ချဲလ်ဆီး ပရိသတ်တွေဆီက ဆိုးရွားတဲ့ ကြိုဆိုမှုကို ရရှိခဲ့ခြင်း အပေါ် တုန့်ပြန်ရင်း ၊ မန်ဒီရဲ့ လက်ဆောင်ဂိုး အပေါ် မှတ်ချက်ပေးလိုက်တဲ့ ကော်တွိုက်စ်

လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ဂိုးသမား သီဘောက် ကော်တွိုက်စ် ဟာ တမြန်နေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့မှာ အသင်းဟောင်း ချဲလ်ဆီးကို ရင်ဆိုင်ဖို့ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ အလည်တခေါက် ရောက်လာခဲ့ပါတယ် ။

ဒီပွဲမှာ ရီးရဲလ်မက်ဒရစ် ဟာ ချဲလ်ဆီးကို တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့ အတူ ၁ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၊ ပြီးခဲ့တဲ့ ရာသီက ရှုံးကြွေးကို အကြေ ပြန်ဆပ်နိုင်ခဲ့ပါတယ် ။ ကော်တွိုက်စ် ဟာ ရီးရဲလ်တို့ အောင်ပွဲဆင်ခဲ့ခြင်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ၊ အရေးပါတဲ့ ဂိုးပေါက် ကာကွယ်မှု ၄ကြိမ်နဲ့ အထက် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

တဖက်ကလည်း တချိန်တုန်းက ချဲလ်ဆီး အသင်းအပေါ် လေးစားမှု မထားပဲ ထွက်ချင်သလို ထွက်ခဲ့ဖူးတဲ့ အတွက်ကြောင့် သစ္စာဖောက် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ကော်တွိုက်စ် ဟာ ထိုပွဲအစကနေ အဆုံးအထိ အိမ်ကွင်း ပရိသတ်တွေထံမှာ boo လုပ်ခြင်း ခံခဲ့ရပါတယ် ။

ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ကော်တွိုက်စ် က ဒီလို ဆိုးရွားတဲ့ ကြိုဆိုမှုမျိုး ချဲလ်ဆီး ပရိသတ်တွေဆီက ရမယ် ဆိုတာ ကြိုတင် မှန်းဆမိပေမယ့် ၊ ချဲလ်ဆီးမှာ သူဟာ ပရီးမီးယားလိဂ် ဖလား ၂လုံး အပါအဝင် စပါယ်ရှယ် အခိုက်အတန့်တွေ ရဖူးတာကြောင့် အခုလို boo လုပ်ခြင်းကို သူ့အနေနဲ့ ဗွေမယူကြောင်း ဖွင့်ဟခဲ့ပါတယ် ။

ကော်တွိုက်စ် က ” အမှန်အတိုင်း ပြောရရင် ပွဲမစခင်ကတည်းက စတမ်းဖို့ဒ်ဘရစ်ခ်ျက ကြိုဆိုမှုတွေဟာ ကျွန်တော့ အတွက် ဘယ်လိုမှ နွေးထွေးမှု ရှိလာမှာ မဟုတ်ဘူး ဆိုတာ ကြိုသိထားပြီးသား ဖြစ်ပါတယ် ။ ကွင်းပြင်ပမှာတော့ သူတို့ရဲ့ ကြိုဆိုမှု က ဖော်ရွေမှု ရှိကောင်းရှိနိုင်ပါမယ် ။ ”

” ဒါဟာ ဘောလုံး လောကရဲ့ တစိတ်တပိုင်းပါပဲ ။ ကျွန်တော် ရေးဆွဲ ပုံဖော်ခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ လမ်းခွဲဟာ ထင်ထားသလို မလှပခဲ့တာက ကံဆိုးခဲ့တယ်လို့ပဲ ပြောရမှာပါ ။ ဒါပေမယ့် ဒီနေ့ ပွဲရလဒ် အပေါ် ကျွန်တော် ကျေနပ် ဝမ်းသာမိသလို ၊ ချဲလ်ဆီးမှာ ပိုင်ဆိုင်ခဲ့ဖူးတဲ့ စပါယ်ရှယ် အမှတ်တရတွေ အတွက် ကျွန်တော် အမြဲ သတိရနေမှာပါ ။ ”

” ၄နှစ် အတွင်း ပရီးမီးယားလိဂ် ချန်ပီယံ ၂ကြိမ် ဖြစ်ဖို့ ဆိုတာ မလွယ်ကူပါဘူး ။ ဒီတော့ ဒီနေ့ ကွင်းတွင်းက ပရိသတ်တွေရဲ့ ဆိုးရွားတဲ့ ကြိုဆိုမှု အတွက် ကျွန်တော် ဘယ်လိုမှ ဗွေမယူပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ ထိုပွဲရဲ့ ဒုတိယပိုင်း ပြန်စတဲ့ အချိန် အထိ ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း အပြည့်ရှိခဲ့ပေမယ့် ၊ ပွဲပြန်စစချင်း ပေးခဲ့ရတဲ့ အက်ဒိုဝါ့ဒ် မန်ဒီရဲ့ ဘောလုံးမှားပေးပုံကြောင့် ရီးရဲလ်မက်ဒရစ်တို့ လက်ဆောင်ဂိုး တဂိုး ရခဲ့ကာ ၊ ပွဲကို ပိုပြီး ယုံကြည်မှု ရှိရှိ ထိန်းချုပ်ခွင့် ရခဲ့ပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကော်တွိုက်စ် က ” ဟုတ်ပါတယ် ။ သူ ကံဆိုးခဲ့ပါတယ် ။ ကျွန်တော်တို့လို ဂိုးသမားတွေ အဖို့က ဒီလို ကံဆိုးတဲ့ အခိုက်အတန့်မျိုး ဘောလုံးသမား ဘဝ တလျှောက် မဖြစ်မနေ ကြုံရတတ်ပါတယ် ။ ခင်ဗျားရဲ့ ဘောလုံး ပေးပို့ပုံ လွဲချော်တာနဲ့ ခင်ဗျား ကျူးလွန်ခဲ့တဲ့ အမှားကို ပြန်ဆယ်ပေးမယ့်သူ မရှိတတ်တာ များပါတယ် ။ ”

” အက်ဒိုဝါ့ဒ် မန်ဒီ ဟာ ပြီးခဲ့တဲ့ တနှစ်လုံး ချဲလ်ဆီး အသင်း အတွက် ရမှတ်များစွာ ကူရှာပေးခဲ့သလို ၊ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးစေခဲ့ရာမှာလည်း တထောင့် တနေရာက ပါဝင်ခဲ့ပါတယ် ။ ဒီတော့ သူ့ကို ချဲလ်ဆီး အသင်းသားတွေ အပြစ်တင်ကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR