တီယာနေး မကစားနိုင်ချိန်မှာ ဆာကာကို ဘယ်နောက်ခံလူ အဖြစ် ထားကစားဖို့ အကြံပေးလိုက်တဲ့ မာတင်ကီယွန်

အာဆင်နယ် ဂန္တဝင် နောက်ခံလူ မာတင်ကီယွန် က တီယာနေး နေရာမှာ တာဗာရက်စ် နဲ့ ရှာကာ ကို ထားကစားတာထက်စာရင် လူငယ် ကြယ်ပွင့် ဘူကာရို ဆာကာ ကို ကစားခိုင်းသင့်တယ်လို့ အကြံပေး လိုက်ပါတယ် ။

 

အာဆင်နယ် အသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ကီရန်တီယာနေး ဟာ စကော့တလန် အတွက် ကစားပေးရင်း ရရှိ သွားခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာတော့မှာ ဖြစ်ပါတယ် ။

တာဗာရက်စ် ဟာ တီယာနေး နေရာကို အစားဝင်ပေးနိုင်မယ့်သူလို့ မျှော်လင့်ထားကြပေမယ့် ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲက ပေါ်တူဂီသားရဲ့ခြေစွမ်းဟာ ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

အာဆင်နယ် အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုတွေ ရယူခဲ့ဖူးတဲ့ မာတင်ကီယွန် က ဘယ်နောက်ခံလူ အဖြစ် ကစားဖူးတဲ့ အတွေ့အကြုံရှိတဲ့ ဆာကာ ဟာ တီယာနေး နေရာကို အကောင်းဆုံး အစားထိုးနိုင်မယ့်သူ ဖြစ်ကြောင်း talkSPORT မှာ ပြောကြား သွားခဲ့ပါတယ် ။

” ပြောရရင် သူ(တာဗာရက်စ်) က အာဆင်နယ် အတွက် ပွဲထွက် ကစားဖို့ လုံလောက်တဲ့ ကောင်းမွန်မှု မရှိပါဘူး ။ သူက နော်တင်ဟမ်ဖောရက်စ် နဲ့ ပွဲမှာဆိုလည်း ပွဲကစားချိန် ၂၅ မိနစ်မှာတင် လူစားလဲ ခံလိုက်ရပါတယ် ၊ ဝင်းဂါး အဲ့ဒီလို လုပ်တာ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး ၊ သူသာဆို ဒုတိယပိုင်း အထိ စောင့်ပြီးမှ လူစားလဲမှာပါ ။ ”

” ဒီတစ်ပတ်မှာလည်း တာဗာရက်စ် က ပထမပိုင်း အပြီးမှာတင် လူစားလဲ ခံလိုက်ရပါတယ် ။ ကျွန်တော်တို့ အာဆင်နယ် အသင်းအနေနဲ့ ဘယ်နောက်ခံလူ ပြဿနာအတွက် အဖြေရှာဖို့ လိုအပ်ပါတယ် ၊ ကျွန်တော်ကတော့ ဆာကာ ကို ဘယ်နောက်ခံလူ နေရာမှာ မြင်တွေ့ချင်ပါတယ် ။ ”

” ကျွန်တော်ပြောတာက မြင်တွေ့နေကြအရာ​ မဟုတ်ဘူး ဆိုတာ သိပါတယ် ၊ ဒါပေမယ့် ဘယ်နောက်ခံလူ နေရာမှာ ရှာကာ ထက်စာရင် ဆာကာ ကို မြင်တွေ့ချင်ပါတယ် ၊ အသင်းရဲ့အကောင်းဆုံး ကစားသမား ၁၁ ဦးကို ထုတ်သုံးရပါမယ် ၊ ဆာကာ ​က ဘယ်နောက်ခံလူ နေရာကနေလည်း ပြိုင်ဘက်ကို ဒုက္ခ ပေးနိုင်တဲ့ ကစားသမားပါ ။ ”

” ပေပေ ကို ညာတောင်ပံမှာထား ၊ မာတင်နယ်လီ ကို ဘယ်တောင်ပံမှာ ထားကစားရမှာပါ ။ ကိုယ့်အသင်း နိမ့်ကျအောင် အမှားတွေ လုပ်နေတဲ့ ကစားသမားမျိုး ဖြစ်နေရင် သူ့(တာဗာရက်စ်) ကို ကစားခိုင်းလို့ မရပါဘူး ၊ ဒါပေမယ့် ရှာကာ ကလည်း အဖြေ ဟုတ်မနေပါဘူး ။ ”

” သူ သေချာပေါက် ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်မှာ မဟုတ်ပါဘူး ၊ အသင်းတွေက အာဆင်နယ် အသင်းရဲ့ ဘယ်နောက်ခံလူ အားနည်းချက်ကို ထိုးနှက်ဖို့ ပြင်ဆင်လာကြမှာပါ ၊ အဲ့ကျ ရှာကာ ထုတ်ခံရပြီး ၁၀ ယောက်ထဲနဲ့ ကစားနေရပါမယ် ၊ ဒါကြောင့် ဆာကာ ကို ဘယ်နောက်ခံလူနေရာမှာ ထားကစားသင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM