ဂိုးသွင်းထားတဲ့ စုစုပေါင်း ကစားသမား အရေအတွက် 20 အထိ ရှိလာပြီ ဖြစ်တဲ့ လီဗာပူး

လီဗာပူး ဟာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘင်ဖီကာ နဲ့ အဝေးကွင်း ပွဲစဉ်မှာတော့ 1-3 ရလာဒ် နဲ့ အနိုင်ယူကာ အကြိုဗိုလ်လုပွဲ ကို တက်ရောက်ဖို့ အခြေအနေ ကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

သူတို့ အတွက် အဖွင့်ဂိုး ကိုတော့ ရော်ဘတ်ဆန် ရဲ့ ထောင့်ကန်ဘောကနေ တဆင့် ကိုနာတေး က အနီးကပ် ခေါင်းတိုက် သွင်းယူပေးသွားခဲ့ပါတယ်။ ဒီဂိုးဟာ ပြင်သစ် လူငယ်လေး အတွက် လီဗာပူး ကစားသမားဘ၀ ပထမဆုံး သွင်းယူတဲ့ ဂိုး ဖြစ်ပြီး ၊ လီဗာပူး အတွက်တော့ ဒီရာသီမှာ 20 ယောက်မြောက် ဂိုးသွင်းပြနိုင်တဲ့ ကစားသမား ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။

ဖလား 4 လုံး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ လီဗာပူး ဟာ ပြိုင်ပွဲပေါင်းစုံ မှာ ခြေစွာနေသလို ၊ နေရာတိုင်းက ကစားသမားသမားတွေကလဲ အရေးပါတဲ့ သွင်းဂိုးတွေ ဆက်တိုက် ရယူပေးလျှက် ရှိနေပါတယ်။

ခံစစ် ကစားသမားတွေ ထဲမှာ ဆိုရင် အရံခုံမှာ အထိုင်များတဲ့ စီမီကတ် နဲ့ မကြာခင်ကမှ ဒဏ်ရာ ပြသနာ ကနေ ပြန်လည် သက်သာလာတဲ့ ဂိုးမက်ဇ် တို့က လွဲရင် ကျန်တဲ့ ကစားသမားတွေ အားလုံးက သွင်းဂိုးတွေ အသီးသီး ရယူပြထားပါတယ်။

လက်ရှိ အချိန်ထိ ဂိုးမသွင်းနိုင်သေးတဲ့ စီနီယာ ကစားသမား ဆိုလို့ စီမီကတ် ၊ ဂိုးမက်ဇ် ၊ ဂျိမ်းစ် မေလ်နာ တို့ သုံးယောက်သာ ကျန်တော့ပါတယ်။

လီဗာပူး အတွက် ဒီရာသီမှာ ဂိုးသွင်းထားသူများ –
1. 28 ဂိုး – ဆာလာ
2. 20 ဂိုး – ဂျော်တာ
3. 15 ဂိုး – မာနေး
4. 9 ဂိုး – မီနာမီနို
5. 9 ဂိုး – ဖာမီနို
6. 7 ဂိုး – ဖာဘင်ဟို
7. 5 ဂိုး – အိုရီဂီ
8. 3 ဂိုး – ချန်ဘာလိန်
9. 3 ဂိုး – ဟန်ဒါဆင်
10. 3 ဂိုး – ဗန်ဒိုက်
11. 3 ဂိုး – ကီတာ
12. 3 ဂိုး – ဒီယက်ဇ်
13. 2 ဂိုး – အာနိုး
14. 2 ဂိုး – တီယာဂို
15. 1 ဂိုး – ကိုနာတေး
16. 1 ဂိုး – မာတစ်
17. 1 ဂိုး – ရော်ဘတ်ဆန်
18. 1 ဂိုး – ကာတစ် ဂျုံး
19. 1 ဂိုး – အယ်လီယော့
20. 1 ဂိုး – ဂေါ်ဒွန် တို့ ဖြစ်ပါတယ်။

ဘင်ဖီကာ ကို အဝေးကွင်းမှာ အနိုင်ယူ အပြီးမှာတော့ လီဗာပူး ဟာ ဒီရာသီ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် အားလုံးကို အနိုင်ယူပြတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါဟာ လီဗာပူး သမိုင်းမှာ ဒုတိယ အကြိမ်မြောက် စွမ်းဆောင်ပြနိုင်ခြင်း ဖြစ်ပြီး ၊ 1983-84 ဘောလုံးရာသီမှာ ဂန္တဝင် နည်းပြကြီး ဂျိုးဖာဂန် ကလဲ အဝေးကွင်း 5 ပွဲ ဆက်တိုက် အနိုင်ရအောင် ကစားပြခဲ့ဖူးပါတယ်။

ပြိုင်ပွဲ ပေါင်းစုံ တွက်ကြည့်လိုက်မယ် ဆိုရင် အဝေးကွင်း ပွဲစဉ် 8 ပွဲ ဆက်တိုက် အနိုင်ယူပြခဲ့တာ ဖြစ်ကာ ၊ လီဗာပူး သမိုင်းမှာ ဒီလိုမျိုး ပထမဆုံး အကြိမ် စွမ်းဆောင်ပြလိုက်တာ ဖြစ်ပါတယ်။

ထူးခြားတာ က လီဗာပူးဟာ နောက်ဆုံး ကစားခဲ့တဲ့ 19 ပွဲ ဆက်တိုက် ပထမပိုင်း သွင်းဂိုး လုံး၀ ခွင့်မပြုရသေးတာ ဖြစ်ပါတယ်။

နည်းပြကြီး ကလော့ပ် ကတော့ ဘင်ဖီကာ ကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့တာ မှန်ပေမယ့် ၊ ရလာဒ် ဟာ ပွဲရဲ့ အနေအထားကို အပြည့်အ၀ ကိုယ်စားမပြုခဲ့ဘူးလို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ရလာဒ် က ကွင်းထဲက အခြေအနေတွေကို အပြည့်အ၀ ကိုယ်စားပြုတာတော့ မဟုတ်ပါဘူး ဒါပေမယ့် အရေးအကြီးဆုံး အချက်က ကျနော်တို့ဟာ အနိုင်ရလာဒ် ကို ဖော်ဆောင်ဖို့ ဦးတည် ရောက်ရှိလာခဲ့တာမို့ ကျေနပ်ပါတယ်။

ပွဲတစ်ပွဲ ကစားတိုင်း ဘယ်တော့မှ လွယ်လွယ်ကူကူ ဖြစ်လိမ့်မယ်လို့ ကျနော်က မျှော်လင့်မထားခဲ့ပါဘူး။ တစ်ချိန်တည်းမှာ ဘင်ဖီကာ အတွက်လဲ ချီးကျူးစကား ပြောချင်ပါတယ်။ သူတို့ဟာ ဘ၀ နဲ့ ရင်းပြီး တိုက်ပွဲဝင်သွားတာပါ။ အထူးသဖြင့် ကျနော်တို့က နေရာလွတ်လေး နည်းနည်းဟလိုက်တဲ့ အခိုက်အတန့်တွေမှာ ပိုသိသာပါတယ်။

သူတို့ ချေပဂိုး ရပြီးတဲ့ နောက်ပိုင်းမှာ တစ်ကွင်းလုံးက ပရိသတ်တွေလဲ ကြွတက်လာတာ ထင်ရှားပါတယ်။ ဘောလုံး အသင်းကောင်းတွေဟာ ပရိသတ်ရဲ့ ဝန်းရံမှု အင်အားကို အသုံးချနိုင်ဖို့ ကြိုးစားကြတာ ချည်းပါပဲ။ ဒါပေမယ့် ကျနော်တို့ကလဲ သုံးယောက် ကို ချက်ခြင်း လူစားလဲပြီး တည်ငြိမ်မှု ရအောင် ကြိုးစားခဲ့တယ်လေ။ အထောက်ကူတော့ ဖြစ်ခဲ့တယ် ထင်ပါတယ်။ တခြား ကစားသမားတွေလဲ တကယ်ကို ကြိုးစားခဲ့တာပါ။ ဒါကြောင့်လဲ ခွန်အားပြည့် ဖြစ်နေတဲ့ ကစားသမားတွေကို ထည့်သွင်းရင်း ကူညီပေးခဲ့တာ ဖြစ်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM