ဆောက်သမ်တန်နဲ့ ပွဲမှာ ဂိုးပေါက် ပြန်တွေ့ခဲ့တဲ့ ဗာနာ အတွက် ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့တဲ့ အီယန်ရိုက်

ချဲလ်ဆီး အသင်းရဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ စိန့်မေရီကွင်းက ဆောက်သမ်တန်နဲ့ ပွဲမတိုင်မီ အထိ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး တဂိုးသာ ရထားပြီး ၊ အဲဒီဂိုးဟာလည်း ပထမ တကြိမ် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဆောက်သမ်တန်ကို လက်ခံ ကစားခဲ့စဉ်က ဖြစ်ပါတယ် ။

ဒါ့အပြင် ဗာနာ ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆောက်သမ်တန်နဲ့ ထိပ်တိုက် တွေ့တဲ့ ၄ကြိမ်မှာ ၅ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ၊ ဗာနာ ဂိုးပေါက် ပုံမှန် တွေ့ဖို့ အတွက် ဆောက်သမ်တန်နဲ့ အပတ်တိုင်း ကစားရမလိုတောင် ဖြစ်နေပါပြီ ။

ဘယ်လိုပဲဖြစ်ဖြစ် ထိုပွဲမှာ သွင်းဂိုး ၂ဂိုး ရခဲ့တာကြောင့် ဗာနာ အတွက် ယုံကြည်မှု အတော်လေး ပြန်တက်လာမှာ သေချာနေသလို ၊ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ဘာနေဗျူးက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲ အတွက် ပွဲထွက်စာရင်းမှာ ပြန်ပါဖို့ အလားအလာ များစေခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် ကတော့ သူဟာ တီမို ဗာနာ ဂိုးသွင်းတာ မြင်ချင်တာကြောင့် ၊ အခုလို ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ ၄င်းအတွက် ဝမ်းမြောက်မိကြောင်း ဖွင့်ဟရင်း ၊ ပွဲအစပိုင်း မိနစ်က တိုင်တလုံး ဘားတလုံး ထိခဲ့ခြင်းဟာ ၄င်းရဲ့ ကံဆိုးမှုကို ဖော်ပြနေကြောင်း သုံးသပ်ခဲ့ပါတယ် ။

BBC Match of the Day အစီအစဉ်မှာ အီယန်ရိုက် က ” ဗာနာ တယောက် အခုလို ဂိုးပေါက် ပြန်တွေ့တာကို မြင်ရတာ ဝမ်းသာစရာပါ ။ ဆောက်သမ်တန်ကလည်း high line ခံစစ်ကို အသုံးပြုခဲ့ပါတယ် ။ ဒီတော့ ဒါက သူ့ကစားပုံနဲ့ လိုက်ဖက်မှု ရှိပါတယ် ။ တိုက်စစ်မှူး တယောက် အနေနဲ့ သူဟာ အတော်လေးကို ကံဆိုးတတ်တဲ့ ကစားသမားပါပဲ ။ ”

” ကျွန်တော် မြင်ဖူးသမျှ တိုက်စစ်မှူးတွေထဲက သူဟာ ကံအဆိုးဆုံး ကစားသမား တဦး ဖြစ်ပါတယ် ။ ပွဲအစ မိနစ်အနည်းငယ် အတွင်းမှာပဲ သူဟာ တိုင်တကြိမ် ၊ ဘားတကြိမ် ထိခဲ့တာပါ ။ ဘားနဲ့ ထိခဲ့တဲ့ အလုံးမှာဆို သူ့အနေနဲ့ နဖူးကို အသုံးပြုခဲ့သင့်ပါတယ် ။ ”

” သူ့နေရာမှာ တခြား တိုက်စစ်မှူး တဦးဦးသာဆိုရင် ခေါင်းနဲ့ တိုက်ထည့်လည်း တနည်းနည်းနဲ့ ဂိုးဝင်ကောင်း ဝင်သွားခဲ့မှာ သေချာပါတယ် ။ သူ့အတွက်ကျ ဒီဂိုးက မဝင်ခဲ့ပါဘူး ။ တကယ် ရခဲ့တဲ့ တတိယ ဦးဆောင်ဂိုးဟာ သူ လစ်ပ်ဇစ် အသင်းမှာ သွင်းနေကျ ပုံစံမျိုး ဖြစ်ပါတယ် ။ ”

” တန်ပြန်တိုက်စစ်ကနေ ပြိုင်ဖက် ခံစစ်ကို အပြေးအားနဲ့ ကျော်ဖြတ်မယ် ၊ ဂိုးသမားကိုပါ ဆွဲလှည့်ပြီး ဂိုးသွင်းတာမျိုးပါ ။ ဟာဗက်ဇ် ဂိုးရခဲ့တဲ့ အနေအထားမှာဆိုရင် သူဟာ ဆောက်သမ်တန် နောက်ခံလူ ၃ယောက်လောက်ကို လိမ်ခေါက်ပြီး ဂိုးပေါက်ကို ကျကျနန ကန်ရုံ ဖြစ်ခဲ့ပေမယ့် ၊ တိုင်ထပ်မှန်ခဲ့ပြန်ပါတယ် ။ ”

” အဲဒီနောက် ဒုတိယပိုင်း စစချင်း ရခဲ့တဲ့ ဂိုးက ပြန်လျှံထွက်လာတာကို ပိတ်သွင်းခဲ့ရတဲ့ သွင်းဂိုး ပုံစံ ဖြစ်ပေမယ့် ကျွန်တော် သူ့အတွက် ဝမ်းမြောက်မိပါတယ် ။ ကျွန်တော်ဟာ သူဂိုးသွင်းတာ အရမ်း မြင်ချင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ ကစားခွင့် ရတဲ့အခါတိုင်း မနားတမ်း ကြိုးစားတတ်တဲ့ ကစားသမား ဖြစ်လို့ပါပဲ ။ ဆောက်သမ်တန်နဲ့ အပတ်တိုင်း ကစားရရင်တော့ သူ ဂိုးပေါက် ပုံမှန် တွေ့လောက်မယ် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR