ဂျူဗင်တပ်စ် အသင်းရဲ့ ဒီရာသီ အမှတ်ပေး ချန်ပီယံဆု အိပ်မက် အဆုံးသတ်သွားခဲ့ပြီလို့ ဝန်ခံလိုက်တဲ့ အယ်လီဂရီ

ဂျူဗင်တပ်စ် အသင်း နည်းပြ အယ်လီဂရီ ဟာ အိမ်ကွင်းမှာ ပြိုင်ဘက် အင်တာမီလန် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် ခဲ့ပြီးနောက် သူတို့ရဲ့စကူဒက်တို အိပ်မက် အဆုံးသတ် သွားခဲ့ပြီ ဖြစ်ကြောင်း ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ဂျူဗင်တပ်စ် အသင်းဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၃ ကြိမ် နဲ့ အင်တာမီလန် အသင်းကို လွှမ်းမိုး ကစား နိုင်ခဲ့ပေမယ့် သွင်းဂိုး ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိပါဘူး ။ ပွဲအဖြေ အပြောင်းအလဲ ဖြစ်စေခဲ့တာကတော့ ချာဟာနိုဂလူး ရဲ့ပင်နယ်တီ သွင်းဂိုးပါ ။

ချာဟာနိုဂလူး ရဲ့ ပထမအကြိမ် ပင်နယ်တီ ကန်ချက်ကို ဂျူဗင်တပ်စ် ဂိုးသမား ဆက်ဇက်နီ ကာကွယ် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် VAR ရဲ့ပြန်လည် စစ်ဆေးမှု အရ ပင်နယ်တီ မကန်သွင်းခင် ဂိုးဧရိယာအတွင်း ဂျူဗင်တပ်စ် ကစားသမားတွေ ဝင်ရောက်ခဲ့မှု ရှိတာကြောင့် အင်တာမီလန် အသင်းဘက်ကို ပင်နယ်တီ ကန်သွင်းခွင့် ပြန်ပေးခဲ့ပါတယ် ။

ဒုတိယအကြိမ် ပင်နယ်တီ ကန်သွင်းမှုကိုတော့ ချာဟာနိုဂလူး အမှားအယွင်း မရှိ ကန်သွင်း နိုင်ခဲ့ပြီး အင်တာမီလန် အသင်း ရဲ့ ချန်ပီယံ အိပ်မက်ကို ဆက်လက် အသက်သွင်း ပေးနိုင်ခဲ့ပါတယ် ။ အင်တာမီလန် အသင်းဟာ အဆင့် ၁ နေရာက အေစီမီလန် နဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည် နေပါတယ် ။

ရှုံးပွဲကြုံတွေ့ ခဲ့ရတဲ့ ဂျူဗင်တပ်စ် အသင်းကို အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ၊ နည်းပြ အယ်လီဂရီ ကတော့ ချန်ပီယံဆုထက် စာရင် ချန်ပီယံလိဂ် ဝင်ခွင့် ရရေးကို အာရုံစိုက်ရတော့မှာ ဖြစ်ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

အယ်လီဂရီ က DAZN နဲ့ အင်တာဗျူးမှာ ” အခုအချိန်က စပြီး ဂစကူဒက်တို ရနိုင်တဲ့ စာရင်းကနေ ဂျူဗင်တပ်စ် အသင်းကို ဖယ်ထုတ်ထားလိုက်ဖို့ ရပြီဖြစ်ကြောင်း ပြောလို့ ရပါပြီ ။ အဆင့် လေးနေရာအတွက် ဂိုးတွေ ရသလောက်သွင်း အမှတ်တွေ ရသလောက် ယူရမှာပါ ။ ”

” ပြီးရင်တော့ လာမယ့်ရာသီမှာ ချန်ပီယံဆု ရယူနိုင်ရန် အတွက် အစကောင်းဖို့ ကြိုတင် ပြင်ဆင် သွားရမှာပါ ။ ကျွန်တော်တို့ ဒီရာသီအစမှာ ရလဒ်တွေဆိုးရွား ခဲ့ပါတယ် ၊ ​နောက်ပိုင်း အမှတ်တွေ ပြန်ရယူနိုင်ခဲ့ပေမယ့် အရေးပါတဲ့ ပွဲတွေမှာ ရလဒ်မကောင်းခဲ့တာက ကျွန်တော်တို့ရဲ့ချန်ပီယံအိပ်မက်ကို ပျက်ပြယ် စေခဲ့တာပါ ။ ”

” ဒီနေ့ပွဲကတော့ ပွဲကောင်းတစ်ပွဲပါ ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသပြီး အခွင့်အရေးတွေ အများကြီး ဖန်တီး ဂိုးပေါက် ကန်သွင်းမှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ် ။ ရှုံးပွဲ ကြုံခဲ့ရတာကတော့ ဆိုးပါတယ် ၊ ဒါပေမယ့် တိုးတက်လာမှု အရိပ်အယောင်တွေတော့ တွေ့ရပါတယ် ။ ”

” ကျွန်တော့်ကောင်လေးတွေ တိုးတက်မှု ရှိလာကြပါတယ် ၊ အသင်းရဲ့ နည်းစနစ်ပိုင်းမှာ​တော့ တိုးတက်မှုတွေ လိုနေပါသေးတယ် ၊ ဒါပေမယ့် ဂိုးတွေ ရသလောက်သွင်း အမှတ်တွေ ရသလောက် ယူရပါမယ် ၊ ရိုးမား နဲ့က ငါးမှတ်ပဲ ကွာနေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM