ဂန်းနားတို့ ချန်ပီယံလိဂ် ဝင်ခွင့် အဓိက ပြိုင်ဘက်ကို အနိုင်ယူပြီး အဆင့်လေး တက်လှမ်းသွားခဲ့တဲ့ပွဲမှ ထူးထူးခြားခြား ပြောစရာများ

ပရီးမီးယားလိဂ် ပွဲစဉ် (၃၄) ရဲ့ အစောဆုံး ပွဲစဉ် ဖြစ်တဲ့ အာဆင်နယ် အသင်း နဲ့ မန်ယူနိုက်တက် အသင်းပွဲစဉ်ကတော့ ပြီးဆုံး သွားခဲ့ပါပြီ ။ အိမ်ရှင် အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ မန်ယူနိုက်တက် အသင်းကို ၃-၁ နဲ့ အနိုင်ယူပြီး အဆင့်လေးနေရာကို တက်လှမ်း နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပွဲအစ ၃ မိနစ်ကတည်းက ဘယ်နောက်ခံလူ နူနို တာဗာရက်စ် ရဲ့သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပါတယ် ။ ပွဲချိန် မိနစ် ၃၀ မှာ အန်ကီးတီးယား ဂိုးသွင်းခဲ့ပေမယ့် VAR က လူကျွံဘော အဖြစ် သတ်မှတ်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း အန်ကီးတီးယား ရဲ့ သွင်းဂိုးမှာ ဆာကာ ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာကြောင့် အာဆင်နယ် တို့ ပင်နယ်တီ ကန်သွင်းခွင့် ရရှိ ခဲ့ပါတယ် ။

 

အဆိုပါ ပင်နယ်တီ ကို ဆာကာ ကပဲ အမှားအယွင်း မရှိ ကန်သွင်း နိုင်ခဲ့တာကြောင့် အာဆင်နယ် တို့ နှစ်ဂိုးပြတ် ဦးဆောင် နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက်မှာတော့ မာတစ် ရဲ့ ဖြတ်တင် ပေးပို့မှုကနေ ရိုနယ်ဒို က မန်ယူနိုက်တက် အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။

 

ဒုတိယပိုင်းမှာ တာဗာရက်စ် ရဲ့ လက်ထိဘောကြောင့် မန်ယူနိုက်တက် ပင်နယ်တီ ကန်သွင်းခွင့် ရရှိ ခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ် ဝင်အောင် ကန်သွင်း နိုင်ခဲ့ခြင်း မရှိပါဘူး ။ အာဆင်နယ် အသင်းအတွက် အနိုင်ပြတ်သားစေမယ့် တတိယမြောက် သွင်းဂိုးကိုတော့ ရှာကာ က အဝေးကန်ချက်နဲ့ သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

 

အာဆင်နယ် ၃-၁ မန်ယူနိုက်တက် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြ ပေးလိုက်ပါတယ် ။

 

၁ ။ ပင်နယ်တီ အိပ်မက်ဆိုးကနေ အကောင်းဆုံး နိုးထနိုင်ခဲ့တဲ့ ဆာကာ

 

ချဲလ်ဆီး အသင်း နဲ့ ပွဲမှာ ရရှိခဲ့တဲ့ နောက်ကျ ပင်နယ်တီကို ဆာကာ ဂိုးဝင်အောင် ကန်သွင်း နိုင်ခဲ့အပြီးမှာ နည်းပြ အာတေတာ ဟာ အင်္ဂလန်သားလေးရဲ့ အရည်အသွေး နဲ့ ရဲရင့်မှုကို ထုတ်ဖော် ချီးကျူး ခဲ့ပါတယ် ။

 

အသက် ၂၀ အရွယ် ဆာကာ ဟာ ပြီးခဲ့တဲ့ နွေရာသီယူရိုဗိုလ်လုပွဲမှာ အင်္ဂလန် အတွက် အရေးပါတဲ့ ပင်နယ်တီ ကို လွဲချော်ခဲ့သူ ဖြစ်ပေမယ့် ဒီရာသီမှာ အကောင်းဆုံး ပုံစံ နဲ့ ပြန်လာနိုင်ခဲ့ကာ အာဆင်နယ် အသင်းရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ဆက်လက် ရပ်တည် ထားနိုင်ပါတယ် ။

 

ဒီကနေ့မှာ ကစားခဲ့တဲ့ မန်ယူနိုက်တက် နဲ့ ပွဲမှာလည်း ဆာကာ ဟာ ပင်နယ်တီ ကန်သွင်းတဲ့ တာဝန်ကို ဆက်လက် ရယူခဲ့ပြီး အာဆင်နယ် အသင်းရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုး အဖြစ် အမှားအယွင်း မရှိ ကန်သွင်း နိုင်ခဲ့ပါတယ် ။ ဆာကာ ဟာ ပရီးမီးယားလိဂ် နှစ်ပွဲဆက် ပင်နယ်တီ ကနေ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ် ။

၂ ။ ပွဲအလှည့်အပြောင်း ဖြစ်သွားစေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ပင်နယ်တီ လွဲချော်မှု

 

အာဆင်နယ် အသင်း အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ တာဗာရက်စ် တစ်ယောက် ဟီးရိုး ကနေ ဇီးရိုး ဖြစ်တော့မယ့် အရေးကို ဖာနန်ဒက်စ် ကယ်တင် ပေးသွားခဲ့ပါတယ် ။ ၂-၁ ဖြစ်နေတဲ့ အချိန်မှာ တာဗာရက်စ် ရဲ့ လက်ထိဘောကြောင့် ယူနိုက်တက် တို့ ပင်နယ်တီ ကန်သွင်းခွင့် ရရှိ ခဲ့ပါတယ် ။

 

အဆိုပါ ပင်နယ်တီ ကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ထိထွက် သွားခဲ့ပါတယ် ။ ဖာနန်ဒက်စ် ရဲ့ ပင်နယ်တီ မဝင်မှုဟာ မန်ယူနိုက်တက် ကစားသမားတွေရဲ့ စိတ်ဓတ်ပိုင်းဆိုင်ရာ ကို အများကြီး ထိခိုက် သွားစေခဲ့ပြီး comeback ဖို့ ခဲယဥ်း သွားစေခဲ့ပါတယ် ။

 

အရေးပါတဲ့ အချိန်မှာ ဖာနန်ဒက်စ် ပင်နယ်တီ မဝင်မှုဟာ ဒီနေ့ပွဲက ပထမဆုံး အကြိမ် မဟုတ်တာကြောင့် ယူနိုက်တက် ပရိသတ်တွေကတော့ ရိုနယ်ဒို ကို အမြဲတမ်း ပင်နယ်တီ ကန်သွင်းသူ အဖြစ် မြင်တွေ့ချင်နေကြပါတယ် ။

 

၃ ။ အာဆင်နယ် အသင်းရဲ့Top 4 မျှော်လင့်ချက်ကို ပီပြင်သွားစေခဲ့တဲ့ ရှာ​ကာ

 

မန်ယူနိုက်တက် ကို ၂-၁ နဲ့ ဦးဆောင်ထားနိုင်ပေမယ့် ပေးဂိုး တစ်ဂိုးသာ ထပ်ပေးလိုက်ရပါက သရေကျသွားမှာ ဖြစ်တာကြောင့် ဂန်းနားတို့ နောက်ထပ် သွင်းဂိုး တစ်ဂိုး လိုအပ် နေချိန်မှာ ရှာကာ က အချိန်ကိုက် သူ့ရဲ့ အဝေးကန်ချက် နဲ့ ကူညီ ပေးခဲ့ပါတယ် ။

 

ရှာကာ ရဲ့ သွင်းဂိုးဟာ အာဆင်နယ် အသင်းအတွက် အနိုင် သေချာသွားစေခဲ့သလို မန်ယူနိုက်တက် အတွက်လည်း ပြန်လာနိုင်ဖို့ ခက်ခဲ သွားစေခဲ့ပါတယ် ။ ရှာကာ အတွက်တော့ မန်ယူနိုက်တက် အသင်းဘက်ကို သွင်းယူနိုင်ခဲ့တဲ့ တတိယ​မြောက် သွင်းဂိုးလည်း ဖြစ်ပါတယ် ။ ဒီနေ့ နိုင်ပွဲကြောင့် အာဆင်နယ် အသင်းဟာ စပါးပွဲ မတိုင်မှီ အဆင့်လေးနေရာကို တက်လှမ်း လာနိုင်ခဲ့ပါတယ် ။

 

၄ ။ ဂိုး၁၀၀ ပြည့်တဲ့ ရိုနယ်ဒို

 

ပြီးခဲ့တဲ့ တစ်ပတ်မှာ အမြွာ သားဖြစ်သူ ဆုံးပါးမှု နဲ့ ရင်ဆိုင် ကြုံတွေ့ ခဲ့ရတာကြောင့် လီဗာပူး နဲ့ ပွဲမှာ ပါဝင် နိုင်ခဲ့ခြင်း မရှိတဲ့ ရိုနယ်ဒို ဟာ အာဆင်နယ် နဲ့ ပွဲ ပွဲထွက် လူစာရင်းမှာ ပြန်လည် ပါဝင် လာခဲ့ပါတယ် ။

 

ရိုနယ်ဒို ဟာ သူ့အသင်း အနိုင်ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း မရှိပေမယ့် သူ့ရဲ့ဒီရာသီ လိဂ်ပြိုင်ပွဲ ၁၆ ဂိုးမြောက် နဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ မြောက်ကို သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။ ရိုနယ်ဒို ဟာ ဂိုးသွင်းအပြီးမှာ ကောင်းကင် ကို ညွှန်ပြပြီး သူ့ရဲ့ဆုံးပါးသွားတဲ့ သားဖြစ်သူ ကို ရည်ညွှန်း အောင်ပွဲ ခံခဲ့ပါတယ် ။

 

SM