နောက်ထပ် ဗိုလ်လုပွဲကြီး တစ်ပွဲဆီ တက်ရောက်သွားပြန်တဲ့ လီဗာပူး

လီဗာပူး နဲ့ မန်စီးတီး တို့အကြား ဖလား 4 လုံး မျှော်လင့်ချက် အားပြိုင်မှု နဲ့ ဖလား 3 လုံး မျှော်လင့်ချက် အားပြိုင်မှု ဟာ အက်ဖ်အေ ဖလားမှာတော့ ထိပ်တိုက် ရင်ဆိုင် ကစားရင်း အဖြေပေါ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲရလာဒ် ဟာ ချန်ပီယံလိဂ် ရလာဒ်တွေ နဲ့ တော်တော်လေးကို ဆက်စပ်မှု ရှိနေခဲ့တယ်လို့ ပြောလို့ ရပါတယ်။

အဝေးကွင်းမှာ အေတီကို ကို အကြိတ်အနယ် ဆော်ခဲ့ရတဲ့ မန်စီးတီး ဟာ ပွဲပန်းဒဏ် ၊ ခရီးပန်း ဒဏ်တွေကြောင့် အကောင်းဆုံး ကစားသမား စာရင်းကို အသုံးပြုနိုင်ခြင်း မရှိခဲ့သလို ၊ ဒဏ်ရာ ပြသနာတွေ ရှိနေတဲ့ ဝေါ်ကာ ၊ ဒီဘရိုင်း တို့လဲ ဝင်ရောက် ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဘင်ဖီကာ ကို ပထမ အကျော့ ကတည်းက အသာစီး ရယူထားတဲ့ လီဗာပူး ကတော့ အန်ဖီးလ်မှာ ကစားတဲ့ ပွဲမှာ အဓိက ကစားသမား အများစုကို အနားပေးခဲ့တာကြောင့် ၊ ဒီပွဲမှာ အင်အားပြည့် နဲ့ ပွဲထွက်လာခဲ့ ပါတယ်။ ပေါ်တူဂီမှာ ဘင်ဖီကာ အသင်းကို 3-1 နဲ့ အနိုင်ရရှိစဉ် က ပွဲထွက် ကစားသမား စာရင်းအတိုင်း အပြောင်းအလဲ မလုပ်ပဲ ၊ ထုတ်သုံးခဲ့ပါတယ်။

ကွင်းလယ် အတွဲကိုတော့ အသင်းခေါင်းဆောင် ဟန်ဒါဆင် ကို အနားပေးကာ နောက်ပိုင်းမှာ ယုံကြည်မှုအား ပိုကောင်းလာတဲ့ ကီတာ ၊ အကောင်းဆုံး အတွဲဖြစ်တဲ့ ဖာဘင်ဟို + တီယာဂို တို့နဲ့ ပွဲခင်းလာခဲ့သလို ၊ တိုက်စစ်မှာ ဒီယက်ဇက် ၊ မာနေး ၊ ဆာလာ တို့က ဦးဆောင်ခဲ့ကြပါတယ်။

လီဗာပူး ဟာ အီတီဟတ် တုန်းက ကစားခဲ့တဲ့ ခြေစွမ်းနဲ့ လုံး၀ ကို မတူတော့ပဲ ပွဲ အစမှာ ကတည်းက ဘောလုံးကို တဖြေးဖြေး အသာစီးကိုင်ပြီး ကစားပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကမှာ ထိပ်တိုက်တွေ့ဆုံထားတဲ့ အသင်းတွေ ဖြစ်နေလို့ ၊ တစ်သင်းအကြောင်း တစ်သင်း ကောင်းကောင်း သိထားကြပြီး ၊ အမှားကိုယ်စီကို ပြင်ဆင်ကာ ပွဲကို စတင်ခဲ့ပါတယ်။

ကွင်းလယ် စိုးမိုးမှု ရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ လီဗာပူး က ဒီတစ်ကြိမ်မှာတော့ ကွင်းလယ် က ဘောလုံးမပျက်အောင် သေချာ အာရုံစိုက် ကစားခဲ့သလို ၊ ချေပဂိုး နှစ်ဂိုး စလုံးကို တောင်ပံ တိုက်စစ် ထိုးဖောက်မှုတွေ ကနေ ပြန်ပေးခဲ့ရတဲ့ မန်စီးတီး ကလဲ ဒီပွဲမှာ လီဗာပူး ရဲ့ တောင်ပံတွေကို စနစ်တကျ ပိတ်ဆို့ဖို့ ပြင်ဆင်လာခဲ့ ပါတယ်။

သို့သော် သွင်းဂိုးတွေ က အဲဒီ အခြေအနေတွေကနေ ရခဲ့တာ မဟုတ်ပဲ လီဗာပူး အားသာတဲ့ တည်ကန်ဘောတွေ ကနေ ရယူသွားခဲ့တာပါ။

ပွဲစလို့ 9 မီးနစ် အရောက်မှာလဲ ရော်ဘတ်ဆန် ရဲ့ ထောင်ကန်ဘောကနေ တဆင့် ကိုနာတေး က အနီးကပ် ခေါင်းတိုက်ပြီး အဖွင့်ဂိုး ရယူခဲ့ပါတယ်။ ထူးခြားတာက ပြင်သစ် လူငယ် ချာတိတ်လေးဟာ နောက်ဆုံး ပါဝင် ကစားခွင့် ရခဲ့တဲ့ 3 ပွဲ ဆက်တိုက် အဖွင့်ဂိုးတွေ ကို ထောင့်ကန်ဘောတွေ ကနေပဲ သွင်းယူပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မန်စီးတီး ဂိုးသမား ရဲ့ ပေါ့လျှော့မှု ကနေ တဆင့် မာနေး ကို အတင်းဝင်ပြီး Block ခံလိုက်ရာ လီဗာပူး ဟာ ပွဲချိန် 17 မီးနစ် မှာတင် 2-0 ရလာဒ် နဲ့ ဦးဆောင်နိုင်ခဲ့ ပါတယ်။ မန်စီးတီး ကတော့ ပထမပိုင်းမှာ လီဗာပူး ကို ဘယ်နေရာမှ မယှဉ်နိုင်ခဲ့သလို ၊ ဂိုးသွင်းခွင့်လဲ အများကြီး မဖန်တီးနိုင်ခဲ့ ပါဘူး။

မာနေး ဟာ ဒီရာသီ မန်စီးတီး နဲ့ ကစားခဲ့တဲ့ 3 ပွဲမှာ 3 ပွဲစလုံး သွင်းဂိုးတွေ ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော လီဗာပူး ကစားသမား ဖြစ်ပြီး ၊ လီဗာပူး အတွက် တတိယမြောက် သွင်းဂိုးကိုလဲ သူကပဲ ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး ဟာ ဒုတိယပိုင်း အစ နဲ့ ပွဲပြီးခါနီးတွေ မှာ ချေပဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့ပေမယ့် ၊ အချိန်ပို ကန်ခွင့်ရဖို့ အထိ လုံလောက်မှု မရှိခဲ့ပါဘူး။ ပက် ဂွာဒီယိုလာ ကလဲ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အကြိတ်အနယ် နွှဲရဦးမှာ ဖြစ်တဲ့ အတွက် ၊ သူ့ရဲ့ ကစားသမား တစ်ချို့ ကို အရဲစွန့်ပြီး ထုတ်သုံးသွားတာမျိုးတွေ မရှိခဲ့ပါဘူး။

ပွဲအပြီးမှာတော့ လီဗာပူး ဟာ ဒီရာသီ ဝင်ဘာလေ ကွင်းထဲမှာ ဒုတိယမြောက် ဗိုလ်လုပွဲ ဆင်နွှဲဖို့ အခွင့်အရေး ကို ဆုပ်ကိုင်သွားနိုင်ခဲ့ပါတယ်။ သူတို့ ရဲ့ ဖလား 4 လုံး မျှော်လင့်ချက်တွေဟာ ဆက်လက် ရှင်သန်ဆဲ ဖြစ်ပေမယ့် ၊ မန်စီးတီး ကတော့ ဖလား 2 လုံး မျှော်လင့်ချက်ပဲ ကျန်တော့ပါတယ်။

မန်စီးတီး ဟာ ပက်ဂွာဒီယိုလာ လက်ထက်မှာ အက်ဖ်အေ ဖလား အကြိုဗိုလ်လုပွဲ 5 ကြိမ် အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ၊ တစ်ကြိမ်သာ ဗိုလ်လုပွဲဆီ ရောက်အောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီ ဘောလုံးရာသီက ဘရိုတ်တန် နဲ့ အကြိုဗိုလ်လုပွဲ ကစားခဲ့ရတာ ဖြစ်ပြီး ၊ အခြားနှစ်တွေမှာတော့ အာဆင်နယ် ကို 2 ကြိမ် ၊ လီဗာပူး နဲ့ ချဲဆီး ကို 1 ကြိမ် စီ ရှုံးနိမ့်ခဲ့ရပါတယ်။

SM