ဆီမီးကို ခြေတဘက်လှမ်းတဲ့ လီဗာပူး ၊ အကြာကြီးနားရတော့မယ့် ဂန်းနား ၊ လူငယ်လေးကို စာချုပ်နိုင်တော့မယ့် ဘာဆာ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဘာစီလိုနာ အသင်းဟာ လူငယ်လေး ရော်နယ် အာရူဟို ကို စာချုပ်သစ် ချုပ်ဆို နိုင်တော့မယ်လို့ သတင်းကောင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ တာဝန်ရှိသူတွေဟာ အာရူဟို ရဲ့ အေးဂျင့် နဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီး အပေါင်း လက္ခဏာဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ် ခဲ့ပါတယ် ။

အာရူဟို ကို စာချုပ်ဆက်ချုပ် ဖြစ်တော့မှာ ဖြစ်ပေမယ့်လည်း ချဲလ်ဆီး ခံစစ်မှူး ခရစ်ရှန်ဆန် ကို ခေါ်ယူရေး ကို ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

ဘာစီလိုနာဟာ ဘိုင်ယန် နဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေး နေတဲ့ တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ကို စောင့်ကြည့် ထားပြီး ဂျာမန် ထိပ်သီး နဲ့ စာချုပ် ဆက်မချုပ်ဖြစ်တော့ပါက ကမ်းလှမ်းဖို့ စိတ်ကူး နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

အမျိုးသမီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာ ရီးရဲမက်ဒရစ် ကို အနိုင် ကစားပြ အပြီးမှာတော့ ဘာစီလိုနာ အမျိုးသမီး အသင်းရဲ့ ဝုဖ်ဘတ် နဲ့ ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် နူးကမ့် ကွင်းက လက်မှတ် အားလုံးဟာ ရောင်းထွက် သွားခဲ့ပြီလို့ သိရှိရ ပါတယ် ။

နှလုံးခုန် မူမမှန်မှုကြောင့် ၃ လ ခန့် အနားယူခဲ့ရပြီး ပြန်လည် ကောင်းမွန်လာတဲ့ ဘိုင်ယန် နောက်ခံလူ အယ်ဖွန်ဆို ဒါးဗစ် ဟာ ဗီလာရီးရဲ အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပါဝင် နိုင်ချေ ရှိတယ်လို့ ဘိုင်ယန် နည်းပြ နာဂယ်စမန်း က ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းရဲ့ နောက်ခံလူ ကီရင် တိုင်ယာနီ ဟာ ဒူးဒဏ်ရာ ကို ခွဲစိတ် ကုသမှု ခံယူ ရတော့မှာ ဖြစ်တာကြောင့် ရာသီကုန် အထိ လက်ကျန် ပွဲအားလုံးကို လွဲချော် တော့မှာ ဖြစ်သလို စကော့တလန် အသင်းရဲ့ ကမ္ဘာ့ဖလား Play-off ပွဲကိုပါ လွဲချော်မယ့် အနေအထား ရှိလာခဲ့ပြီ လို့ သိရှိရ ပါတယ် ။

တူရကီ ကလပ် ဖီနာဘာချီ ဟာ အေစီမီလန် နဲ့ အပြိုင် လီဗာပူး တိုက်စစ်မှူး အိုရီဂီ ကို စိတ်ဝင်စား လာခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဗြိတိန်ဟာ ဘောလုံး ကစားသမားတွေ ကို လောင်းကစား နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်ခြင်း မပြုဖို့ တားမြစ် လိုက်ပြီး အဆိုပါ ကြော်ငြာတွေ ကိုလည်း နိုင်ငံတွင်းမှာ မပြသဖို့ တားမြစ်ချက် ထုတ်ပြန် သွားခဲ့ ပါတယ် ။

မန်ချက်စတာ ရဲတပ်ဖွဲ့ဟာ လာမယ့် တနင်္ဂနွေမှာ ကစားမယ့် မန်စီးတီး – လီဗာပူး ပွဲအတွက် လုံခြုံရေး တိုးမြှင့်ချထားဖို့ စီစဉ် နေပြီး ၂ ဘက် ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားနိုင်တာကို ခန့်မှန်း သုံးသပ် ပြင်ဆင် နေကြတယ်လို့ သိရပါတယ် ။

နောက်ဆုံး ကြားသိရတဲ့ သတင်းအရ လီဗာပူး ပရိသတ် အချို့ဟာ မန်စီးတီး ပရိသတ်တွေ ရှိတဲ့ ပွဲကြည့်စင် ဘက်ခြမ်း အထိ လက်မှတ်တွေ ဝယ်ယူထားတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး ပရိသတ်တွေ ကတော့ မန်ချက်စတာသား ဖြစ်တဲ့ အန်တိုနီ တိုင်လာ ကို မန်စီးတီး နဲ့ ပွဲ အတွက် ကွင်းလယ်ဒိုင် အဖြစ် တာဝန်ပေးခဲ့မှု အပေါ် စိတ်ဆိုး ဒေါသထွက် ခဲ့ကြတယ်လို့ သိရပါတယ် ။

ယမန်နေ့ ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ မှာတော့ လီဗာပူး ဟာ ဘင်ဖီကာ ကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင် ကစားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အလားအလာ ကောင်းသွားခဲ့ ပါတယ် ။

လီဗာပူး အတွက် ကိုနာတေး ၊ မာနေး နဲ့ လူးဝစ် ဒီယာ့ဇ် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ ကြပါတယ် ။

အင်္ဂလန်မြေပေါ်မှာ ကစားခဲ့တဲ့ ပွဲမှာတော့ မန်ချက်စတာ စီးတီး ဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို ၁-၀ နဲ့ အနိုင် ကစားခဲ့ပြီး ကယ်ဗင် ဒီဘရိုင်းနား က တလုံးတည်းသော ဂိုးကို သွင်းယူ သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အဲရစ် တန်ဟတ် ကို နည်းပြအဖြစ် ခန့်အပ် ခဲ့ပါက စတိဗ် မက္ကလာရင် ကို နည်းပြ အဖွဲ့ဝင်ထဲ ခေါ်ယူ ထည့်သွင်း သွားဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

မက္ကလာရင် ဟာ ယူနိုက်တက် မှာ ဖာဂူဆန် ရဲ့ လက်ထောက် အဖြစ် လုပ်ကိုင်ခဲ့ဖူးသလို မစ်ဒယ်ဘရော့ နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူး ပါတယ် ။

ဒါ့အပြင် လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက အဲရစ်တန်ဟတ် ဟာ နယ်သာလန် ကလပ် တွမ်တီး အသင်း ရဲ့ နည်းပြ အဖြစ် လုပ်ကိုင်နေတဲ့ မက္ကလာရင် ရဲ့ လက်ထောက် အဖြစ် လုပ်ကိုင် ခဲ့ဖူးတယ် လို့လည်း သိရှိရ ပါတယ် ။

 

SPORTS MYANMAR