“ဂိုးတွေ သွင်းနိုင်သမျှ များများသွင်းဖို့ နယူးကာဆယ် ကို တိုက်တွန်းချင်ပါတယ်” ပက်

မန်စီးတီး နည်းပြကြီး ပက်ဂွာဒီယိုလာ က လက်ရှိမှာ သူတို့ အသင်းက တစ်မှတ် အသာနဲ့ ဦးဆောင်ထားသည့်တိုင်အောင် ၊ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ အဆုံးအဖြတ်ဟာ ဂိုးကွာခြားနဲ့ အဖြေပေါ်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

2011-12 ဘောလုံးရာသီ က မန်စီးတီး ဟာ အဂွေးရိုး ရဲ့ နာကျင် အချိန်ပို သွင်းဂိုးကြောင့် ၊ အမှတ်တူနေတဲ့ ယူနိုက်တက် ကို ဂိုးကွာခြားချက် နဲ့ အသာစီးယူကာ ချန်ပီယံ သရဖူဆု ကိုင်မြှောက်ခဲ့ဖူးပါတယ်။ သို့သော် ဒီရာသီမှာ အလားတူ ပုံစံမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်မိတဲ့ အကြောင်းကို ကတ်တလန်သားကြီး က အခုလို ရှင်းပြသွားခဲ့ပါတယ်။

“ ကျနော် ကတော့ အဲဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။ ဖြစ်ချင်လဲ ဖြစ်မှာပေါ့ ၊ ဒါပေမယ့် ကျနော် က မထင်မိတဲ့ အကြောင်း ပြောတာပါ။

အခု ကွာခြားချက် က တစ်မှတ်ပဲ ရှိတာလေ။ ကျနော်တို့သာ သရေ ကျလိုက်မယ် ၊ သူတို့ က အနိုင်ရမယ် ဆိုရင် လီဗာပူး က ပြန်သာသွားပါပြီ။ တစ်ချိန်တည်းမှာ ကျနော်တို့က သွင်းဂိုးတွေ ရနိုင်သလောက် များများသွင်းမှာပါ။ နယူးကာဆယ် အနေနဲ့လဲ အဲဒီလို များများ သွင်းပေးဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ပက် ဂွာဒီယိုလာ ဟာ မန်စီးတီး မှာ နောက်ထပ် ဆယ်စုနှစ် တစ်ခုစာလောက် အထိ ဆက်ရှိသွားချင်တဲ့ အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သို့သော် တကယ့် လက်တွေ့မှာတော့ စာချုပ် သက်တမ်းတိုးချလိုက်တာ က ဘာသတင်းမှာ မထွက်ခဲ့တဲ့ ယာဂန် ကလော့ပ် ဖြစ်နေပါတယ်။

ဒါကြောင့် ပက် အနေနဲ့ လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် 2023 ခုနှစ် နောက်ပိုင်း အထိ ဆက်ရှိနေမှာလား ဆိုတဲ့ မေးခွန်းကိုတော့ အခုလို ဖြေကြားသွားခဲ့ ပါတယ်။

“ မန်စီးတီးထက် ပိုကောင်းတဲ့ နေရာမျိုး ရှိလိမ့်မယ်လို့ ကျနော်ဖြင့် စိတ်ထဲမှာကို ပုံဖော်ကြည့်လို့ မရတာပါ။ အသင်းက ဒါရိုတ်တာ အဖွဲ့ဝင်တွေ နဲ့လဲ ကျနော်တို့က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ အရိုးသားဆုံး ပြောရရင် အခုနောက်ပိုင်း ရက်တွေမှာ ကျနော် အလုပ်တွေ သိပ်ကို များနေပါတယ်။

ဒီအချိန်မျိုးကို ကျနော် က ပိုပြီး နှစ်သက်တာပါ။ ဒီအချိန်မှာ ကိုယ့်ကစားသမားတွေ လန်းဆန်းပြီး ၊ စိတ်ဓါတ်ပိုင်းက တက်ကြွနေတာမျိုးတွေပဲ လိုချင်ပါတယ်” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

တကယ်တော့ မန်စီးတီး ဟာ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ ပထမ အကျော့ကို လီဗာပူး ထက် တစ်ရက်စောပြီး ကစားထားရတာ ဖြစ်ပါတယ်။ သို့သော် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်ချိန်မှာတော့ နောက်မှ ကစားခဲ့ရတဲ့ လီဗာပူး ဟာ ဒီနေ့ စနေနေ့ညရဲ့ အစောဆုံးပွဲစဉ် အဖြစ် နယူးကာဆယ် အသင်းနဲ့ ဆင်နွှဲရမှာ ဖြစ်ပါတယ်။

ကလော့ပ် ကတော့ သူတို့ဟာ အချိန်ကပ်လွန်းနေတဲ့ အတွက် ပွဲချိန် နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ၊ ပရီးမီးယားလိဂ် နဲ့ ရုပ်သံ ထုတ်လွှင့်တဲ့သူတွေ ဘက်က ငြင်းဆန်ခဲ့ကြပါတယ်။ အဲဒီ ကိစ္စအပေါ် ပက် ဂွာဒီယိုလာ က –

“ ဒီအကြောင်း အရာတွေ ကျနော် ဘယ်နှစ်ကြိမ်လောက် အထိ ပြောခဲ့ပြီးပြီလဲတောင် မသိပါဘူး။ ပြီးတော့ ဘာတွေ ဖြစ်လာလို့လဲ။

ဒါတွေက အပြောင်းအလဲ ရှိလာမှာလဲ မဟုတ်ပါဘူး ဘာလို့လဲ ဆိုတော့ ရုပ်သံ ထုတ်လွှင့်တဲ့ သူတွေက ဘယ်အချိန်ပြရင် လူကြည့်ပိုများမလဲပဲ တွေးနေကြတာပါ။

ကျနော်သာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်မိရင် ၊ အိမ်ပြန်သွားပြီး မန်စီးတီး မန်နေဂျာ ရာထူးမှာ လုပ်ကိုင် မနေတော့ပါဘူး။ ပြီးရင် မော်လ်ဒိုက် က လိဂ်ပြိုင်ပွဲမှာ သွားပြီး အလုပ်လုပ်တော့မယ်ဗျာ။ အဲဒီမှာတော့ တစ်ပတ်မှ တစ်ပွဲပဲ ကစားရတော့ ၊ အုန်းရည်လေးသောက်ရင်း နှပ်နေလို့ရတာပေါ့။ ဒါဆိုရင် ပြည့်စုံသွားပြီလေ။

လီဗာပူး အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မကောင်းပါဘူး။ တကယ်တော့ ဒါတွေက ကျနော်တို့ကြောင့်လဲ မဟုတ်ပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM