စိန့်တို့နဲ့ တွေ့တိုင်း တီမို ဗာနာ ခြေပေါ်ခဲ့တဲ့ ဆောက်သမ်တန် ၀ – ၆ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ မှာ နောက်ဆုံး international break အပြီး အိမ်ကွင်း ၂ပွဲဆက် ဂိုးပြတ်ရှုံးထားတဲ့ ချဲလ်ဆီး ဟာ တန်းဆင်းဇုန် အန္တရာယ် မရှိနေတဲ့ ဆောက်သမ်တန် အသင်းကို ဂိုးဒါဇင်ဝက် သွင်းကာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

အရှေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျ ၂ပွဲဆက် ပေးဂိုး ၇ဂိုး အထိ ရှိခဲ့တာကြောင့် ဝေဖန်မှုအောက် ရောက်နေခဲ့တဲ့ မန်ဒီ ဟာ မနေ့ည က ပွဲမှာ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားခဲ့ပြီး ၊ ဆောက်သမ်တန်ဖက်က ရခဲ့တဲ့ တလုံးတည်းသော ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုကို လက်စွမ်းပြ ကာကွယ်ကာ Clean Sheet ရယူသွားခဲ့ပါတယ် ။

နောက်တန်း – အန်ဒရီယာစ် ခရစ်တန်ဆန် ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

နောက်ဆုံး ၂ပွဲဆက် ခံစစ် စွမ်းဆောင်ရည် ကြီးကြီးမားမား လှုပ်ခတ်ပြီးနောက် ၊ အရင်လို ကျစ်လျစ်တဲ့ ပုံစံမျိုး ချဲလ်ဆီး အသင်း မနေ့ညက ပွဲမှာ ပြန်ရခဲ့ပါတယ် ။ ရင်ဆိုင်ခဲ့ရတဲ့ အသင်းဟာ ဆောက်သမ်တန်သာ ဖြစ်ပေမယ့် ၊ ချဲလ်ဆီး အဖို့တော့ လာမယ့် အပတ် အတွင်း ကစားရမယ့် ဖိုင်နယ်သဖွယ် ရှုံးထွက်ဖလား ၂ပွဲ အတွက် ဒီရလဒ် က အထူး အရေးကြီးခဲ့ပါတယ် ။

ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေတဲ့ ခရစ်တန်ဆန် ဟာ ကြားရက်က ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ဗင်နီးစီးယပ်စ် ဂျူနီယာကို မထိန်းနိုင်ခဲ့ပေမယ့် ၊ မနေ့ညက ပွဲမှာ ဆောက်သမ်တန် ဘယ်တောင်ပံ က အယ်ယွန်နူစီနဲ့ တိုက်စစ်မှူး ချေအဒမ်စ်တို့ကို ပွဲချိန် အများစု ထိန်းပြနိုင်ခဲ့ပါတယ် ။

အလားတူ အရှေ့ ၂ပွဲဆက် ရှားရှားပါးပါး ခံစစ် စွမ်းဆောင်ရည် နုံချာခဲ့တဲ့ သီယာဂို ဆေးလ်ဗားနဲ့ ရူဒီဂါ တို့ဟာလည်း နဂို ပုံစံကောင်း ပြန်လည် ရှာတွေ့ခဲ့ပြီး ၊ ခံစစ် ကျစ်လျစ်ခဲ့ရုံမက ၊ ကွင်းလယ် အထိပါ တက်ပြီး ဘောလုံး ပိုင်ဆိုင်မှု ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားပေးခဲ့ကြပါတယ် ။

ကွင်းလယ် – ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 8 ) ၊ အန်ဂိုလို ကန်တေ ၊ မတ်တီယို ကိုဗာဆစ် ( Rating – 7 ) ၊ မားကို့စ် အလွန်ဆို ( Rating – 8 )

ပြိုင်ဖက်တွေကို အရင်လို ဒုက္ခပေးနိုင်ခဲ့တဲ့ wing-back ကစားအားကို မနေ့ည က ပြန်လည် မြင်တွေ့ခဲ့ရကာ ၊ ပိုပြီး ထူးခြားခဲ့တာ က ဒီရာသီ ကစားခဲ့တဲ့ ပွဲအများစုမှာ သာမန် ခြေစွမ်း အဆင့်သာ ပြသနိုင်ခဲ့တဲ့ လော့ဖ်တပ်စ်ချိခ် ဟာ wing-back ကဏ္ဍနဲ့ အတော်လေး အံဝင်ခဲ့ခြင်း ဖြစ်ပါတယ် ။

၂ဦးစလုံးဟာ ဘန်ချေဝဲလ် ၊ ရိစ်ဂျိမ်းစ်တို့လောက် cross တွေ မထွက်ခဲ့ပေမယ့် ၊ အချိန်ပြည့် တိုက်စစ်ပြီး တိုက်စစ် ကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ် ။ ညာခြမ်းမှာ လော့ဖ်တပ်စ်ချိခ်ရဲ့ ခြေရာတွေ ပြည့်နှက်ခဲ့ပြီး ၊ မေဆင်မောင့်ရဲ့ ဒုတိယ ဦးဆောင်ဂိုးမှာ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ပါတယ် ။

ထို့အတူ အလွန်ဆို ဟာလည်း ခံစစ်ကို အများကြီး ပံ့ပိုးပေးစရာ မလိုခဲ့တာကြောင့် တိုက်စစ်မှာ ဗာနာနဲ့ အတော်လေး အတွဲအဖက် မိခဲ့ပြီး ၊ အရေးပါတဲ့ အဖွင့်ဂိုးကို လှလှပပ ပိတ်သွင်းနိုင်ခဲ့ပါတယ် ။

ကွင်းလယ် အတွဲအဖက်မှာတော့ ကန်တေနဲ့ ကိုဗာဆစ် work rate အပြည့်နဲ့ ပြန်လာနိုင်ခဲ့ပါတယ် ။

တန်ပြန်တိုက်စစ် break တွေမှာ ၄င်းတို့ ၂ဦးလုံး လိုအပ်သလို ပြိုင်ဖက်ဆီက ဘောလုံး တားဆီးတာတွေ ၊ အသင်းဖော်တွေ အတွက် ဘောလုံး ဖြန့်ဝေပေးတာတွေ လုပ်ပေးနိုင်ခဲ့ပါတယ် ။ ကန်တေ ဆိုရင် ပဉ္စမမြောက် ဦးဆောင်ဂိုးမှာ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့ကာ ၊ ဖန်တီးမှု အချို့ စွမ်းဆောင်ပေးခဲ့ပါတယ် ။

တိုက်စစ် – မေဆင်မောင့် ၊ တီမို ဗာနာ ( Rating – 9 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 7 )

မနေ့ည က ပွဲမတိုင်ခင် အထိ ပထမ အကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှသာ ဒီရာသီ ပရီးမီးယားလိဂ်ဂိုး ရထားတဲ့ ဗာနာ ဟာ စိန့်နဲ့ တွေ့တိုင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းသွားခဲ့ပါတယ် ။ ကံတရားရဲ့ မျက်နှာသာပေးမှုသာ ရခဲ့ရင် ဗာနာ တယောက် ၅ဂိုးလောက် ရခဲ့နိုင်မှာ ဖြစ်ပါတယ် ။

တတိယ ဦးဆောင်ဂိုးမှာ တန်ပြန်တိုက်စစ် ပြန်စချိန် ၊ ဆောက်သမ်တန် ကွင်းလယ်လူ ဝက်ပရောက်စ် နောက်ပြန်ပေးပုံ မှားယွင်းခဲ့ရာကနေ ဗာနာ တယောက်တည်း ဆွဲဆွဲပြေးပြေးနဲ့ ဂိုးသမားပါ လိမ်ခေါက်ပြီး သွင်းယူနိုင်ခဲ့ပြီး ၊ ပဉ္စမ ဦးဆောင်ဂိုးမှာ tap-in သွင်းဂိုးမျိုး ဖြစ်ခဲ့ပေမယ့် ၊ ဒါဟာ ဗာနာ အတွက် ယုံကြည်မှု ကြီးကြီးမားမား ပြန်ရစေခဲ့ပြီ ဖြစ်ပါတယ် ။

ဝေဖန်မှုတွေကြောင့် ဆံပင်ပုံစံ ပြန်ပြောင်းခဲ့တဲ့ မောင့်ဟာလည်း ဗာနာ နည်းတူ အထူး ခြေပေါ်ခဲ့ပြီး ၊ ၂ဂိုးသွင်း တဂိုး ဖန်တီးနိုင်ခဲ့ကာ ၊ ဒီရာသီ ချဲလ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား အဖြစ် သက်သေထူထားပါတယ် ။ အလွန်ဆို အတွက် ဖန်တီးပေးခဲ့တဲ့ အလုံးနဲ့ ပင်နယ်တီ ဧရိယာ ပြင်ပက ကန်သွင်းခဲ့တဲ့ ဒုတိယ ဦးဆောင်ဂိုး ဟာ တကယ့် အရည်အသွေးမြင့်တွေ ဖြစ်ပါတယ် ။

အရှေ့ ၂ပွဲမှာ ခြေစွမ်းကျမသွားခဲ့တဲ့ ဟာဗက်ဇ် ဟာလည်း မနေ့ည က ပွဲမှာ တော်သင့်သလောက် ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ ဗာနာနဲ့ မောင့်တို့ စပါယ်ရှယ် စွမ်းဆောင်ပြလို့သာ ခြေစွမ်း အနည်းငယ် ငုပ်လျှိုးခဲ့သယောင် ဖြစ်ခဲ့ပါတယ် ။ သို့ပေမယ့် ၄င်းဟာလည်း စတုတ္ထ ဦးဆောင်ဂိုး သွင်းခဲ့ပြီး ၊ လူကာကူကို ကျော်ကာ ဘာကြောင့် နေရာဆက်ရသင့်လဲ ဆိုတာ သက်သေပြနိုင်ခဲ့ပြန်ပါတယ် ။

လူစားဝင် ကစားသမားများ – ခရစ်တီယန် ပူလီဆစ် ၊ ရိစ်ဂျိမ်းစ် ( Rating – 7 ) ၊ ဟာကင် ဇီယက်ခ်ျ ( Rating – 6 )

SPORTS MYANMAR