တန်ဟတ် သက်သေပြရမယ့် အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ် #ကာရေဂါ

တန်ဟတ် ဟာ ယူနိုက်တက် နည်းပြ ရာထူးကို ရယူလိုက်ပြီ ဆိုတဲ့ တစ်ပြိုင်နက် သူ ရင်ဆိုင် ဖြေရှင်းရမယ့် ပြသနာ 4 ခု ရှိပါတယ်။ အဲဒီ ပြသနာတွေ ရဲ့ နာမည်က ပက် ဂွာဒီယိုလာ ၊ ယာဂန် ကလော့ပ် ၊ သောမတ် တူချယ် ၊ အန်သိုနီယို ကွန်တီ ပါ။

တန်ဟတ် ဟာ ဘယ်လောက်ပဲ ကောင်းပါတယ် ပြောပြော ၊ အိုးထရက်ဖို့ဒ် မှာ တာဝန်ယူဖို့ အရည်အသွေး ရှိပါတယ် ဆိုဆို သူ့ အနေနဲ့ အထက်ဖော်ပြခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေ ကို အနိုင်ယူပြရပါမယ်။ လက်ရှိ ကစားသမား စာရင်းကို အပြောင်းအလဲ အများကြီး မလုပ်ပဲနဲ့ ဆိုရင်တော့ ဒီကိစ္စက တော်တော်ကြီး ခက်မှာပါ။

ပရိသတ်တွေ ကတော့ တန်ဟတ် ပရီးမီးယားလိဂ် ရောက်လာတဲ့ အပေါ် စိတ်လှုပ်ရှားနေကြပေမယ့် ၊ တကယ့် လက်တွေ့မှာ လက်ရှိ ချန်ပီယံလိဂ် ဝင်ခွင့် 4 နေရာစလုံး ကို မျက်စောင်းထိုးထား အသင်းတွေက သူတို့ နည်းပြတွေ ကို တန်ဟတ် နဲ့ အလဲအထပ် လုပ်ချင်တဲ့ အသင်း တစ်သင်းမှ ရှိမှာ မဟုတ်ပါဘူး။

နယ်သာလန် သားကြီး အနေနဲ့ ယူနိုက်တက်မှာ သူများ လက်ညှိုးထိုးချင်စရာ ဖြစ်နေတဲ့ အစဉ်အလာ တစ်ခုကိုလဲ ပြောင်းပြန်လှန်ပစ်ရဥိးမှာပါ။ ဆာ အဲလက် ဖာဂူဆန် အနားယူပြီး ကတည်းက ဘယ်သူကမှ ယူနိုက်တက် ရဲ့ နာမည်ကို ပိုပြီး တိုးတက်အောင် လုပ်ပြနိုင်တာမျိုး မရှိသေးပါဘူး ၊ အိုထရက်ဖို့ဒ် ဟာ နည်းပြတွေ ၊ ဘောလုံး သမားတွေ ကျရှုံးရာ သင်္ချိုင်းမြေလို ဖြစ်လာနေပါတယ်။

သူ့ အနေနဲ့ အအောင်မြင်ဆုံး နည်းပြကြီးတွေတောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့တဲ့ သမိုင်း အစဉ်အလာဆိုးတွေ ကို ကျော်လွှားပြရဦးမှာပါ။

1945 ခုနှစ် က ဆာ မတ်စ်ဘီ တာဝန်ယူပြီး နောက်ပိုင်း ၊ ယူနိုက်တက် ကို ပြည်တွင်း အမှတ်ပေးဖလား နဲ့ ဥရောပ အောင်မြင်မှု ရအောင် စွမ်းဆောင်ပြခဲ့တဲ့ နည်းပြ ဆိုလို့ ဆာ အဲလက် ဖာဂူဆန် နဲ့ ဆာ မတ်စ်ဘီ တို့ နှစ်ယောက်သာ ပေါ်ထွက် ထားပါသေးတယ်။

ဥရောပ မှာ ဆိုရင် ရီးရဲ မက်ဒရစ် ၊ အေစီ မီလန် ၊ ဘာစီလိုနာ ၊ ဘိုင်ယန် မြူးနစ် တွေဟာ မတူညီတဲ့ နည်းပြတွေ ရဲ့ အောက်မှာ အောင်မြင်မှုတွေ ရအောင် တည်ဆောက်နိုင်ကြောင်း ခေတ်အဆက်ဆက် က သက်သေထူထားခဲ့ပြီး ပါပြီ။

အင်္ဂလန် မှာတော့ မန်စီးတီး နည်းပြ 3 ယောက် ဟာ လွန်ခဲ့တဲ့ 10 နှစ် အတွင်း ဆုဖလားတွေ အများကြီး ရယူပေးထားသလို ၊ ချဲဆီး ကလဲ နည်းပြ အပြောင်းအလဲ အမြဲတမ်း လုပ်လေ့ရှိတဲ့ အသင်းဖြစ်သည့်တိုင်အောင် နယ်ပယ်တွေ အားလုံးမှာ အလံထူပြထားတဲ့ အသင်းပါ။

လီဗာပူး မှာတော့ ဘီလ် ရှန်ကလေ အုတ်မြစ်ချလိုက်တဲ့ အချိန်က စလို့ မန်နေဂျာ 4 ယောက်ပဲ လိဂ်ဖလား ရအောင် ယူပြဖူးသလို ၊ ဘင်နီတက်ဇ် ၊ ဟူလီလီယာ တို့ဟာ ဥရောပ အောင်မြင်မှု ယူပြခဲ့သည့်တိုင်အောင် ပြည်တွင်းမှာတော့ တေ့လွဲလေးတွေ လွဲခဲ့ကြဖူးပါတယ်။

ပြောချင်တာ က ယူနိုက်တက်ဟာ 1969 ခုနှစ် ကနေ ဖာဂူဆန် ကို ခန့်အပ်နိုင်ခဲ့တဲ့ 1986 ခုနှစ် ကြားကာလ ပုံစံမျိုး ဖြတ်သန်းရဦးမှာပါ။ ဘက်စ်ဘီ ရဲ့ အမွေကို ဆက်ခံ တည်ဆောက်ဖို့ သူတို့ဟာ တော်တော်လေး ရုန်းကန် ခဲ့ရပါတယ်။

ဒေးဗစ် မိုယက် ၊ မော်ရင်ဟို ၊ လူးဝစ် ဗန်ဟား တို့ဟာ ထိပ်တန်း နည်းပြတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မိုယက်ဇ် ဟာ ဖာဂူဆန် ခေတ်အလွန် အပြောင်းအလဲ ကာလမှာ ရုန်းကန်ခဲ့ရသလို ၊ မော်ရင်ဟို ၊ ဗန်ဟား တို့ကလဲ သူတို့ရဲ့ အကောင်းဆုံး အချိန်တွေ ကျော်လွန်ပြီးမှ အိုးထရက်ဖို့ဒ် ကို ရောက်လာခဲ့ကြတာပါ။

တန်ဟတ် ကို ခန့်အပ်လိုက်တဲ့ ပုံစံက 2013 ခုနှစ်က မိုယက် ကို ရွေးချယ်ခဲ့တာ နဲ့ အိုက်ဒီယာချင်း ဆင်ပါတယ်။ အဲဗာတန် မှာ အပြောင်းအရွှေ့ အသုံးစာရိတ် နည်းနည်း နဲ့ ကစားသမား တွေရဲ့ စွမ်းဆောင်ရည်တွေကို အမြင့်ဆုံး အထိ ဆွဲထုတ်ပြရင်း ၊ သူ့ရဲ့ အရည်သွေးကို မြင်အောင် ထုတ်ပြနိုင်ခဲ့တယ်လေ။

နည်းပြ အပြောင်းအလဲတွေ ၊ ထိပ်တန်ုး ကစားသမား အပြောင်းအလဲ မြှောက်များစွာ ဆက်တိုက် လုပ်ဆောင်ခဲ့သည့်တိုင်အောင် ပရိသတ်တွေ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာဘူး ဆိုကတည်းက ပြသနာ က ကြီးကြီးမားမား ကို ရှိနေတာ သေချာပါတယ်။ အဲဒီ ပြသနာ က ဂလေဇာ ကိုယ်တိုင်ပါ။ အသင်းရဲ့ Executives အဖွဲ့တွေထဲမှာ အကောင်းဆုံး အရည်သွေးတွေ မရှိပါဘူး။

တန်ဟတ် အနေနဲ့ အရင်ဆုံး အကဲခတ် စဉ်းစားကြည့်ရမှာက ပိုက်ဆံတွေ ဒီလောက်အထိ သုံးစွဲထားတဲ့ အသင်းက ဘာလို့ အောင်မြင်မှု ကို ချက်ခြင်း မရှာဖွေ နိုင်ခဲ့တာလဲ ဆိုတဲ့ အချက်ကိုပါ။ ယူနိုက်တက် ပရိသတ်တွေက ဂလေဇာ ကို နှုတ်ထွက်ပေါ်ဖို့ တောင်းဆိုနေကြတဲ့ အပေါ် ကိုယ်ချင်းစာမှု အပြည့်ရှိပါတယ်။

ကမ္ဘာပေါ်က ဈေးအကြီးဆုံး ကစားသမား စာရင်းဝင် အသင်းတစ်သင်းမှာ ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည်က ပုံမှန်အောက် ဖြစ်နေတာ ဆင်ခြေပေးလို့ မရပါဘူး။ သူတို့ထဲက အများစုက တစ်ပတ် လုပ်ခ ပေါင် 250000 အထက် ရနေတဲ့ သူတွေ များပါတယ်။

လွန်ခဲ့တဲ့ 9 နှစ် အတွင်း ဝယ်ယူခဲ့တဲ့ ကစားသမားတွေ ထဲမှာ ဘယ်သူကတော့ ယူနိုက်တက် ကို ဆွဲတင်သွားတယ် ဆိုပြီး လက်ဆုပ်လက်ကိုင်ပြဖို့ တော်တော် ခက်ပါတယ်။ တစ်ချို့ ကစားသမားတွေ ဟာ အစောပိုင်း ကာလမှာ အဖွင့်ကောင်းတာမျိုးတွေ ရှိပေမယ့် နောက်ဆုံးတော့ အဖျားရှုးသွားကြတာပါပဲ။

ဟယ်ရီ မက်ဂွိုင်းယား ၊ လုရှော ၊ ဘစ်ဆာကာ ၊ ဆန်ချို တို့ အတွဲကို ပိုင်ဆိုင်တဲ့ အချိန်တုန်းက ဆိုရင် ကလပ်အသင်းဟာ အင်္ဂလန် ကစားသမား စုဖွဲ့မှု နဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်တော့မယ့် ဆိုတဲ့ အမြင်လေးတွေ ရှိခဲ့ဖူးပါတယ်။ အခုတော့ အိုးထရက်မှာ ကစားပြနေတဲ့ သူတို့ ခြေစွမ်းကိုတောင် ဝိုင်းပြီး ဝေဖန်ကြတဲ့ အခြေအနေပါ။

ကျနော်သာ ဒက် ကလန်ရိုတ်စ် ၊ ဂျူဒီ ဘယ်လင်ဂမ် တို့သာ ဆိုရင် အင်္ဂလန် ကစားဖော်တွေ ရုန်းကန်နေရတာ ကို မြင်ပြီး ၊ ယူနိုက်တက် က ကမ်းလှမ်းလာရင်တောင် ဝေးဝေးက ရှောင်မှာပါ။ အထူးသဖြင့် မက်လောက် စရာ လစာ ပမာဏမျိုး မဟုတ်ပဲ နဲ့ဆို လုံး၀ စဉ်းစားမှာ မဟုတ်ပါဘူး။

ဖာဂူဆန် ခေတ် အလွန်မှာ ယူနိုက်တက် ဘောလုံးသမားတွေ က ဝင်ငွေ သိပ်ကောင်းတဲ့သူတွေ ဖြစ်လာကြပါတယ်။ ဒီလောက် ဝင်ငွေ ကောင်းတဲ့ ဘောလုံးသမားတွေ က အဝတ်လဲခန်းထဲမှာ “ဂလေဇာကြောင့် ငါတို့ အသင်း မအောင်မြင်တာ” ဆိုပြီး တွေးကြမယ် ထင်လား? လုံး၀ လုံး၀ ပါပဲ။

ဒါပေမယ့် အဲဒီ အဆိုးမြင်တွေ ကပဲ တန်ဟတ် အနေနဲ့ ယူတတ်ရင် အခွင့်အရေးတွေ ချည်းပါပဲ။ ကိုယ်ရှေ့ လူတွေက ထိထိရောက်ရောက် ဖြစ်အောင် ကိုင်တွယ် ပြနိုင်ခြင်း မရှိတော့ ၊ သူသာ တကယ် လုပ်နိုင်မယ် ဆိုရင် အကောင်းဘက်ကနေ ပဲ ဝိုင်းမြင်ပေးကြမှာပါ။

တန်ဟတ် အနေနဲ့ လီဗာပူး ရဲ့ သမိုင်း အစဉ်လာကြီးအောက်မှာ ပိနေတဲ့ ရုန်းထွက်ပြခဲ့တဲ့ ဥပမာကို မြင်အောင် ကြည်တတ်ဖို့ လိုပါတယ်။ အခုချိန်မှာ ယူနိုက်တက် ကို ပြန်လည် တည်ဆောက်ဖို့ 5-6 နှစ် လောက် ကြာသွားနိုင်တယ်လို့ ပြောဆိုမှုတိုင်းဟာ အခြေအမြစ် မရှိတဲ့ စကားတွေပါ။

အသင်းတစ်သင်းဟာ မှန်ကန်တဲ့ နည်းပြ ခန့်အပ်မှု လုပ်ဆောင်ပြနိုင်တယ် ဆိုရင် အချိန်တိုအတွင်း အလှည့်အပြောင်းတွေ ချက်ခြင်း ဖြစ်လာတတ်ပါတယ်။

ထိပ်တန်း မန်နေဂျာတွေ ဟာ 2 နှစ် အတွင်းမှာတင် အပြောင်းအလဲ လုပ်နိုင်တယ်ဗျာ။ ကလော့ပ် ဆိုရင် အဲဒီ အတိုင်းပဲ လုပ်ပြသွားတာပါ။ သတင်းသမားတွေ က လီဗာပူး ကို တည်ဆောက်ဖို့ 5 နှစ်လောက် အချိန်ယူတယ် ပြောကြပေမယ့် ၊ တကယ်တော့ ကလော့ပ်ဟာ 2 ရာသီ အပြည့်အ၀ ကိုင်တွယ်တဲ့ အချိန်မှာပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပို့ဆောင်ခဲ့တာပါ။ ဒါဟာ တကယ့် ထိပ်တန်း မန်နေဂျာတွေ လုပ်ပြနိုင်တဲ့ အရာပါပဲ။

အဲဒီလို အပြောင်းအလဲတွေ ဖြစ်လာဖို့ ကလော့ပ်ဟာ ချန်ပီယံလိဂ် မှာ ကစားဖူးတဲ့ ကစားသမားတွေကို ဈေးကြီးပေးပြီး ပိုက်ဆံတွေ ဆက်တိုက် သုံးစွဲခဲ့တာ မဟုတ်ပါဘူး။ ရှော်ကေး ၊ နယူးကာဆယ် ၊ ဆောက်သမ်တန် ၊ ဟားစီးတီး တို့လို အသင်းတွေ က ကစာသမားတွေကို ခေါ်ယူရင်း ပြန်လည် စုဖွဲ့ခဲ့တာပါ။

တန်ဟတ် က တကယ် လုပ်ပြချင်တယ် ဆိုရင် အပြောင်းအရွှေ့ အသုံးစာရိတ် သူလိုချင်သလောက်တောင် ရနိုင်တဲ့ အရင်းအမြစ်မျိုး ပိုင်ဆိုင်ထားပါတယ်။

တန်ဟတ် ဟာ ပရီးမီးယားလိဂ် ထိပ်တန်း မန်နေဂျာတွေ အကြားမှာ ပုခုံးချင်း ယှဉ်ပြတော့မှာလား ဆိုတာ မကြာခင် ကျနော်တို့ တွေ့ကြရတော့မှာပါ။ ယူနိုက်တက်ဟာ ဘယ်လောက်ပဲ ယိမ်းယိုင် နောက်ကျနေပါစေ ၊ ပိုက်ဆံတော့ ကောင်းကောင်း သုံးပြနိုင်တယ် ဆိုတာ သူလဲ ကောင်းကောင်းပါတယ်။ ဒါကြောင့် ဒီအလုပ်ဟာ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။

SPORTS MYANMAR