ချဲလ်ဆီး အသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ် ခရီး ဒီမှာတင် ပြီးဆုံးခဲ့ပြီလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ဝန်ခံလိုက်တဲ့ တူချယ်

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲတပွဲမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ပြင်သစ် ဝါရင့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ ဟက်ထရစ်ကြောင့် ၁ – ၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ကာ ၊ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ဖို့ အလားအလာ နည်းပါးသွားပြီ ဖြစ်ပါတယ် ။

ဒီပွဲမတိုင်ခင် ကတည်းက တန်းတက် ဘရန်းဖို့ဒ် အသင်းကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၁ – ၄ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးနဲ့ ပတ်သက်ပြီး လှုပ်ခတ်မှု အချို့ ရှိနေခဲ့တာ ဖြစ်ပါတယ် ။ ဒါဟာ သာမန် ခြေချော်မှု မဟုတ်တာ သေချာကြောင်းကို မနေ့ညက ပွဲက ကွက်ကွက်ကွင်းကွင်း သက်သေပြသွားခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ၄င်းတို့ရဲ့ ဒီရာသီ ချန်ပီယံလိဂ် ခရီးဟာ ဒီမှာတင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ် ။

တူချယ် က ” ဒီ ကွာတားဖိုင်နယ်ပွဲက ဆက်လက် အသက်ဝင်နေဆဲလား ? လောလောဆယ်တော့ No လို့ပဲ ပြောပါရစေ ။ ကျွန်တော်တို့ အနေနဲ့ ပုံစံကောင်း ပြန်လည် ရှာတွေ့နိုင်ဖို့ လိုပါတယ် ။ ပြီးခဲ့တဲ့ international break နောက်ပိုင်း ဘာတွေ ဖြစ်သွားလဲ ဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး ။ ”

” ဒီနေ့ပွဲရဲ့ ပထမပိုင်း ကစားပုံ ဟာ ဘရန်းဖို့ဒ်နဲ့ ပွဲက ဒုတိယပိုင်း ကစားပုံ အဆက်လို ဖြစ်ခဲ့ပါတယ် ။ ပွဲတပွဲ အတွင်း ကျွန်တော်တို့ တောင်းဆိုတဲ့ လိုချင်တဲ့ ဖြစ်ချင်တဲ့ ပုံစံနဲ့ တက်တက်စင်ကို လွဲခဲ့တာပါ ။ ဒီလို ကစားပုံကနေ ခင်ဗျားဟာ ရလဒ်ကောင်း တခု ရဖို့ ဘယ်လိုမှ မျှော်မှန်းလို့ မရပါဘူး ။ ”

” လာမယ့် စနေနေ့ ပွဲအတွက် ကျွန်တော်တို့ အရာရာ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ရပါမယ် ။ ဒီနေ့မှာ ဘာနေဗျူး အကြောင်း စဉ်းစားဖို့ မဟုတ်သေးပါဘူး ။ စနေနေ့မှာ ကျွန်တော်တို့ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရပါမယ် ။ အဲဒီပွဲမှာ ဒီနေ့လို ကစားရင်တော့ ကျွန်တော်တို့ တမှတ်တောင် ရမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လာမယ့် အပတ် ကြားရက် ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို မရင်ဆိုင်မီ ၊ ချဲလ်ဆီး ဟာ လာမယ့် စနေနေ့မှာ ဆောက်သမ်တန် အသင်းကို စိန့်မေရီကွင်းမှာ ရင်ဆိုင်ဖို့ ရှိနေပါတယ် ။ တူချယ် ကတော့ ၄င်းတို့ရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဇာတ်လမ်း ပြီးဆုံးသွားပြီ ဆိုတဲ့ မက်ဆေ့ခ်ျ ဟာ လွန်ရာမကျကြောင်းကို အခုလိုပဲ ဆက်လက် ရှင်းလင်းခဲ့ပါတယ် ။

တူချယ် က ” ခင်ဗျား အနေနဲ့ ဒီ မက်ဆေ့ခ်ျကို ဝါကျ တကြောင်းမှာ ထည့်ချင် ထည့်လို့ရပါတယ် ။ လာမယ့် အပတ် ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရမယ့်ပွဲထက် ကျွန်တော်ကတော့ စနေနေ့ ဆောက်သမ်တန်နဲ့ ပွဲကိုသာ ပိုပြီးစိတ်ပူမိပါတယ် ။ ဒီနေ့ ကစားပုံ အရ ဒီ ကွာတားဖိုင်နယ် အဆင့်ဟာ အသက်ဝင်နေသေးလား ? No ပါ ။ ”

” ပထမဆုံး အနေနဲ့ ဆောက်သမ်တန်နဲ့ ပွဲကို ကျွန်တော်တို့ အရင် ကစားရပါဦးမယ် ။ အဲဒီပွဲမှာ မနိုင်ခဲ့ဘူးဆိုရင် ၊ ချန်ပီယံလိဂ်မှာလည်း နောက်တဆင့် တက်ဖို့ အကြောင်း မရှိတော့ပါဘူး ။ အဲဒီပွဲမှာ ရလဒ်ကောင်း ထွက်ခဲ့ရင်တော့ ဒုတိယ အကျော့ပွဲမှာ တခုခု မျှော်လင့်ကောင်း မျှော်လင့်လို့ ရနိုင်ပါလိမ့်မယ် ။ ”

” ဒုတိယ အကျော့မှာမှ ၃ဂိုးပြတ်နဲ့ ပြန်နိုင်ပြီး comeback တတ်တာ ချန်ပီယံလိဂ် သမိုင်းမှာ ဘယ်နှကြိမ်လောက် ရှိခဲ့ဖူးလဲ ? ဘယ်လောက်ရော အဖြစ်များလို့လဲ ? ဒါကို စဉ်းစားကြည့်ရင် ၊ ကျွန်တော်တို့ အနေနဲ့ လက်တွေ့ကျကျ စဉ်းစား သုံးသပ်သင့်ပါတယ် ။ ဒါဟာ မှားယွင်းတဲ့ မက်ဆေ့ခ်ျ မဟုတ်ပါဘူး ။ ”

” အရိုးသားဆုံး ဝန်ခံကြရအောင် ။ ကျွန်တော်တို့ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်း ဖြစ်ပြီး ၊ အရင်လို စိတ်ဓာတ် ပြင်းပြတဲ့ ၊ အရည်အသွေး ပြည့်တဲ့ အဆင့်ဆီ ပြန်ရောက်ဖို့ လိုနေပါတယ် ။ ဒါတွေ ဖြစ်လာပြီးမှ နောက်တဆင့် တက်မယ့် အကြောင်း မျှော်လင့်လို့ ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR