ခြေစွမ်း ဆိုးရွားနေတဲ့ လူကာကူ ဟာ ဆုံးဖြတ်ချက် အမှား တခု ကျူးလွန်ခဲ့ကြောင်း သုံးသပ် ပြောဆိုလိုက်တဲ့ အီဗရာ

ချဲလ်ဆီး အသင်းရဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ အပတ် အတွင်း ကစားခဲ့တဲ့ ဘရန်းဖို့ဒ် ၊ ရီးရဲလ်မက်ဒရစ် အသင်းတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေမှာ လူစားဝင်ခွင့် မိနစ် လုံလုံလောက်လောက် ရခဲ့ပေမယ့် ၊ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ။

လူကာကူ ဟာ ထို ၂ပွဲမှာမှ မဟုတ်ပဲ ၊ ၂၀၂၂ ခုနှစ် အတွင်း ကစားထားတဲ့ ပွဲအများစုမှာ ခြေစွမ်းပြဖို့ ၊ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ပိုမို ရုန်းကန်နေရပါတယ် ။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း Sky Italia နဲ့ တွေ့ဆုံခဲ့စဉ် က အင်တာဗျူးကြောင့် လူကာကူ ဟာ နည်းပြ သောမတ်စ် တူချယ်နဲ့ ဆက်ဆံရေး အဖုအထစ်တွေ ကြုံထားရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာ ကတော့ အင်္ဂလန်သို့ စတင် အခြေချခဲ့စဉ်က ကလပ်ဟောင်းကို တကျော့ပြန် ပြောင်းရွှေ့လာခဲ့ခြင်း ဟာ လူကာကူရဲ့ မဟာ ဆုံးဖြတ်ချက် အမှား တခု ဖြစ်ကြောင်း သုံးသပ်ရင်း ၊ သူ့အနေနဲ့ အင်တာမီလန် အသင်းမှာပဲ ဆက်နေခဲ့သင့်တယ်လို့ အခုလိုပဲ ဆိုခဲ့ပါတယ် ။

အီဗရာ က ” လူကာကူကို ဝေဖန် အပြစ်တင်ကြတဲ့ လူတွေဟာ မေ့လွယ်ပျောက်လွယ်တဲ့ မှတ်ဉာဏ်သာ ပိုင်ဆိုင်ထားကြလို့ပါ ။ လန်ဒန်ကို စရောက်လာတုန်းက သူ ဂိုးတွေ သွင်းနိုင်ခဲ့ပြီး ၊ ခြေစွမ်းလည်း ပြခဲ့ပါတယ် ။ အဲဒီနောက် သူ ဒဏ်ရာ ရသွားခဲ့ပြီး ၊ အင်တာဗျူး တခုမှာ အင်တာကို လွမ်းဆွတ်တဲ့ အကြောင်း ပြောခဲ့ပါတယ် ။ ”

” အဆုံးမှာတော့ သူဟာ ချဲလ်ဆီး ပရိသတ်တွေနဲ့ အရှုပ်အထုပ် ဇာတ်လမ်း တခုသာ စလိုက်ခြင်း ဖြစ်ပါတယ် ။ သူဟာ ချဲလ်ဆီးကို လိုလိုလားလားနဲ့ ပြန်လာချင်ခဲ့တာပါ ။ တကယ်တမ်းတော့ ကိုယ့်ရဲ့ အမြင့်မားဆုံး ခြေစွမ်း ရနေချိန် ၊ သူ့အနေနဲ့ အင်တာမှာပဲ ဆက်နေခဲ့သင့်ပါတယ် ။ ”

” ကျွန်တော့ အမြင်မှာတော့ သူ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဟာ ဆုံးဖြတ်ချက် အမှား တခု ဖြစ်ခဲ့တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လူကာကူ ဟာ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့မှာ လူစားဝင်ခွင့် ကနေ တဆင့် ချဲလ်ဆီး အတွက် ချေပဂိုးတွေ သွင်းယူပေးဖို့ အခွင့်အရေး ၂ကြိမ် ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ထုံးစံအတိုင်း ဆက်လက် လွဲချော်ခဲ့ပါတယ် ။

တမြန်နေ့က လေ့ကျင့်ရေး အစီအစဉ်မှာတော့ ၄င်းဟာ ခြေကျင်းဝတ် အရွတ်မှာ အသေးစား ဒဏ်ရာ ရခဲ့လို့ ၊ ချဲလ်ဆီး အသင်းသားတွေနဲ့ လေ့ကျင့်ခဲ့ခြင်း မရှိကြောင်း ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အတည်ပြုခဲ့သလို ၊ လူကာကူ တယောက်တည်း ၄င်းတို့ အသင်းမှာ ခြေစွမ်းကျဆင်းနေခြင်း မဟုတ်ကြောင်း ကာကွယ် ပြောဆိုခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ကျွန်တော့ အထင်တော့ အခုအချိန်မှာ ရိုမီလူ တယောက်ပဲ ခြေပျက်နေတာ မဟုတ်ပါဘူး ။ တသင်းလုံးလိုလို ဟိုနည်းနည်းဒီနည်းနည်း ခြေကျနေတာပါ ။ နိုင်ငံတကာပွဲ ကာလ အပြီး အသင်း ဟာ ပုံစံကောင်း ပြန်ရဖို့ ရုန်းကန်နေရပြီး ၊ ခြေစွမ်း ထက်မြက်မှု ပျောက်ဆုံးနေပါတယ် ။ ”

” ဝမ်းနည်းစရာ က ရိုမီလူ ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ အပိုင် အခွင့်အရေး တကြိမ်ဆို တကြိမ် ရခဲ့ပေမယ့် ၊ ဂိုးအဖြစ် အဆုံးမသတ်နိုင်ခဲ့တာပါ ။ သွင်းဂိုးတွေထက် သူ့ရဲ့ ယုံကြည်မှုကို ပိုပြီး အထောက်အကူ ပေးနိုင်မယ့် အရာ မရှိတော့ပါဘူး ။ သူဟာ အဲဒီပွဲမှာ ဂိုးရခဲ့ရင် ၊ ယုံကြည်မှု ကြီးကြီးမားမား တက်လာနိုင်ပါလိမ့်မယ် ။ ”

” နောက်ထပ် အရာတခုလို့လည်း ပြောလို့ရသလို ၊ အကောင်းဆုံး နည်းလမ်းလို့ ဆိုရမှာက အာရုံစူးစိုက်မှု အပြည့်နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ ဖြစ်ပါတယ် ။ ဒါကို သူဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်း လုပ်ဆောင်ပြနိုင်ခဲ့ပါတယ် ။ မနေကတော့ သူ လေ့ကျင့်ရေး မဆင်းခဲ့ပါဘူး ။ ”

” ရိုမီလူ ဟာ ခြေကျင်းဝတ် အရွတ် နာကျင်ခဲ့တာပါ ။ ကြီးမားတဲ့ ဒဏ်ရာမျိုးတော့ မဟုတ်ပါဘူး ။ ဒီနေ့မှာ သူ ပြန်လာဖို့ ၊ မနက်ဖြန်ပွဲ အတွက် တစုံတရာ မနာကျင်နေဖို့ကို ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR