ဆောက်သမ်တန် နဲ့ ပွဲမှာ ပရိသတ်တွေ သဘောမကျတဲ့ ပွဲထုတ်မူ တစ်ခုကို ဆက်လုပ်သွားဖို့ ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ် နည်း​ပြ အာတေတာ ဟာ ဒီနေ့မှာ ကစားမယ့် ဆောက်သမ်တန် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ကွင်းလယ်လူ ရှာကာကို ဘယ်နောက်ခံလူ နေရာမှာ ဆက်လက် ပွဲထွက် ကစားသွားစေဖို့ ရှိကြောင်း ပြောကြား လိုက်ပါတယ် ။

ဘယ်နောက်ခံလူ ကီရန်တီယာနေး ဟာ နိုင်ငံ လက်ရွေးစင် အသင်းအတွက် ကစားပေးရင်း ဒူးဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ် ။ အာတေတာ ဟာ တီယာနေး မကစားနိုင်သေးတဲ့ အချိန် ပဲလေစ့်နဲ့ ပွဲမှာ တာဗာရက်စ် ကို နေရာပေး ပွဲထွက် ကစားစေခဲ့ပါတယ် ။

ဒါ​ပေမယ့် တာဗာရက်စ် ဟာ အမှားများနေခဲ့တာကြောင့် ပထမအပိုင်းပြီးမှာတင် လူစားလဲ ခံလိုက်ရသလို အာဆင်နယ် အသင်းဟာလည်း ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ဘရိုက်တန် နဲ့ ပွဲမှာတော့ အာတေတာ ဟာ ကွင်းလယ်လူ ရှာကာ ကို ဘယ်နောက်ခံလူ အဖြစ် ထားကစားခဲ့ပါတယ် ။

ဒါပေမယ့်လည်း ရလဒ်ကတော့ ကောင်းမွန်လာခဲ့ခြင်း မရှိဘဲ အာဆင်နယ် အသင်းဟာ ဘရိုက်တန် ကို ထပ်မံ အရေးနိမ့်ခဲ့ရပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိတွင် အဆင့် ၄ နေရာက တော့တင်ဟမ် နဲ့ ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ် ။

ဆောက်သမ်တန်အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာတေတာ က ” ကျွန်တော်ကတော့ အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့်အရာကိုပဲ ရွေးချယ် ဆုံးဖြတ်သွားမှာပါ ။ အသင်း အနိုင်ရမှု အနိုင်မရမှု အပေါ် မူတည်ပြီး လူတွေက ကိုယ့်ရဲ့ဆုံးဖြတ်ချက် ကို ဝေဖန် ပြောဆိုကြမှာပါပဲ ။ ”

” ဘရိုက်တန် နဲ့ ပွဲမှာ အဓိက ပြဿနာက ရှာကာ ကို နောက်ခံ အစွန်လူ အဖြစ် ထားမကစားဘူးလို့ အာမ ခံခဲ့မိတာပါ ။ ရှာကာ ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်ရဲ့လား ဆိုတာ ခင်ဗျားတို့ ဆွေးနွေး နိုင်ပါတယ် ၊ သူ ဘယ်နောက်ခံလူ နေရာမှာ ကစားတဲ့ အခါ အသင်းရဲ့ မှတ်တမ်းတွေကို ကြည့်ကြည့်ပါဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပရိသတ် အချို့ကတော့ ရှာကာ ၊ တာဗာရက်စ် တို့ထက် စာရင် ဆာကာ ကို ဘယ်နောက်ခံလူ နေရာမှာ မြင်တွေ့ချင်နေကြပါတယ် ။ ဆာကာ ဟာ နည်းပြဟောင်း အမ်မရီ လက်ထက်မှာရော အာတီတာ လက်ထက်မှာပါ ဘယ်နောက်ခံလူ အဖြစ် ပွဲထွက် ကစားဖူးတဲ့ အတွေ့အကြုံ ရှိသူ ဖြစ်ပါတယ် ။

ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် ကလည်း ဆာကာ ကို ဘယ်နောက်ခံလူ နေရာမှာ မြင်တွေ့ချင်ကြောင်း ပြောကြား ခဲ့ဖူးပါတယ် ။ ” ကျွန်တော်တို့ အာဆင်နယ် အသင်းအနေနဲ့ ဘယ်နောက်ခံလူ ပြဿနာအတွက် အဖြေရှာဖို့ လိုအပ်ပါတယ် ၊ ကျွန်တော်ကတော့ ဆာကာ ကို ဘယ်နောက်ခံလူ နေရာမှာ မြင်တွေ့ချင်ပါတယ် ။ ”

” ကျွန်တော်ပြောတာက မြင်တွေ့နေကြအရာ​ မဟုတ်ဘူး ဆိုတာ သိပါတယ် ၊ ဒါပေမယ့် ဘယ်နောက်ခံလူ နေရာမှာ ရှာကာ ထက်စာရင် ဆာကာ ကို မြင်တွေ့ချင်ပါတယ် ၊ အသင်းရဲ့အကောင်းဆုံး ကစားသမား ၁၁ ဦးကို ထုတ်သုံးရပါမယ် ၊ ဆာကာ ​က ဘယ်နောက်ခံလူ နေရာကနေလည်း ပြိုင်ဘက်ကို ဒုက္ခ ပေးနိုင်တဲ့ ကစားသမားပါ ။ ”

” ပေပေ ကို ညာတောင်ပံမှာထား ၊ မာတင်နယ်လီ ကို ဘယ်တောင်ပံမှာ ထားကစားရမှာပါ ။ ကိုယ့်အသင်း နိမ့်ကျအောင် အမှားတွေ လုပ်နေတဲ့ ကစားသမားမျိုး ဖြစ်နေရင် သူ့(တာဗာရက်စ်) ကို ကစားခိုင်းလို့ မရပါဘူး ၊ ဒါပေမယ့် ရှာကာ ကလည်း အဖြေ ဟုတ်မနေပါဘူး ။ ”

” သူ သေချာပေါက် ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်မှာ မဟုတ်ပါဘူး ၊ အသင်းတွေက အာဆင်နယ် အသင်းရဲ့ ဘယ်နောက်ခံလူ အားနည်းချက်ကို ထိုးနှက်ဖို့ ပြင်ဆင်လာကြမှာပါ ၊ အဲ့ကျ ရှာကာ ထုတ်ခံရပြီး ၁၀ ယောက်ထဲနဲ့ ကစားနေရပါမယ် ၊ ဒါကြောင့် ဆာကာ ကို ဘယ်နောက်ခံလူနေရာမှာ ထားကစားသင့်ပါတယ် ။ ” လို့ ပြောကြား ခဲ့တာပါ ။

SM