ဒီအခွင့်အရေး ကို မဆုပ်ကိုင်နိုင်ခဲ့ရင် စိတ်မကောင်း ဖြစ်မိမှာပါ #ပက်

မန်စီးတီး အသင်းရဲ့ နည်းပြကြီး ပက်ဂွာဒီယိုလာ က ဒီညမှာ ကစားမယ့် လီဗာပူး နဲ့ ပွဲစဉ်ဟာ သူတို့ရဲ့ အိမ်ကွင်းဖြစ်နေတဲ့ အတွက် အမိအရ မဆုပ်ကိုင် နိုင်ခဲ့ရင် စိတ်မကောင်း ဖြစ်မိမှာလို့ ဖွင့်ဟ လိုက်ပါတယ်။

ဒီမနက် သူ့ ကစားသမားတွေ နဲ့ အစည်းအဝေး လုပ်ချိန်မှာတော့ “ ဒီအခိုက်အတန့်တွေကို အဓိပ္ပါယ် မမဲ့စေ နဲ့ ၊ ဒီလို အခွင့်အရေးမျိုးကို မဖြုန်းတီး ပစ်မိစေနဲ့ ၊ ဒါတွေကို ကျေကျေနပ်နပ် နဲ့ လက်ခံရယူလိုက်ပါ ဘာလို့လဲ ဆိုတော့ မင်းတို့နဲ့ ထိုက်တန်လို့ ဒီလို အခွင့်အရေးမျိုးတွေ ပေါ်ပေါက်လာတာပါ။ မင်းတို့ရဲ့ အလုပ်ကြိုးစားမှုတွေကြောင့် ရရှိလာတာ” ဖြစ်ကြောင်း မှာကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းဟာ ဒုတိယ နေရာက လီဗာပူး ကို တစ်မှတ် အကွာနဲ့ အမှတ်ပေးဇယား ကို ဦးဆောင်ထားဆဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အက်ဖ်အေ ဖလား အကြို ဗိုလ်လုပွဲ အဆင့်ကို ရောက်နေပြီ ဖြစ်သလို ၊ ချန်ပီယံလိဂ် မှာလဲ ရလာဒ်ကောင်းတွေ ပိုင်ဆိုင်ထားတာ ဖြစ်လို့ ဖလား သုံးလုံး မျှော်လင့်ချက်တွေ ဟာ လက်တွေ့ ဆန်ဆန် နဲ့ ရှင်သန်လျှက် ရှိနေပါတယ်။

ဒါကြောင့် ဒီအခွင့်အရေးတွေ ကို အမိအရ ဆုပ်ကိုင် နိုင်ဖို့ အတွက် ပက် က သူ့ရဲ့ ကစားသမားတွေ ကို ဖိအားများပြီး အမှားမများအောင် အဓိက မှာကြား ပြင်နေတာ ဖြစ်ပါတယ်။

“ ဒီပွဲမှာ ကိုယ့်အခွင့်အရေး ကို မဆုပ်ကိုင်နိုင်ပဲ ရှုံးခဲ့မယ် ဆိုရင် ကျနော် က စိတ်မကောင်း ဖြစ်မိမှာပါ။ ကျနော်တို့ဟာ မန်စီးတီး ဆိုတဲ့ အတိုင်း ကစားပြနိုင်တယ် ဆိုရင်တော့ မျှော်လင့်ချက် အပြည့်ရှိပါတယ်။ ပြိုင်ဘက်ကလဲ အနိုင်ရသွားနိုင်တာပဲလေ။ အဲဒီတော့ ဒီလို အခိုက်အတန့်မျိုးမှာ ကတရားရဲ့ ဖေးမ မှုတွေလဲ လိုပါတယ်။

ပွဲစဉ်တွေက ဆက်တိုက် ကျပ်နေတဲ့ ကာလမို့ ကျနော့် အနေနဲ့ ဖိအားတွေ အများကြီး ရှိသင့်ပေမယ့် ၊ တကယ်တမ်းမှာတော့ အဲဒီလို မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ နှစ်လ ၊ သုံးလ လောက် ကတည်းက လီဗာပူး နဲ့ ပြန်ကစားရမယ့် ရက်က ဘယ်ရက်လဲ ဆိုတာ ကျနော်က အမြဲတမ်း မေးနေမိခဲ့ပါတယ်။

ဒီပွဲဟာ အခြား ပွဲစဉ်တွေ နဲ့ လုံး၀ မတူတာဘူးလေ။ ဘာလို့လဲ ဆိုတော့ လက်ကျန် ခုနှစ်ပွဲ ကျန်တဲ့ အချိန်မျိုးမှာ ကျနော်တို့က တစ်မှတ် အသာပဲ ရှိတာနေတာပါ။
ဒီပွဲ အနိုင်ရလို့ ချန်ပီယံဆုကို သိမ်းပိုက်ဖို့ လုံလောက်မှာ မဟုတ်ပါဘူး ဒါပေမယ့် နောက်တစ်ဆင့်တော့ ထပ်ပြီး နီးစပ်သွားပါလိမ့်မယ်။ ဒီပွဲဟာ ဘယ်လို ပွဲမျိုးလဲ ဆိုတာ ခင်ဗျားတို့လဲ သိသလို ၊ ကျနော်တို့လဲ သိပါတယ်။

အဲဒီတော့ ဒီပွဲ ဟာ ကျန်တဲ့ ပွဲတွေ နဲ့ မတူဘူး ဆိုတာကို မငြင်းပါဘူး ။ အထူးသဖြင့် သူတို့ဟာ အခြားအသင်းတွေ မလုပ်နိုင်တဲ့ ကိစ္စမျိုးတွေကို လုပ်ပြနေတာ အတွက်ကြောင့် ဖြစ်ပါတယ်။

သူတို့ရဲ့ ရွေ့လျားပုံတွေ ၊ တိုက်စစ်က ထက်မြက်ပုံတွေ ကို မေ့ထားလို့ မရပါဘူး။ အရင်က သူတို့မှာ ထိပ်တန်း တိုက်စစ်မှုး သံုံးယောက်ပဲ ရှိပါတယ်။ အခုတော့ ဒီယက်ဇ် ၊ ဂျော်တာ တို့ ရောက်လာတော့ ၅ ယောက် အထိ ဖြစ်လာတယ်လေ။ ဒီကြားထဲမှာ လိုအပ်တဲ့ အချိန်တိုင်း ဂိုးတွေ ဝင်ဝင် သွင်းပေးတဲ့ အိုရီဂီ ကို မေ့ထားလို့ မရပါဘူး။

ကျနော်တို့ အသင်းမှာတော့ သင့်တော်တဲ့ တိုက်စစ်မှုးမျိုး မရှိပါဘူး ၊ ဒါပေမယ့် အဲဒါ ကို ထားလိုက်ပါတော့ ။ ကျနော်တို့လဲ သွင်းဂိုးတွေ အများကြီး သွင်းပြနေဆဲလေ။ အဲဒီတော့ ဒီအတိုင်းပဲ ရှေ့ဆက်ဦးမှာပါ။

ကိုယ် လုပ်စရာ ရှိတာတွေ ဆက်လုပ်မယ် ၊ ပြောစရာ ရှိတာ ပြောမယ် ၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရပါတယ်။ ကျနော် ကတော့ ကောင်းကောင်းအိပ်ပျော်သလို ၊ ဒီမနက် အိပ်ယာထတော့လဲ မနက်စာ ကို ဖိအားကင်းကင်း နဲ့ စားနိုင်တုန်းပါပဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM