ဆာလာ ရဲ့ စာချုပ်သစ် ကိစ္စကို နှစ်ဖက် အဆုံးအဖြတ်ပေးနိုင်တဲ့ သူတွေ မျက်နှာချင်းဆိုင် ဆွေးနွေးနေတယ်လို့ အတည်ပြု လိုက်တဲ့ ကလော့ပ်

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက လီဗာပူး နဲ့ ဆာလာ တို့အကြား စာချုပ်သစ် ဆိုင်ရာ ကိစ္စရပ်တွေ သဘောတူညီမှု ရယူနိုင်တော့မယ့် အကြောင်းကို Mirror, Daily Star, Daily Express သတင်းစာကြီး 3 ခုက မျက်နှာဖုံး သတင်းအဖြစ် တစ်ပြိုင်နက် ထူးထူးဆန်းဆန်း ဖော်ပြခဲ့ ပါတယ်။

ပိုပြီး ထူးခြားတာ က အဲဒီ သတင်းကို သတင်းထောက် တစ်ယောက်ထဲက ရေးသားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသတင်းကို အကျယ်တဝင့် ဖော်ပြခဲ့တဲ့ သတင်းစာ 3 စောင် စလုံးဟာ ပိုင်ရှင် လုပ်ငန်း တစ်ခုတည်းအောက်မှာ ရပ်တည်ကြတဲ့သူတွေ ဖြစ်တာမို့ ၊ ရောင်းအားကောင်းစေဖို့ ဖန်တီးတာမျိုး ဖြစ်နိုင်တယ် ဆိုတဲ့ မှတ်ချက်ပေးမှုတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

သို့သော် ဒီမနက်မှာတော့ ပေါ်တူဂီ အခြေစိုက် သတင်းထောက်တစ်ချို့ ကလဲ ဆာလာ ရဲ့ စာချုပ်သစ် ကိစ္စကို နောက်တစ်ကြိမ် ရေးသားလာကြပြီး ၊ ဆွေးနွေးမှုတွေ ဟာ နောက်ဆုံး အဆင့်ကို ရောက်နေပြီ ဖြစ်သလို ၊ အီဂျစ်သားဟာ လီဗာပူး သမိုင်းကြောင်း တလျှောက် လုပ်ခ လစာ အများဆုံး ကစားသမားမျိုး ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

အဲဒီလို ဆက်တိုက် ပေါ်ထွက်နေတဲ့ သတင်းတွေကြောင့်ပဲ ဒီညမှာ ပြုလုပ်ခဲ့တဲ့ ဘင်ဖီကာနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြကြီး ကလော့ပ်ကို ၊ ဆာလာ ရဲ့ စာချုပ်သစ် အကြောင်း မှတ်ချက်ပေးဖို့ မေးခွန်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

ဂျာမန်သားကြီး ကတော့ သူ့အနေနဲ့ “ကျေနပ်နေတယ်” ဆိုတဲ့ အကြောင်းကို အစချီကာ “ အထွေအထူးတော့ ထပ်ပြီး ပြောစရာ မရှိသေးပါဘူး။ အဆုံးအဖြတ် ပေးနိုင်တဲ့ နှစ်ဖက် ကိုယ်စားလှယ်တွေ အပြန်အလှန် ဆွေးနွေးနေကြပါတယ်။ ကျနော် လိုချင်တာလဲ ဒါမျိုးပါပဲ။ လက်ရှိ အနေအထားက အဲဒီလိုပါ” လို့ တုန့်ပြန် သွားခဲ့ ပါတယ်။

ကလော့ပ် ရဲ့ စကား အရ ဆာလာ ရဲ့ ကိုယ်စားလှယ် နဲ့ လီဗာပူး က ထိပ်တန်း တာဝန်ရှိသူတွေ အကြား စာချုပ်သစ် ကိစ္စ အကြိတ်အနယ် ဆွေးနွေးနေကြတာ သေချာပါတယ်။ တစ်ချိန်တည်းမှာ နှစ်ဖက် အပေးအယူ မျှမျှတတ နဲ့ လက်ခံနိုင်တဲ့ အခြေအနေ တစ်ခုကို ရောက်ရှိနိုင်လိမ့်မယ်လို့ ဦးတည်ထားကြဟန် တူပါတယ်။

သေချာတာ တစ်ခုက “လီဗာပူး ဘက်က တစ်ခုခု ပြောလိုက်တိုင်း” Twitter ကနေ စတေးတပ်တင်ကာ တုန့်ပြန်လေ့ရှိတဲ့ ဆာလာ ရဲ့ အေးဂျင့် ဖြစ်သူဟာ အခုတလောမှာ အဲဒီလိုမျိုး သိပ်မလုပ်တာ ကြည့်ရရင် ၊ နှစ်ဖက် ဆွေးနွေးမှုတွေက လေးလေးနက်နက် ဖြစ်နိုင်တယ်လို့ ယူဆလို့ ရပါတယ်။

လီဗာပူး ပရိသတ်တွေ ကတော့ သတင်းကောင်းပဲ ပေါ်ထွက်လာဖို့ မျှော်လင့်နေကြမှာပါ။

နောက်ထပ် သတင်းကောင်း တစ်ခုကို ပြောရရင် ပွဲကျပ် ကာလ ဆက်တိုက် ဆင်နွှဲရမယ့် လီဗာပူး ဟာ လက်ရှိ အနေအထားမှာ ဒဏ်ရာပြသနာ ကင်းစင်လျှက် ရှိနေပါတယ်။

ဝက်ဖို့ဒ် နဲ့ ပွဲတုန်းက ကစားသမား စာရင်းမှာတောင် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ နာဘီ ကီတာ ဟာ လေ့ကျင့်ခန်း အစီအစဉ်တွေကို အပြည့်အ၀ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်သလို ၊ ခြေကျင်းဝတ် ဒဏ်ရာ အနည်းငယ် ရခဲ့တဲ့ ကာတစ် ဂျုံးကလဲ စိုးရိမ်စရာ မရှိတဲ့ အကြောင်းကို ကလော့ပ် ကိုယ်တိုင်က အခုလို ပြောပြသွားခဲ့ ပါတယ်။

“ ကစားသမား စာရင်း အပြည့် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တဲ့ သတင်းက ဟုတ်ပါတယ်။

ကာတစ် ရဲ့ ခြေကျင်းဝတ်က နည်းနည်းလေး ယောင်နေသေးပေမယ့် နေ့ညပဲ ပျောက်သွားမှာပါ။ မာတစ် လဲ ဒီအတိုင်းပါပဲ။ ကစားသမားတွေ အကုန်လုံး အခုလို ဒဏ်ရာ ကင်းစင်နေတာ တကယ်ကို အားရဖို့ ကောင်းပါတယ်။ ထူးထူးဆန်းဆန်းလို့တောင် ပြောလို့ရပါတယ်။

အာနိုး ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေတာ 4-5 ရက်တောင် ရှိနေပါပြီ။ ရက် အတိအကျ မမှတ်မိတော့ပေမယ့် ၊ ပြန်ကစားပေးဖို့ အသင့်ဖြစ်နေတာ သေချာပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM