တပွဲတည်း ပင်နယ်တီ ၃ လုံး ပေးခံရပေမယ့် ပြိုလဲကျ မသွားတဲ့အပြင် ၃ မှတ်ပါ အရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ

တပွဲတည်း ပင်နယ်တီ ၃ လုံးပေးခံရတာတောင်မှ အနိုင် ကစားနိုင်တဲ့ အသင်းဆိုတာ မနေ့က အထိ လာလီဂါ သမိုင်းမှာ မရှိခဲ့ဖူး ပါဘူး ။

ဒါပေမယ့် ဇာဗီ ရဲ့ ဘာစီလိုနာ နဲ့ ဆုံတွေ့ အပြီးမှာတော့ ဒီအဆိုဟာ ကျိုးပျက် သွားခဲ့ရ ပါပြီ ။

ဘာစီလိုနာ ဟာ လာလီဂါ သမိုင်းမှာ တပွဲတည်း ပင်နယ်တီ ၃ လုံး ပေးခံခဲ့ရပေမယ့် အနိုင် ကစားနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ ပါတယ် ။

လီဗန်တေး ဟာ တန်းဆင်းဇုန် ထဲမှာ ( အဆင့် ၁၉ ) ရှိနေပြီး ရာသီအကုန်မှာ တင်ကျန်ရစ်ဖို့ ရုန်းကန် နေရ ပါတယ် ။

ဒီလို အချိန်မှာ ဘာစီလိုနာ နဲ့ ဆုံရတာဟာ သူတို့ အတွက် ကံဆိုးစေတာပါပဲ ။

ဒါပေမယ့် ကံကောင်းချင်တော့ ပွဲချိန်ထဲမှာ ပင်နယ်တီ ၃ ကြိမ်တောင် ရခဲ့ပါတယ် ၊ ကံဆိုးချင်တော့ ပင်နယ်တီ ၂ လုံးပဲ ဝင်ခဲ့ပါတယ် ။ ပိုပြီး ကံဆိုးချင်တော့ နောက်ဆုံးမိနစ်မှာ လုခ် ဒီယွန် က ဘာစီလိုနာ အတွက် အနိုင်ဂိုးကို သွင်းသွားခဲ့တာပါပဲ ။

ဂိုးမရှိ သရေ ကျနေတဲ့ ပထမပိုင်းကို ကြည့်ပြီး ပျင်းရိသွားကာ ချယ်နယ်ပြောင်းလိုက်တဲ့ ပရိသတ်တွေ အတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာ ဒုတိယပိုင်းကို လွဲချော် ခဲ့ကြရ ပါတယ် ။

အိမ်ရှင် လီဗန်တေး က ၅၂ မိနစ်မှာ ပထမ ပ င်နယ်တီ ကနေ အဖွင့်ဂိုး စသွင်းပြီး ပွဲကို ဦးဆောင်ခဲ့ ပါတယ် ။

၄ မိနစ်အကြာမှာ ဒုတိယ ပင်နယ်တီ ရခဲ့ပေမယ့် မဝင်ခဲ့ ပါဘူး ။

အဲ့ဒိနောက်မှာတော့ ဇာဗီ ဟာ အားအထားရဆုံး လူငယ်လေး ပက်ဒရီ ကို လူစားလဲ ထည့်လိုက်ပါတယ် ။ ပက်ဒရီ ဝင်လာအပြီး သိပ်မကြာခင်မှာ ဘာစီလိုနာ ချေပဂိုး ပြန်ရခဲ့ပြီး အော်ဘားမီးယန်း က သွင်းပေးခဲ့ ပါတယ် ။ ၈၃ မိနစ် မှာတော့ ပက်ဒရီ က ဘာစီလိုနာ ကို ၂-၁ နဲ့ ဦးဆောင်စေလိုက် ပါတယ် ။

ဒါပေမယ့် ချက်ချင်းဆိုသလို လီဗန်တေး တို့ ပင်နယ်တီ ထပ်ရခဲ့ပြီး ဒီတကြိမ် မှာတော့ ဝင်အောင် ကန်နိုင်ခဲ့လို့ ၂-၂ နဲ့ ပွဲသိမ်းမယ့် အနေအထားမျိုး ဖြစ်လာခဲ့ ပါတယ် ။

ဒါပေမယ့် ဘာစီလိုနာ ရဲ့ မဆုတ်မနစ် ကြိုးစားမှုဟာ ၉၂ မိနစ်မှာ လုခ်ဒီယွန် ရဲ့ သွင်းဂိုးကို ရရှိ စေခဲ့ပြီး ပွဲအပြီး မှာတော့ လီဗန်တေး ကို ၃-၂ နဲ့ အနိုင် ရစေခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ အဆင့် ၂ မှာ ရမှတ် ၆၀ နဲ့ ဆက်လက် တည်ရှိ နေပြီး လီဗန်တေး ကတော့ ၂၂ မှတ် နဲ့ အဆင့် ၁၉ နေရာကနေ တန်းမဆင်းရရေး အတွက် ဆက်လက် ရုန်းကန် ရတော့မှာပါ ။

“ကျွန်တော်တို့ ကစားတာ မကောင်းခဲ့ဘူးဆိုတာ ဂိုးရလဒ် က သက်သေပါပဲ ။ ဒါပေမယ့် ၃ မှတ် ကိုတော့ ထိုက်ထိုက်တန်တန် ရခဲ့ ပါတယ် ။ တာစတီဂျန် ၊ လုခ်ဒီယွန် တို့လို ကစားသမားတွေ ကလည်း ခြားနားမှု ကို ယူဆောင် ပေးခဲ့ ကြပါတယ်”

“အသင်းကစားပုံကို အားမရ ပေမယ့် ရလဒ် ကတော့ ကျေနပ်စရာ ဖြစ်စေခဲ့တယ်လို့ပဲ ပြောရမှာပါ ။ ဒီနေ့ ပွဲမှာ ကျွန်တော်တို့ အသင်းသားတွေရဲ့ စိတ်ဓါတ် ကို မြင်ခဲ့ရပါတယ် ။ လီဗန်တေး က ဗီလာရီးရဲ ၊ အက်သလက်တီကို မက်ဒရစ် တို့ကို အနိုင် ကစားထားတာပါ ၊ ဒါကြောင့် လွယ်ကူတဲ့ ပွဲတပွဲ ဖြစ်လာမယ်လို့ မျှော်လင့် မထားခဲ့ ပါဘူး ။

နောက်ဆုံးမှာ အနိုင်ရခဲ့တဲ့ အတွက် ဝမ်းသာမိပါတယ်” လို့ ဇာဗီ က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR