နိုင်ပွဲကို လူတွေနဲ့ ရင်းခဲ့ရတဲ့ စီးတီး ၊ အနာဂါတ်ကို ရွေးတော့မယ့် ဟာလန်း တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ အပြီးမှာတော့ အင်္ဂလိပ် ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး နဲ့ လီဗာပူး တို့ဟာ ဆီမီးဖိုင်နယ် ကို တက်ရောက် လာခဲ့ကြပါတယ် ။

လီဗာပူး ဟာ ပထမ အကျော့တုန်းက အနိုင် ယူထားခဲ့တဲ့ ဘင်ဖီကာ ကို အိမ်ကွင်းမှာ ၃ ဂိုးစီ သရေ ကစားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၆-၄ နဲ့ နောက်တဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

စပိန်မြေ ပေါ်မှာ ကစားခဲ့တဲ့ မန်စီးတီး နဲ့ အက်သလက်တီကို မက်ဒရစ် တို့ရဲ့ ပွဲကတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ပြီး ပထမ အကျော့တုန်းက အနိုင်ကစား နိုင်ခဲ့တဲ့ မန်စီးတီး က နှစ်ကျော့ပေါင်း ရလဒ် အသာနဲ့ ဆီမီးဖိုင်နယ် ကို တက်လှမ်း သွားခဲ့ ပါတယ် ။

ဆီမီးဖိုင်နယ် မှာတော့ မန်စီးတီး က ရီးရဲ မက်ဒရစ် နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လီဗာပူး ကတော့ ဗီလာရီးရဲ အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။

မန်စီးတီး ဟာ မနေ့ညက နိုင်ပွဲမှာ ကစားသမားတွေကို ရင်းခဲ့ရပြီး အားထားရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းနား နဲ့ နောက်ခံလူ ကိုင်လ် ဝေါ်ကာ တို့ ဒဏ်ရာ အသီးသီး ရရှိ ခဲ့ကြသလို ဒီရာသီမှာ ခြေစွမ်းပြ နေတဲ့ နောက်ခံလူ ကန်ဆယ်လို ဟာလည်း အဝါကတ် ထိသွားခဲ့ တာကြောင့် ရီးရဲ နဲ့ ကစားမယ့် ဆီမီးဖိုင်နယ် ပထမအကျော့ ကို လွဲချော် တော့မှာပဲ ဖြစ်ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ သူတို့ရဲ့ ပုံစံ အတိုင်း ခပ်ကြမ်းကြမ်း ၊ ခပ်ညစ်ညစ် ကစားခဲ့ပြီး စီးတီး ကစားသမားတွေနဲ့ အချင်းများမှုတွေ ဖြစ်ခဲ့ရ ပါတယ် ။ ပွဲ အပြီး ဥမင် အတွင်း ဝင်ရောက်ချိန် မှာလည်း ၂ ဘက် ကစားသမားတွေ အချင်းများ ခဲ့ကြသေးတယ်လို့ ကြားသိရ ပါတယ် ။

တရက်သာခြားပြီး ကစားရတဲ့ ပွဲ ၂ ပွဲ အတွက် မက်ဒရစ်မြို့ကို ရောက်ရှိ နေကြတဲ့ မန်စီးတီး နဲ့ ချဲလ်ဆီး ပရိသတ်တွေဟာ စပိန်မြို့တော်ရဲ့ လမ်းမ ထက်မှာလည်း ခိုက်ရန် ဖြစ်ပွားခဲ့ကြ သေးတယ်လို့ သိရှိရ ပါတယ် ။

ဥရောပ ထိပ်သီး အသင်းတွေရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ အာလင်း ဟာလန်း ဟာ လာမယ့် ၂ ပတ် အတွင်းမှာ သူ့ရဲ့ အနာဂါတ် ကို ဆုံးဖြတ် ရွေးချယ် သွားတော့မယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

လတ်တလော မှာတော့ မန်စီးတီး က နော်ေ၀ တိုက်စစ်မှူးလေး ကို ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး PSG ၊ ရီးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ တို့ကလည်း ဟာလန်း ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ် ။

လိုင်ယွန် အသင်းဟာ ဒီကနေ့ည ကစားမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် နဲ့ပတ်သက်ပြီး ဧည့်သည် ဝက်စ်ဟမ်း ပရိသတ်တွေရဲ့ လက်မှတ် ၁၀၀၀ ကျော်ကို ဖျက်သိမ်း လိုက်တယ်လို့ ကြားသိရ ပါတယ် ။

ယူဗင်တပ် အသင်းဟာ အူဒီနီးစ် အသင်းမှာ ကစားနေတဲ့ ၂၄ နှစ် အရွယ် နောက်ခံလူ နာဟူ မိုလီနာ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး အက်သလက်တီကို မက်ဒရစ် နဲ့ အပြိုင် ကမ်းလှမ်း သွားဖွယ် ရှိနေတယ်လို့ သိရ ပါတယ် ။

အင်တာမီလန် ရဲ့ ဘိုလော့နာ အသင်းပွဲ နဲ့ ပတ်သက်တဲ့ အယူခံမှုဟာ ပယ်ချခံ ခဲ့ရပါတယ် ။ ဇန်နဝါရီ ပထမ အပတ်တုန်းက ကစားဖို့ စီစဉ် ထားတဲ့ အဆိုပါပွဲဟာ ဘိုလော့နာ ရဲ့ ကိုဗစ် ကိစ္စရပ်တွေနဲ့ အချိန်မီ ရောက်မလာနိုင်မှုကြောင့် ပျက်ပြယ်ခဲ့ရပြီး အင်တာ ဘက်က ၃-၀ နဲ့ အနိုင်ရလဒ် ကို တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အယူခံဝင်မှု ရှုံးနိမ့် ခဲ့တာကြောင့် အဆိုပါ ပွဲကို ပြန်လည် ကစားရတော့မှာပါ ။

တော့တင်ဟမ် ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီ ဟာ ကိုဗစ်ပိုး တွေ့ရှိ ခဲ့တယ်လို့ ကြားသိရ ပါတယ် ။ ဒါပေမယ့် လာမယ့် ပိတ်ရက်မှာ ကစားမယ့် ဘရိုက်တန် နဲ့ ပွဲအမီ ပြန်လည် ကောင်းမွန်လာ နိုင်တယ်လို့ မျှော်လင့်ထားကြောင်း သိရှိရ ပါတယ် ။

 

SPORTS MYANMAR