စတိဗ် မက္ကလာရင် ကို လက်ထောက် နည်းပြ အဖြစ် ခန့်အပ်ချင်နေတဲ့ တန်ဟတ်

 

ယူနိုက်တက် နည်းပြသစ် တန်ဟတ် က သူ့ရဲ့ လက်ထောက်နည်းပြတွေ အဖြစ် မစ်ချယ် ဗန်ဒါဂတ် နဲ့ အတူ ၊ အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း စတိဗ် မက္ကလာရင် ကို ပါခန့်အပ်ဖို့ ဆန္ဒရှိနေပေမယ့် ကလပ် အသင်း ရဲ့ တာဝန်ရှိသူတွေ အကြားမှာတော့ မက္ကလာရင် ကို ခန့်အပ်ဖို့ အစီအစဉ် အပေါ် ဆန့်ကျင်လျှက် ရှိနေပါတယ်။

 

ယူနိုက်တက် ဟာ မကြာခင် ကပဲ တန်ဟတ် ကို နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ သို့သော် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေ ဟာ ဘယ်သူတွေ ဘယ်ဝါတွေ ဖြစ်တယ် ဆိုတာ ဖော်ပြထားခြင်း မရှိသလို ၊ မစ်ချယ် ဗန်ဒါဂတ် နဲ့ စတိဗ် မက္ကလာရင် တို့ အကြောင်းလဲ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

တန်ဟတ် နဲ့ မက္ကလာရင် တို့ဟာ 2008 ခုနှစ် က နယ်သာလန် မှာ အတူတူ လက်တွဲ အလုပ် လုပ်ကိုင်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ မက္ကလာရင် က FC Twente ကို နည်းပြ အဖြစ် တာဝန်ယူခဲ့ချိန်မှာ ၊ တန်ဟတ် ကို သူ့ရဲ့ လက်ထောက် နည်းပြ အဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းရောက်မှ PSV အသင်းဆီ ပြောင်းရွှေ့ သွားခဲ့တာပါ။

တန်ဟတ် ဟာ ယူနိုက်တက် နဲ့ 3 နှစ် သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုခဲ့ပြိး ၊ အလိုအလျှောက် တစ်နှစ် သက်တမ်းတိုးခွင့် အချက်အလက်ပါ ထည့်သွင်းထားပါတယ်။ သို့သော် နည်းပြ အဖွဲ့ဝင်တွေ နဲ့ ပတ်သက်လို့ မည်သည့် အကြောင်းအရင်းမှာ ထည့်သွင်း ဖော်ပြခြင်း မရှိတာ က ထူးဆန်းနေပါတယ်။

စာချုပ် ဆိုင်ရာ ကိစ္စရပ်တွေ အတွက် ယူနိုက်တက် ဘက်က Matt Judge က ဦးဆောင်ခဲ့ပြီး ၊ တန်ဟတ် အနေနဲ့ နည်းပြ အဖွဲ့ဝင် ရွေးချယ်မှု အပေါ် စိတ်ကြိုက် စာရင်း ဆွဲထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ နားလည်ရပါတယ်။ အဲဒီ ထဲမှာ ဗန်ဒါဂတ် က ထိပ်ဆုံးက ဖြစ်သည့်တိုင်အောင် ၊ လက်ရှိ အချိန်ထိ ကာယကံရှင် ကိုယ်တိုင်က အေဂျက် ကနေ ထွက်ခွာမယ့် အကြောင်း မဆုံးဖြတ်သေး သလို ၊ ယူနိုက်တက် နဲ့ စာချုပ် ဆိုင်ရာ ကိစ္စရပ် ဆွေးနွေးမှုတွေ ကလဲ ဆက်လက် ညှိနှိုင်းနေကြဆဲ လို့ နားလည်ရပါတယ်။

 

ကလပ် အသင်း ကတော့ နှစ်ယောက် စလုံး ကို ခန့်အပ်ဖို့ မီးစိမ်း ပြဟန် မရှိပါဘူး။ လက်ရှိ အသင်းရဲ့ နည်းပြ အဖွဲ့ဝင်တွေ ထဲမှာလဲ ဖာဂူဆန် လက်ထက် က လက်ထောက် နည်းပြဟောင်းကြီး မိုက် ဖီလန် ၊ နည်းစနစ် ဒါရိုတ်တာ အဖြစ် ဆောင်ရွက်နေတဲ့ ဒါရင် ဖလက်ချာ တို့ ရှိနေသလို ၊ ယာယီ နည်းပြ ရန်နစ် ဆိုရင် သူ့ ကစားသမားတွေ ကို အော်ဟစ် ညွှန်ကြားခြင်း မလုပ်ဖို့ ဖလက်ချာ ကို သတိပေး ခဲ့ဖူးပါတယ်။

ဒါ့အပြင် ဆိုးရှား လက်ထက် က အကယ်ဒမီ ကနေ ရာထူး တိုးပေးခဲ့တဲ့ Eric Ramsay လဲ ရှိနေပါတယ်။ Chris Armas ကတော့ ရန်နစ် နည်းပြ ရာထူး ကနေ ဖယ်ပေးလိုက်တဲ့ တစ်ပြိုင်နက် အသင်းနဲ့ လမ်းခွဲမှာ ဖြစ်ပြီး ၊ ဂိုးနည်းပြ အဖြစ် Richard Hartis က တာဝန်ယူ ထားပါတယ်။

 

တန်ဟတ် က မက္ကလာရင် ကို လိုချင်တဲ့ အကြောင်းအရင်းဟာ သူ့ရဲ့ အင်္ဂလန် ဘောလုံး လောက အကြောင်း ထိတွေ့ နှံ့စပ်မှု နဲ့ ယူနိုက်တက် မှာလဲ တာဝန်ယူခဲ့ဖူးတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ မက္ကလာရင် ဟာ 1999 ခုနှစ် ဖလား သုံးလုံး ဆွတ်ခူးခဲ့ချိန် က ဖာဂူဆန် ရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။

တန်ဟတ် ကို နည်းပြသစ် အဖြစ် အဓိက ရွေးချယ်ခဲ့ သူတွေက Sporting Director John Murtough နဲ့ အမှုဆောင်ချုပ်သစ် Richard Arnold တို့ ဖြစ်ပြီး ၊ ဆိုးရှား ခေတ် အလွန်မှာ John Murtough ဟာ ယူနိုက်တက် ရဲ့ ပါဝါပိုင်းမှာ တော်တော်လေး လုပ်ကိုင်ခွင့် ရရှိနေတယ်လို့ ပြောဆိုလျှက် ရှိပါတယ်။

SPORTS MYANMAR