ဆီမီးဖိုင်နယ်ပကျော့မှာ ပြိုင်ဘက်ကို အပြတ်သတ်အသာစီး ကစားကာ ဖိုင်နယ်အတွက် အခြေအနေကောင်းသွားခဲ့တဲ့..လီဗာပူး ၂-၀ ဗီလာရီးရဲယ် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

 

ဂျော်ဒန်ဟန်ဒါဆန်ရဲ့ သွင်းဂိုး လူထိကာ ဂိုး၀င်သွားခဲ့မှု နဲ့ မာနေး တို့ရဲ့ သွင်းဂိုး တို့ဟာ ဗီလာရီးရဲယ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးကို ဖိုင်နယ် တက်ရောက်နိုင်အောင် အခြေအနေကောင်း တစ်ခုကို ရရှိသွားစေခဲ့ပါတယ်။

ပထမပိုင်းဟာ လီဗာပူး ပရိတ်သတ်တွေ အတွက်ကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး မာနေးရဲ့ လွဲချော်မှု ၊ တီယာဂိုရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့မှုတွေ အပြင် အခြား အခွင့်အရေးတွေကို အသုံးမချနိုင်မှုကြောင့် ၀-၀ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ခြားနားတဲ့ ပုံပြင်ဖြစ်သွားခဲ့ပြီး ဖာဘင်ညိုရဲ့ သွင်းဂိုး လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပေမယ့်လည်း ဟန်ဒါဆန်ရဲ့ ဖျက်ထုတ်ဘောဟာ အက်စတူပယ်နီယန်နဲ့ထိကာ လမ်းကြောင်းပြောင်းကာ ၀င်သွားခဲ့တာကြောင့် လီဗာပူးတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။

အဲဒီနောက် ၂ မိနစ် အကြာမှာ မာနေးဟာ ဆာလားရဲ့ ဖန်တီးမှုကနေ ခြေဦးနဲ့ထိုးကာ ဂိုးသွင်းယူခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ လီဗာပူးဟာ အနိုင်ရလဒ်ကို ထိန်းချုပ် ကစားသွားခဲ့ပြီး ပထမအကျော့မှာ ရလဒ်ကောင်းကို ရယူသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~လျှင်မြန်တဲ့ အဆုံးအဖြတ် သွင်းဂိုး ၂ ဂိုး

လီဗာပူး အနေနဲ့ ဗီလာရီးရဲယ် ခံစစ်ကြောင်းကို ပွင့်သွားအောင် လုပ်ရန် အချိန်ယူခဲ့ရပြီး အဖွင့်ဂိုးဟာ ကံကောင်းမှုကနေ တဆင့် ရသွားခဲ့တာ ဖြစ်ကာ ဟန်ဒါဆန်ရဲ့ ဖြတ်တင်ဘောဟာ အက်စတူပယ်နီယန်နဲ့ ထိကာ ဂိုးထဲတန်း၀င်သွားခဲ့တာပါ။ ၂ မိနစ် အကြာမှာပဲ မာနေးဟာ ဆာလားရဲ့ pass ကို ခြေဦးနဲ့ထိုးကာ နောက်တစ်ဂိုး ထပ်သွင်းခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ ရက်က အဲဗာတန်လိုပဲ လီဗာပူးဟာ ခံစစ်ကို အထိုင်ကျကာ ပိတ်ကစားတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် တည်ငြိမ်မှု ပျက်ခဲ့ခြင်း မရှိခဲ့ကာ သူတို့ရဲ့ ကစားဟန် နဲ့ system ကို ယုံကြည်မှု အပြည့်နဲ့ ကစားသွားခဲ့ပါတယ်။ ဒါဟာ ရင့်ကျက်မှု အရည်အသွေး နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု တို့ကြောင့် ဖြစ်ပြီး ဒါဟာ ပြိုင်ဘက်ကို ကျော်ဖြတ်ရာမှာ အရမ်းကို အရေးပါခဲ့ပါတယ်။

၂~အန်ဖီးမှာ ပျောက်ဆုံးခဲ့တဲ့ အမ်မရီရဲ့ magic

အမ်မရီဟာ ဆီဗီလာ နည်းပြဘ၀ ရှုံးထွက်အဆင့် ၁၂ ကြိမ်စလုံးကို အနိုင်ရထားခဲ့တဲ့ အပြင် အာဆင်နယ်မှာ သူ့ရဲ့ ရှုံးထွက်အဆင့် ၄ ကြိမ်စလုံးလည်း အနိုင်ရထားခဲ့သူပါ။ ဒ့ါအပြင် ပြီးခဲ့တဲ့ ရာသီက ဗီလာရီးရဲယ်တို့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ရာမှာလည်း ရှုံးထွက်အဆင့် ၄ ခု စလုံးကို နိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီ ties တွေဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာသာ ဖြစ်ပြီး ပီအက်ဂျီမှာ အမ်မရီရဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အတွေ့အကြုံတွေကတော့ သိပ်ပြီး မကောင်းလှပါဘူး။

ဒီရာသီမှာ စပိန်နည်းပြဟာ ဗီလာရီးရဲယ်ကို ၁၆ သင်းအဆင့်မှာ ဂျူဗင်တပ် ၊ ကွာတားမှာ ဘိုင်ယန် တို့ကို ကျော်ဖြတ်နိုင်အောင် လုပ်ပေးခဲ့သူ ဖြစ်ပြီး ပဲရစ်မှာတုန်းက ဟာတွေကို ဖယ်ထုတ်လိုက်မယ် ဆိုရင် အမ်မရီဟာ အခုဆိုရင် ဆီဗီလာ အာဆင်နယ် နဲ့ ဗီလာရီးရဲယ် တို့နဲ့ ရှုံးထွက်အဆင့် တွေမှာ ၂၂ ကြိမ်တောင် နိုင်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ အမ်မရီရဲ့ အသင်းဟာ အန်ဖီးမှာ လီဗာပူးရဲ့ အပြတ်အသတ် လွှမ်းမိုးကစားခြင်းကို ခံခဲ့ရတဲ့ အပြင် ပြိုင်ဘက်ရဲ့ ၂ ဂိုးအသာနဲ့ ဦးဆောင်မှုကိုလည်း ချေဖျက်ရမှာ ဖြစ်တာကြောင့် ဒုတိယအကျော့မှာ သိပ်ပြီးတော့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ အမ်မရီရဲ့ ရှုံးထွက်အဆင့် မှတ်တမ်းကောင်းဟာ ဆက်လက် တည်ရှိနေဦးမလားဆိုတာ နောက်တစ်ပတ်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

၃~ပြန်လာခဲ့တဲ့ အန်ဖီး ခံတပ်

အန်ဖီးရဲ့ ဥရောပညတွေဟာ ဘယ်ပြိုင်ဘက် အသင်းကို မဆို အခက်ခဲဆုံး အရာတွေကို ပေးစွမ်းနိုင်တဲ့ နေရာမှာ နာမည်ကြီးလှပြီး ယခုမှ မဟုတ်ပါဘူး။ ဒီအသင်းကို လုံး၀ မမှီတဲ့ အရင် လီဗာပူး အသင်းတွေကတောင် အန်ဖီးမှာ ဒီလို လုပ်နိုင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ယူကာ အကြီးကြယ်ဆုံး comeback လုပ်နိုင်ခဲ့တာကို မှတ်မိကြအုံးမှာ ဖြစ်ပါတယ်။ နောက်တစ်နှစ်မှာတော့ လီဗာပူးဟာ အက်သလက်တီကိုရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီး နောက်တစ်နှစ်မှာတော့ လိုက်ပ်ဇစ်ကို ဒီအဆင့်မှာ နိုင်ခဲ့ပါတယ်။

ကွာတားမှာတော့ လီဗာပူးဟာ ရီးရဲယ်နဲ့အန်ဖီးမှာ ဂိုးမရှိသရေကျခဲ့ပြီး ဒီအဆင့် ကနေ နှုတ်ဆက်ခဲ့ရပါတယ်။ ဒီရာသီမှာတော့ အင်တာဟာ ၁၆ သင်း အဆင့်မှာ လီဗာပူးကို နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဘင်ဖီကာ ကလည်း ၃-၃ သရေ ကစားခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အံ့အားသင့်စရာ ကောင်းလောက်အောင်ကိုပဲ အန်ဖီးပရိတ်သတ်တွေ ကာလရှည် စောင့်ခဲ့ရတဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။

၄~အဲဗာတန်ရဲ့ အကူအညီ

လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်ကို နိုင်ခဲ့ပေမယ့်လည်း ပြိုင်ဘက်ရဲ့ ပိတ်ဆို့ကစားတဲ့ ဗျူဟာကို ဖြိုခွင်းနိုင်ရန် အချိန် ၁ နာရီကျော် ယူခဲ့ရပါတယ်။ ရောဘတ်ဆန်ရဲ့ ဂိုးမတိုင်မီ လီဗာပူးဟာ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ အမ်မရီရဲ့ အသင်းဟာ ဂျူဗင်တပ် ဘိုင်ယန်မြူးနစ် တို့နဲ့ ပွဲတွေမှာ ခံစစ်ကို အထိုင်ကျကာ တန်ပြန်တိုက်စစ်ဆင် ကစားခဲ့ပြီး ဒီပွဲစဉ် မတိုင်မီကတည်းက ဒီလိုပုံစံအတိုင်းပဲ ကစားသွားမယ်ဆိုတာ ကြိုသိပြီးသား ဖြစ်ပါတယ်။

အဲဗာတန်နဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်တဲ့ လီဗာပူးဟာ ဒီပွဲစဉ်မှာ low block ကစားတဲ့ အသင်းကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ကောင်းကောင်း သိသွားဟန် ရှိနေပြီး ပထမပိုင်းမှာ ဗီလာရီးရဲယ်ဘက်ကို အခွင့်အရေး များစွာ ဖန်တီးနိုင်ခဲ့ပြီး မာနေးရဲ့ အပိုင်အခွင့်အရေး လွဲချော်မှု နဲ့ တီယာဂိုရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့မှုတွေကြောင့်သာ ဂိုးမရခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လီဗာပူးရဲ့ ကစားအား တင်လာမှုအောက်မှာ ဗီလာရီးရဲယ်တို့ ဆက်လက် တောင့်မခံနိုင်တော့ဘဲ ၅၃ ၅၅ မိနစ်တွေမှာ ဂိုးတွေ ဆက်တိုက် ပေးရခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း လီဗာပူးပဲ ပွဲကို ဆက်လက် လွှမ်းမိုး ကစားသွားခဲ့ပြီး ဒုတိယအကျော့ မတိုင်မီ ၂ ဂိုးအသာ ရလဒ်ကို ရယူသွားခဲ့ပါတယ်။

၅~ကွင်းလယ်ဗိုလ်ချုပ် တီယာဂို

တီယာဂိုဟာ အန်ဖီးပရိတ်သတ်တွေကို အကောင်းဆုံး သွင်းဂိုးနဲ့ ဖျော်ဖြေပေးနိုင်ဖို့ အတော်လေး နီးစပ်ခဲ့ပြီး ပထမပိုင်းမှာ ၎င်းရဲ့ အဝေးကန်ချက်ဟာ တိုင်ထိထွက်သွားခဲ့တာပါ။ တီယာဂိုဟာ ပေါ်တိုနဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာတုန်းက လှပတဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အနည်းငယ် ကံမကောင်းခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ တီယာဂိုရဲ့ passing စွမ်းရည်တွေကတော့ တကယ့်ကို ကောင်းလွန်းခဲ့ပါတယ်။ တီယာဂိုရဲ့ အကွက်မြင်လှတဲ့ အဝေးပေး အနီးပေးနဲ့ ထိုးထွင်းပေးတဲ့ pass တွေဟာ ပြိုင်ဘက်တွေ အတွက် တားဆီးရ ခက်ခဲစေခဲ့ပါတယ်။

လူတော်တော်များများက ပွဲတွေ ဆက်တိုက် ကစားထားခဲ့ရတဲ့ တီယာဂိုကို ဒီပွဲမှာ အနားပေးမယ်လို့ ထင်ခဲ့ကြပေမယ့်လည်း ဒီအချိန်မှာ တီယာဂိုဟာ ခြေချော်လို့ လုံး၀မရတဲ့ လီဗာပူး အတွက် ချန်လှပ်ဖို့ မဖြစ်နိုင်တဲ့ ကစားသမား ဖြစ်နေပါတယ်။

SM