ဒီ အခြေအနေမျိုး ရောက်လာအောင် အတူတူ ကြိုးစားခဲ့တာပေါ့ဗျာ။ ကျနော် ငယ်ငယ် ကဆိုရင်လဲ ဒါမျိုးတွေ တစ်ခါမှ မမှန်းခဲ့ဖူးဘူးလေ။ ဒါကြောင့်မို့ အခုလို မျှော်လင့်ချက် ရှိလာတာ ကျေနပ်ဖို့ ကောင်းပါတယ်။ ဒီအဓိပ္ပါယ်က ကျနော်တို့ သေချာပေါက် လုပ်မယ် လု့ိ ပြောတာ မဟုတ်ပါဘူး။

လွန်းခဲ့တဲ့ နည်း အနည်းအငယ်အတွင်း ဘာမဆို ဖြစ်အောင် လုပ်ပြဖို့ အတူတူ ကြိုးစားရင် ဖြစ်နိုင်တယ် ဆိုတာ ကျနော်တို့က သက်သေထူပြီးသားပါ။ ကျနော်တို့ ဟာ အခု အဲဒီနား ကို အရမ်းကပ်နေပါပြီ။ ဒီအဆင့် ကို ကျော်ပြလိုက်တာ နဲ့ ရလာဒ် အကြီးကြီးက စောင့်နေတယ် ဆိုတာ မြင်ရပါတယ်။

ဒီလို နည်းလမ်းတွေ နဲ့ ကျနော်တို့က တိုးတက်မှုတွေ ရှိလာအောင် ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အာမခံချက် အပြည့်တော့ မရှိဘူး။ အခွင့်အရေး တစ်ခုတော့ ရှိနေပါတယ်။ ကိုယ့်မှာ အဲဒီ အခွင့်အရေး တစ်ခု ရှိနေရင် ကြိုးစားရမှာ က ကိုယ့်တာဝန်ပါ။ လက်ရှိ လီဗာပူး ရဲ့ အနေအထား က အဲဒီကို ရောက်နေပါပြီ။

ဒါက ဖိအားတွေ မဟုတ်ပဲ အခွင့်အရေးလို့ မြင်ထားရင် ၊ မှန်မှန်ကန်ကန် နဲ့ ကြိုးစားရင်း ဖြတ်ကျော် ရမှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM