ချဲလ်ဆီး အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှ အာဆင်နယ် အသင်း ကစားသမား ၃ ဦးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ အာတေတာ

 

အာဆင်နယ် နည်းပြ အာတေတာ ဟာ ချဲလ်ဆီး အသင်းကို အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ အသင်းအတွက် ပွဲထွက် ကစားခွင့် သိပ်ရလေ့ မရှိတဲ့ ကစားသမား သုံးဦး ရဲ့ စွမ်းဆောင်ရည် အပေါ် အသိအမှတ်ပြု ချီးကျူး သွားခဲ့ပါတယ် ။

 

ယနေ့ နံနက် အစောပိုင်းက ကစားခဲ့တဲ့ ချဲလ်ဆီး အသင်း နဲ့ ပွဲမှာ အာဆင်နယ် နည်းပြ အာတေတာ ဟာ ဟိုးလ်ဒင်း ၊ အယ်နီနီ နဲ့ အန်ကီးတီးယား တို့လို အရန် ကစားသမားတွေကို ပွဲထွက် အသုံးပြု ခဲ့ပါတယ် ။

ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် နိုင်ပွဲရဖို့ လိုအပ်နေတဲ့ အာဆင်နယ် အသင်းဟာ လူငယ် တိုက်စစ်မှူး အန်ကီးတီးယား ရဲ့ သွင်းဂိုး ၂ ဂိုး ၊ စမစ်ရို ၊ ဆာကာ တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ ချဲလ်ဆီး အသင်းကို ၂-၄ နဲ့ အနိုင်ရသွားခဲ့ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာ အာဆင်နယ် နည်းပြ အာတေတာ ဟာ လေ့ကျင့်ရေးကွင်းမှာ ဟိုးလ်ဒင်း ၊ အယ်နီနီ နဲ့ အန်ကီးတီးယား တို့ရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် ချဲလ်ဆီး နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ပေးခဲ့တာ ဖြစ်ကြောင်း နဲ့ ကစားသမား ၃ ဦးရဲ့စွမ်းဆောင်ရည်ကို ချီးကျူး သွားခဲ့ပါတယ် ။

” လေ့ကျင့်ရေးကွင်းမှာ အန်ကီးတီးယား ကစားတာကို ကြည့်ကြည့်ရင် သူ ဘယ်လောက် နှိမ့်ချတတ်သလဲ ၊ ပွဲထွက်ခွင့် ဆာလောင်စိတ် ဘယ်လောက် ရှိသလဲ သိလာပါလိမ့်မယ် ။ လူကောင်းတွေ အတွက် ကောင်းတဲ့ အရာတွေ ဖြစ်လာတာပါပဲ ။ ”

 

” တစ်စုံ တစ်ဦး အတွက် ဝမ်းသာပေးရမယ်ဆို ကျွန်တော်ကတော့ သူ့(အန်ကီးတီးယား) အတွက် ဝမ်းသာ ပေးချင်ပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ သူ ဖြတ်ကျော် ခဲ့ရတဲ့ အရာတွေကို သိနေတာကြောင့်ပါ ။ ”

 

” အယ်နီနီ ၊ ရောဘ့်ဟိုးလ်းဒင်း တို့ကိုလည်း တူတူပါပဲ ၊ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ပွဲကို အနိုင် ရခဲ့တာပါ ၊ ဒီကစားသမားတွေရဲ့ စိတ်ဓတ်ကို ကျွန်တော် သဘောကျပါတယ် ၊ ရှုံးပွဲတွေ့ရင် ဝေဖန်မှုတွေကတော့ ခံရမှာပါပဲ ၊ ဒါပေမယ့် ဒီကစားသမားတွေကတော့ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ပါတယ် ၊ သူတို့တွေက တိုးတက်မှု ရှိနေတဲ့ ကစားသမားတွေပါ ။ ”

” သူတို့ကို ဘာကြောင့် ပွဲထွက်ခွင့် ပေးသလဲဆိုတာ အင်မတန် ရိုးရှင်းပါတယ် ၊ သူတို့ရဲ့လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ကြောင့်ပါ ၊ ရှုံးပွဲ အပြီး တနင်္ဂနွေ နေ့က လေ့ကျင့်ရေး အစီအစဉ် ကိုသာ တွေ့ရင် မို အယ်နီနီ ၊ရောဘ့် နဲ့ နီကိုလပ်စ် ပေပေတို့ ဘယ်လို လေ့ကျင့်ခန်းဆင်းကြသလဲ ဆိုတာ သိပါလိမ့်မယ် ၊ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ အနိုင်ရခဲ့တာပါ ။ ”

 

” ပွဲမတိုင်ခင်မှာလည်း လူကောင်းတွေ အတွက် ကောင်းတဲ့ အရာတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါတယ် ။ အဝတ်လဲခန်း အတွင်းမှာ တကယ်ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ် ၊သူတို့ ဒီနေ့ စွမ်းဆောင်ရည်တွေ ပြသ နိုင်ခဲ့ပါတယ်၊ အသင်းကို သူတို့ ဘယ်လောက်အထိ ဂရုစိုက်သလဲဆိုတာ သိသာပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM