ဆီဗီးလား ကို အနိုင်ယူပြီး အဆင့် ၂ နေရာ ရောက်ရှိလာခဲ့တဲ့နောက် ချန်ပီယံဆု နဲ့ ပတ်သက်ပြီး ပြောကြားလာတဲ့ ဇာဗီ

လူငယ် ကြယ်ပွင့် ပီဒရီ ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အတူ ဘာစီလိုနာ အသင်းဟာ ဆီဗီးလား အသင်းကို အနိုင်ယူပြီး လာလီဂါ အမှတ်ပေး ဇယား အဆင့် ၂ နေရာ ရောက်ရှိ လာခဲ့ပါတယ် ။

ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ ကတော့ အဆင့် ၂ နေရာ ရောက်ရှိလာပြီးနောက် အမှတ်ပေး ချန်ပီယံဆု ရယူနိုင်ဖို့ သင်္ချာ နည်းအရ ဖြစ်နိုင်ချေ နည်းပါးနေပေမယ့် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ လိဂ် ပြိုင်ပွဲမှာ ၁၅ ပွဲဆက်တိုက် ရှုံးပွဲ မရှိ ဖြစ်နေတဲ့ ဆီဗီးလား အသင်းကို အနိုင်ယူပြီး ရီးယဲလ်မက်ဒရစ် အသင်း နဲ့ ၁၂ မှတ်အကွာကို ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်းဟာလည်း လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ မရှိတာ ၁၄ ပွဲဆက် ရှိသွားခဲ့ပါပြီ ။

ပွဲအပြီး အင်တာဗျူးမှာတော့ ဘာစီလိုနာ နည်းပြ ဇာဗီ က ” ကျွန်တော် ကတော့ အသင်းရဲ့ လက်ရှိ အခြေအနေ အပေါ် လုံးဝ အကောင်းမြင်ထားပါတယ် ။ ကျွန်တော် က အလုပ် ၊ ကြိုးစားအားထုတ်မှု ၊ အနစ်နာခံမှု နဲ့ စုပေါင်း လုပ်ကိုင်မှုတွေ အပေါ် ယုံကြည်မှု ရှိပါတယ် ။ ”

” ကျွန်တော်တို့ ကစားတာ သိပ်ကောင်းသလို အားပေးထောက်ခံမှုလည်း အပြည့် ရခဲ့ပါတယ်၊ ကျွန်တော်တို့ အားလုံး အတူ ကြိုးစား အတူ ပြေးလွှားခဲ့ကြပါတယ် ။ ဒီလို အခြေခံတွေ ရှိနေမှတော့ ရလဒ်ကောင်းတွေ ရသင့်တာ အမှန်ပါပဲ ။ ”

“ဒီရာသီရဲ့ အကောင်းဆုံး အခိုက်အတန့် တစ်ခုပါပဲ ၊ ကျွန်တော်တို့ ပြိုင်ဘက်ကောင်း အသင်းတစ်သင်းကို လွှမ်းမိုး ကစား နိုင်ခဲ့ပါတယ် ၊ ခံစစ် အကောင်းဆုံး အသင်း ကို ပေါ့ဗျာ ၊ ဆီဗီလား က တကယ့် စူပါ အသင်း တစ်သင်းပါ ၊ သူတို့ရဲ့ နည်းပြ လိုပီတီဂူ ကလည်း ခမ်းနားတဲ့ နည်းပြ တစ်ဦးပါ ။ ”

ဘာစီလိုနာ အသင်းဟာ လိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း သုံးပွဲဆက် ပေးဂိုး မရှိအောင် ကစားထားနိုင်ပါတယ် ။ ဆက်လက်ပြီး ဇာဗီ က တခြားအသင်းတွေကို သတိပေးတာမျိုးထက် ကိုယ့်ကိုယ်ကို သတိပေးပြီး ချန်ပီယံဆုအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ် ။

” ကျွန်တော်တို့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ သတင်းစကားပါးမှာ မဟုတ်ပါဘူး ၊ ကိုယ့်ကိုယ်ကိုပဲ သတင်းစကားပါးမှာပါ ၊ ကျွန်တော်တို့ အနိုင်ယူနိုင်ခဲ့တာကြောင့် အောင်ပွဲ အပေါ် အောင်ပွဲ ခံရမှာပါပဲ ၊ ပရိသတ်တွေရဲ့ အားပေးမှု နဲ့ ဝန်းကျင်က တကယ့်ကို ကြီးကျယ် ခမ်းနား ခဲ့ပါတယ် ၊ လာလီဂါ မှာ ကိန်းဂဏန်း အချက်အလက်တွေအရ ပြတ်ပြတ်သားသား အဖြေမပေါ်သေးသရွှေ့ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲ ဝင်သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM