ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေ အပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက ရီးရဲယ်မက်ဒရစ် အသင်းဟာ ဒုတိယအကျော့မှာ မန်ချက်စတာစီးတီးကို စိတ်ပျက်လက်ပျက် ဖြစ်အောင် လုပ်ကာ လေးရာသီအတွင်း တတိယအကြိမ်မြောက် All-English ချန်ပီယံလိဂ် ဖိုင်နယ် ဖြစ်မလာအောင် တားဆီးနိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ အင်္ဂါနေ့က အီတီဟတ်မှာ ရီးရဲယ်မက်ဒရစ်နဲ့ အကြိတ်အနယ် ကစားကာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အတူ နောက်တစ်ပတ် ဘာနေဗျူးမှာ ဒုတိယအကျော့ကို သွားကစားရမှာ ဖြစ်ပါတယ်။

စပိန်အင်အားကြီး ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူတို့ရဲ့ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ပြသထားခဲ့ပြီး ဖြစ်ကာ ပီအက်ဂျီ ချဲလ်ဆီး တို့နဲ့ ရင်ဆိုင်ခဲ့တဲ့ ၁၆ သင်းအဆင့် နဲ့ ကွာတားဖိုင်နယ် အဆင့်တွေမှာ ပြိုင်ပွဲကနေ ထွက်ခွာရလုနီးပါး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ဆုံးမှာ အံ့ဖွယ်အရာတွေ လုပ်ပြခဲ့ပြီး ဆက်လက် ရှင်သန်နိုင်ခဲ့ပါတယ်။

 

ကာရေဂါရဲ့ အသင်းဟောင်း လီဗာပူး ကတော့ မနေ့ညက မာကျောလှတဲ့ ဗီလာရီးရဲယ်ကို အန်ဖီးမှာ တစ်ပွဲလုံး လွှမ်းမိုး ကစားကာ ၂-၀ နဲ့ အနိုင်ယူပြီး ဖိုင်နယ်အဆင့်ကို ခြေတစ်လှမ်း လှမ်းထားခဲ့ပြီး ဖြစ်ပါတယ်။

ကာရေဂါက စီးတီးဟာ ပရီးမီးယားလိဂ် Title race မှာ အသာစီး အနေအထားမှာ ရှိနေဆဲလို့ ယုံကြည်နေပြီး လာမည့် စနေနေ့ ပုံစံကောင်း ရနေတဲ့ နယူးကာဆယ်နဲ့ ရင်ဆိုင်သွားရမယ့် လီဗာပူးရဲ့ ပွဲဟာ အဆုံးအဖြတ်တောင် ဖြစ်သွားနိုင်တယ်လို့ ယူဆနေပါတယ်။

 

ဒါပေမယ့်လည်း အင်္ဂလန် နောက်ခံလူဟောင်းက ယာဂန်ကလော့ရဲ့ အသင်းဟာ နောက်တစ်ကြိမ် ဥရောပ ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

 

ကာရေဂါက “ကျွန်တော်ကတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ကျွန်တော့်ဘက်က သိပ်ပြီး မသေချာပါဘူး။ မန်ချက်စတာစီးတီးဟာ အနည်းငယ် အသာစီး ရနေဆဲ ဖြစ်ပြီး သူတို့ လက်ကျန်ပွဲစဉ်တွေ အားလုံး အနိုင်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာပါ။

ဒီတစ်ပတ်ဟာ ပရီးမီးယားလိဂ် title race မှာ တအားကို အရေးပါလိမ့်မယ်လို့ ထင်ပါတယ်။ နယူးကာဆယ်နဲ့ စနေနေ့ အစောပိုင်းမှာ ကစားရတာဟာ လီဗာပူးအတွက် ခက်ခဲတဲ့ စမ်းသပ်မှုပါ။ မန်နေဂျာ ပြောခဲ့သလိုပဲ သူတို့အတွက် ပြင်ဆင်ချိန်က နည်းပါးလှပါတယ်။

 

အကယ်၍ လီဗာပူးတို့ ဒီတစ်ပတ်ကို ကောင်းစွာ ကျော်ဖြတ်ကာ မန်စီးတီးနဲ့ တစ်မှတ်အကွာ အနေအထားကို ဆက်ပြီး ထိန်းထားနိုင်ခဲ့မယ်ဆိုရင် သူတို့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်း ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဒါဟာ မန်ချက်စတာစီးတီး အပေါ်မှာသာ မူတည်နေပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ် မှာတော့ ဒါဟာ လီဗာပူးရဲ့ ပြိုင်ပွဲလို့ ကျွန်တော် ခံစားမိနေပါတယ်။ သူတို့ဟာ ဖိုင်နယ်ကို ခြေတစ်ဖက် ချထားနိုင်ခဲ့ပါပြီ။ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော်ကတော့ အခြား တစ်ဖက်မှာ မက်ဒရစ်တို့ ဖိုင်နယ်ကို တက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ပထမအကျော့မှာ အခွင့်အရေး များစွာ လွဲချော်ခဲ့ခြင်းဟာ တကယ့်ကို ကြီးမားတဲ့ ပြသနာပါပဲ။ ဘာနေဗျူးမှာ ကစားသွားရမယ့် ဒုတိယအကျော့ဟာ အရမ်းကို ကောင်းမယ့် ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။

 

ပထမအကျော့မှာ ၂-၀ နဲ့ နိုင်ထားခဲ့ပေမယ့်လည်း ယာဂန်ကလော့ ကတော့ ဂျူဗင်တပ် နဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေကို အံ့အားသင့်ဖွယ် ထုတ်ပယ်ထားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ ပက်သက်ပြီး လုံး၀ လျော့မတွက်ဖို့ သတိပေးသွားခဲ့ပါတယ်။

ကလော့က “ဒါဟာ အန္တရာယ်များတဲ့ scoreline ဖြစ်ပါတယ်။ အလုပ်ကို ဘယ်လောက် ကြိုးစားသွားဖို့ လိုအပ်နေသေးလဲ? အပြည့်အ၀ပါ။ အခုထိ ဘာမှ မဖြစ်သေးပါဘူး။ ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။

ကျွန်တော်တို့ အနေနဲ့ အပြည့်အ၀ သတိရှိနေရမှာ ဖြစ်ပြီး မှန်ကန်တဲ့ mood မှာ ၁၀၀% ရှိနေရပါမယ်။ ကျွန်တော်တို့ဟာ ပထမပိုင်းလိုမျိုး ဒုတိယပိုင်းကိုလည်း ဒီလိုပဲ ကစားသွားရမှာပါ။ အကယ်၍ ကိုယ့်ဘက် ဒီလို လုပ်နိုင်ခဲ့မယ်ဆိုရင် အရင်က ရထားခဲ့တဲ့ အသာစီးရထားမှုဟာ ကိုယ့်ဘက်မှာ ရှိနေမှာပါ။

အဲဒီမှာ ခက်ခဲတဲ့ atmosphere နဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီညနဲ့ ခြားနားနေမှာပါ။ ဒါဟာ အမြဲတမ်း ဒီအတိုင်းပါပဲ။ အကယ်၍ သူတို့ ကျွန်တော်တို့ကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ သူတို့နဲ့ ထိုက်တန်မှု ရှိလို့ ဖြစ်ပါတယ်။

ဒီလို မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ဘက်က ထိုက်တန်လို့ပါ။ ဒီပြိုင်ပွဲက ဒီလိုပါပဲ။ ကျွန်တော်တို့ ဒီညမှာ အကောင်းဆုံး ကစားခဲ့ပါတယ်။ အခုဆိုရင် နောက်ထပ် ၆ ရက်အကြာမှာ ထပ်ကစားရပါမယ်။ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေအောင် လုပ်သွားရပါမယ်။

 

ဗီလာရီးရဲယ်မှာ ခြားနားတဲ့ အငွေ့အသက်တွေ ခံစားရမှာ ဖြစ်ပြီး ၂-၀ နဲ့ဦးဆောင်ထားမှုကို ဖြေရှင်းသွားရမှာပါ။ အကောင်းဆုံး နည်းလမ်းကတော့ ဒါကို လျစ်လျူရှုကာ ၀-၀ လို့ ယူဆပြီး အနိုင်ရအောင် ကြိုးစား သွားရမှာ ဖြစ်ပါတယ်။”

 

SM