နားရဦးမယ့် ယူနိုက်တက် စတား ၊ နိုင်ငံပြောင်းမယ့် ဂန်းနားလေး ၊ ဒါဘီကို ဝယ်ဖို့ကြာဦးမယ့် သူဌေး တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှော ဟာ ရက်သတ္တပတ် ၂ ပတ် ၃ ပတ်လောက် အနားယူရမယ် လို့ နည်းပြ ရန်းနစ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် ဟာ ဖရိုင်းဘတ် ကို ၄-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ကွင်းအတွင်း ကစားသမား ၁၂ ယောက် အထိ ( ခဏတာ ) ဝင်ကစားမိ ခဲ့ပေမယ့် ပွဲရလဒ် ကို ပြင်ဆင်ပြောင်းလဲ ခံရမှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

ဂျာမန် ဘောလုံးအဖွဲ့ချုပ်က ဒါဟာ ဒိုင်လုပ်သူတွေ ရဲ့ အားနည်းချက် ဖြစ်တယ်လို့ သုံးသပ် ခဲ့ပြီး ပွဲကို ကိုင်တွယ် ခဲ့တဲ့ ဒိုင်တွေကိုတော့ ပြစ်ဒဏ်ချမှတ်ဖွယ် ရှိနေပါတယ် ။

လိုင်ယွန် မှာ ပြန်သွားပြီး အငှား နဲ့ ကစားနေတဲ့ စပါး ကွင်းလယ်လူ အန်ဒွန်ဘီလီ ဟာ လိုင်ယွန် ဘက်က ပေါင် ၅၄ သန်းတန် အပြီးသတ် ဝယ်ယူခွင့် ကို အသက်သွင်းဖို့ အစီအစဉ် မရှိတာကြောင့် ရာသီအကုန်မှာ စပါးထံ ပြန်လာ ကစားရနိုင်ချေ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

တူရကီ ကလပ် ဖီနာဘာချီ အသင်းဟာ ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ စိတ်ကူး နေပြီလို့လည်း သိရှိရ ပါတယ် ။

အာဆင်နယ် လူငယ် ကစားသမားလေး အန်ကီတီယာ ဟာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်နိုင်မယ့် အခွင့်အရေးကြောင့် အင်္ဂလန် ကနေ ဂါနာ လက်ရွေးစင် အသင်းထံ ကူးပြောင်းဖို့ စိတ်ကူး နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ က အဲဗာတန် ဟာ ဝိန်းရွန်းနီ ကို နည်းပြသစ် အဖြစ် ခန့်အပ် ရမှာ ဖြစ်ပြီး ဖရန့် လမ်းပတ် ကို ရွေးချယ်ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ရွန်းနီ ရဲ့ ဒါဘီ ကောင်တီ အသင်းကို ဝယ်ယူဖို့ စီစဉ် နေတဲ့ ခရစ် ကရစ်ချ်နာ ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေပြမှုတွေ မရှိသေးတာကြောင့် ဝယ်ယူရေး နှောင့်နှေး ကြန့်ကြာနိုင်တယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ နွေရာသီမှာ စာချုပ်ပြည့်မယ့် စီနီယာ ကစားသမား ၆ ဦးအထိ လက်လွှတ် ရဖို့ သေချာ နေတာကြောင့် အန်တိုနီ မာစီရယ် တို့လို အသင်း ပြောင်းလိုတဲ့ ကစားသမားတွေကို လွယ်လွယ် ကူကူ ထွက်ခွာဖို့ ခွင့်မပြုနိုင်ဘူးလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အာဆင်နယ် ဂန္ထဝင် ကစားသမားကြီး မာတင် ကီယွန် က လက်ရှိ နည်းပြ မီကေး အာတီတာ အနေနဲ လူငယ် ကြယ်ပွင့်လေး ဘူကာယို ဆာကာ ကို ဘယ်နောက်ခံလူ အဖြစ် အသုံးမပြုဖို့ သတိပေး ပြောဆို သွားခဲ့ ပါတယ် ။ အာဆင်နယ် ရဲ့ စကော့တလန် နောက်ခံလူ တိုင်ယာနီ ဟာ ဒူးဒဏ်ရာကြောင့် လက်ကျန် ပွဲတွေကို လွဲချော်မှာ ဖြစ်ပြီး သူ့ရဲ့ နေရာကို တာဗာရက်စ် က အပြည့်အ၀ အစားမဝင် နိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ် ။

ယူကရိန်း ထိပ်သီး ကလပ် ရှက်တာဒိုးနက် ဟာ ယူကရိန်း စစ်ဘေးရှောင်တွေကို ကူညီ ထောက်ပံ့ဖို့ အတွက် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဥရောပ ကလပ် ၄ သင်း နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွေ ကစားဖို့ စဉ်းစား နေကြောင်း ထုတ်ဖော် အသိပေး သွားခဲ့ ပါတယ် ။

မန်စီးတီး နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် က ပရိသတ်တွေ ရဲ့ နာဇီ ပုံစံ အလေးပြုမှု နဲ့ စည်းကမ်းချိုးဖောက်မှု တွေအတွက် အက်သလက်တီကို မက်ဒရစ် အသင်းကို UEFA က စွဲချက်တင်လိုက်တယ်လို့ သိရ ပါတယ် ။

အဲရစ် တန်ဟတ် ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့ပါက အိုင်ယက်စ် အသင်းမှာ အတူ လုပ်ကိုင် နေတဲ့ head of performance အလက်ဆန်ဒရို ရှိုရန်မိတ်ကာ ကို နည်းပြအဖွဲ့ ရဲ့ အရေးပါသူ တယောက် အဖြစ် ထည့်သွင်း သွားဖို့ စိတ်ကူး နေတယ်လို့ သိရှိရ ပါတယ် ။

ဖီယင်နု အသင်း ရဲ့ နည်းပြ အဖွဲ့ဝင်အဖြစ် လုပ်ကိုင် နေတဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဗန်ပါစီ ကတော့ တန်ဟတ် ရဲ့ အနာဂါတ် ယူနိုက်တက် နည်းပြ အဖွဲ့ဝင် အဖြစ် လုပ်ကိုင်ဖို့ အခွင့်အလမ်း ကို ငြင်းပယ် သွားခဲ့တယ်လို့ ကြားသိရ ပါတယ် ။

တချိန်က ကမ္ဘာကျော် ခဲ့တဲ့ တင်းနစ် ချန်ပီယံကြီး ဘောရစ် ဘက်ကာ ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ဒေဝါလီ ခံခဲ့ရ ချိန်မှာ ဆုတံဆိပ် ၊ ဆုဖလား အချို့ ကို လွှဲပြောင်းမပေးအပ်ဘဲ သိမ်းဆည်း ထားတာကြောင့် တရားစွဲဆို ခံနေရပြီး ထောင် ၇ နှစ် အထိ ကျခံ ရနိုင်ချေ ရှိတယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR