နောက်ထပ် လန်ဒန်ဒါဘီ ရှုံးပွဲအပြီး ချဲလ်ဆီး ပရိသတ် အချို့ကို ရန်ပြန်တွေ့ခဲ့တဲ့ အက်ဇ်ပီလီကွီတာ

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ၄င်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲကျန် ၃ပွဲ အနက် တပွဲမှာ နောက်ဆုံး ၃ပွဲဆက် ရှုံးထားတဲ့ လန်ဒန်မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်းကို မထင်မှတ်ပဲ ၂ – ၄ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။

 

ဒီမတိုင်ခင်ကလည်း ချဲလ်ဆီး ဟာ အနောက်လန်ဒန်ဒါဘီပွဲမှာ တန်းတက် ဘရန်းဖို့ဒ်ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာပဲ ၁ – ၄ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ် ။ ဒါဟာ ၁၉၉၃ ခုနှစ် နောက်ပိုင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၂ပွဲဆက် ၄ဂိုး ပေးပြီး ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ် ။

ဘရန်းဖို့ဒ်နဲ့တုန်းက ချဲလ်ဆီး ဟာ ဦးဆောင်ဂိုး ရပြီးမှ ၊ ဂိုးပြတ် ပြန်ရှုံးခဲ့တာ ဖြစ်ပေမယ့် ၊ မနေ့ညက ပွဲမှာတော့ ကိုယ်တိုင် အမှားကျူးလွန်ရင်းကနေ ၄ဂိုးအထိ ပေးကာ အရေးနိမ့်သွားခဲ့ရပါတယ် ။ အထူးသဖြင့် အဖွင့်ဂိုး ၊ ဒုတိယ ပေးဂိုးနဲ့ အပိတ် ပင်နယ်တီဂိုးတွေဟာ ထိပ်တန်း ခံစစ်သာ ဖြစ်ရင် ပေးခဲ့ရမှာ မဟုတ်ပါဘူး ။

 

နောက်ဆုံး အပိတ်ဂိုး ဖြစ်တဲ့ ပင်နယ်တီဘော မတိုင်မီ ချဲလ်ဆီး အသင်းခေါင်းဆောင် စပိန် ဝါရင့်နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ဟာ အာဆင်နယ် လူငယ် တောင်ပံကစားသမား ဘူကာယို ဆာကာကို မလိုအပ်ပဲ ပင်နယ်တီ ဧရိယာအတွင်း တွန်းခဲ့ပါတယ် ။

ပွဲအပြီးမှာ အိမ်ရှင် ပရိသတ် အချို့က အက်ဇ်ပီလီကွီတာကို ရှုံးပွဲနဲ့ ပတ်သက်ပြီး ၄င်းတို့ရဲ့ ထင်မြင်ချက် ၊ မကျေနပ်ချက်တွေကို ပွဲကြည့်စင်ကနေ လှမ်းအော်ပြောခဲ့ပေမယ့် ၊ ၄င်းဖက်က စိတ်မထိန်းနိုင်ခဲ့ပဲ ၊ ကိုယ့်အသင်းပရိသတ်တွေထံ ပြန်ပြီး ရန်တွေ့ခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း နည်းပြ သောမတ်စ် တူချယ်ကတော့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထိုအခြင်းအရာကို ၄င်းဖက်မှ သေသေချာချာ မြင်တွေ့ခဲ့သလို ၊ ပရိသတ်တွေဖက်က ဒီရှုံးပွဲ အတွက် မကျေနပ်ကြတာကိုလည်း နားလည်ပေးနိုင်ကြောင်း ထောက်ခံ ပြောဆိုသွားခဲ့ပါတယ် ။

ဒါ့အပြင် တူချယ် က မနေ့ည က ပွဲမှ အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးလည်း ” ပထမပိုင်းမှာ ဒီပွဲဟာ ရူးလောက်စရာကောင်းခဲ့ပြီး ၊ တဖက်နဲ့ တဖက် အပြန်အလှန် တိုက်စစ်ဆင်ရင်း ၊ open game သဖွယ် ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ပြိုင်ဖက်ကို ၂ကြိမ်တိုင်တိုင် ဦးဆောင်ခွင့် ပေးခဲ့ပြီး ၂ကြိမ်တိုင်တိုင် ချေပဂိုးတွေနဲ့ ပြန်လာခဲ့ပါတယ် ။ ”

 

” အစကောင်းခဲ့ပေမယ့် ၊ အဖွင့်ဂိုးကို ဒီအတိုင်း နေရင်း အလှူပေးခဲ့မိပါတယ် ။ ပွဲဆက်နိုင်ချင်ရင် ဒါမျိုးတွေ အဖြစ်ခံလို့ကို မရတာပါ ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ကျူးလွန်ခဲ့မိပါတယ် ။ အဲဒီနောက် ချေပဂိုးတွေနဲ့ ပထမပိုင်းကို သရေကစားနိုင်ခဲ့ပါတယ် ။ ”

” ဒုတိယပိုင်းမှာတော့ ကံတရားက ကျွန်တော်တို့ဖက် ရှိမနေခဲ့ပါဘူး ။ ဒီလို ပြိုင်ပွဲမျိုးမှာ ဒီလို ဆိုးရွားတဲ့ အမှားမျိုးတွေ ဘယ်တော့မှ အဖြစ်ခံလို့ကို မရတာပါ ။ အမြင့် ပျံသန်းနေတဲ့ အသင်းတွေမှာ ဒါမျိုး ခင်ဗျား မြင်တွေ့ရမှာ မဟုတ်ပါဘူး ။ ဒီလို ဆက်ကျူးလွန်နေသ၍ ခင်ဗျားအဖို့ နိုင်ပွဲတွေ ရှာနိုင်မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

ဒီရလဒ်ကြောင့် ချဲလ်ဆီး ဟာ တခြား ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ အသင်းတွေထက် ၁ပွဲ ၊ ၂ပွဲ ကစားဖို့ ကျန်သေးပေမယ့် ၊ အဆင့် ၄ နေရာက တော့တင်ဟမ်ကို ၅မှတ်သာ ဖြတ်ထားနိုင်သေးတာမို့ လက်ကျန် ပွဲတွေမှာ အမှား များများစားစား လုပ်လို့ မဖြစ်တဲ့ အနေအထားကို ပြန်ရောက်လာပါတယ် ။

 

SPORTS MYANMAR