ချဲလ်ဆီးကြောင့် အခက်တွေ့သွားတဲ့ ယူနိုက်တက် ၊ ဟာလန်း ကို ရတော့မယ့် မန်စီးတီး ၊ ချဲလ်ဆီး စတားကို စိတ်ဝင်စားတဲ့ ရီးရဲ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ အဲရစ် တန်ဟတ် ကို နည်းပြသစ် အဖြစ် ခန့်အပ် နိုင်တော့မယ်လို့ ယမန်နေ့ ညပိုင်းက သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူနိုက်တက် ဘုတ်အဖွဲ့ နဲ့ တန်ဟတ် တို့ အကြားမှာ သဘောတူညီချက် ရရှိ ခဲ့ပြီး လက်ရှိ လုပ်ကိုင် နေတဲ့ နယ်သာလန် ကလပ် အိုင်ယက်စ် နဲ့ စာချုပ်ကို ယူရို ၂ သန်း ပေးချေကာ ဖျက်သိမ်းပေးဖို့ ကိုလည်း ယူနိုက်တက် ဘက်က သဘောတူညီခဲ့ ပါတယ် ။

တန်ဟတ် ဟာ ယူနိုက်တက် မှာ ၂၀၂၆ သို့မဟုတ် ၂၀၂၅ နဲ့ တနှစ်သက်တမ်းတိုး စာချုပ် တခုခုကို ချုပ်ဆို သွားမယ်လို့လည်း ဖာဘရီဇီယို ရိုမာနို က ပြောဆို သွားခဲ့ ပါတယ် ။

ရာသီ အကုန်မှာ မန်ချက်စတာ စီးတီး ကနေ ထွက်ခွာတော့မယ့် ဝါရင့် ကွင်းလယ်လူ ဖာနန်ဒင်ဟို ဟာ အသင်းဟောင်း အက်သလက်တီကို ပါရာနန်စီ အသင်းထံ ပြန်သွားပြီး ကစားဖို့ ဆွေးနွေးမှု ပြုလုပ် နေတယ်လို့ ကြားသိရ ပါတယ် ။

 

ဘယ်လ်ဂျီယံ ကလပ် အန်ဒါလတ်ချ် မှာ နည်းပြ အဖြစ် လုပ်ကိုင် နေတဲ့ မန်စီးတီး ဂန္ထဝင်ကြီး ဗင်းဆင့် ကွန်ပနီ ဟာ ဘယ်လ်ဂျီယံ ဖလား ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့ ပေမယ့် ပင်နယ်တီ အဆုံးအဖြတ် မှာ ရှုံးနိမ့်ပြီး ပထမဆုံး ဖလား နဲ့ လွဲချော် သွားခဲ့ရ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကို တပတ် လုပ်ခ ပေါင် ၅ သိန်း နဲ့ ခေါ်ယူဖို့ အချက်အလက်တွေ ညှိနှိုင်း သဘောတူခဲ့ပြီ လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

စီးတီး ဟာ ဟာလန်း ရဲ့ ပေါင် ၆၃ သန်းတန် စာချုပ် ဖျက်သိမ်းကြေးကို ပေးချေခေါ်ယူမှာ ဖြစ်ပြီး လက်မှတ်ထိုးခ နဲ့ အေးဂျင့် အကျိုးဆောင်ခတွေ ပေါင်းစပ်လိုက်ပါက ပေါင် သန်း ၁၀၀ ကျော် ကုန်ကျ နိုင်တယ်လို့ ကြားသိရ ပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ ဟာ အိမ်ကွင်းမှာ ကာဒိဇ် အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ရိုးမား ဟာ နာပိုလီ ကို အယ်ရှာရာဝီ ရဲ့ နောက်ဆုံး မိနစ် ချေပဂိုး နဲ့ သရေ ရလဒ် ထွက်အောင် ကစားနိုင်ခဲ့ပါတယ် ။

ဒီပွဲ ရလဒ်ဟာ မီလန် ၂ သင်း နဲ့ ချန်ပီယံဆုကို အားပြိုင် နေတဲ့ နာပိုလီ အတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ ပါတယ် ။

ဝက်စ်ဟမ်း အသင်းဟာ ဘန်လေ ရဲ့ နံပါတ် ၁ ဂိုးသမား နစ်ပုပ် ကို ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ဟာ ချဲလ်ဆီး နောက်ခံလူ ရစ်ဆီဂျိမ်းစ် ကို နှစ်သက် သဘောကျ နေပြီး နွေရာသီ အတွက် ဦးစားပေး ပစ်မှတ် တခုအဖြစ် စာရင်း ပြုစုထားတယ်လို့လည်း ကြားသိရ ပါတယ် ။

အက်စတွန် ဗီလာ ဟာ ဘာစီလိုနာ ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဘရာဇီး ကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ဟို ကို အပြီးသတ် ဝယ်ယူလို ပေမယ့် ပေါင် သန်း ၄၀ ဆိုတဲ့ ပမာဏ ကို ပေးချေဖို့ တွန့်ဆုတ် နေတာကြောင့် ဈေး တဝက် ( ပေါင် သန်း ၂၀ ခန့် ) ချပေးဖို့ ဘာစီလိုနာ ထံ တောင်းဆို ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ FA Cup ဗိုလ်လုပွဲ တက်ရောက်မှုဟာ မန်ချက်စတာ ယူနိုက်တက် အပေါ် အခက်တွေ့ သွားစေခဲ့ ပါတယ် ။ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ဟာ ပွဲစဉ် ၃၇ မှ ဆုံတွေ့မှာ ဖြစ်ပေမယ့် အဆိုပါ ရက်သတ္တပတ်မှာ FA Cup final ကစားမှာ ဖြစ်တာကြောင့် ပွဲရက် ကို ရှေ့တိုးစီစဉ် ပေးခဲ့ပါတယ် ။

ဒီလို စီစဉ်မှုကြောင့် ယူနိုက်တက် ဟာ လီဗာပူး ၊ အာဆင်နယ် နဲ့ ချဲလ်ဆီး တို့ကို ၁၀ ရက် အတွင်းမှာ ဆက်တိုက် ကစားဖို့ ဖြစ်သွားခဲ့ရ ပါတယ် ။

ဘောလုံး အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ ရွိုင်ကင်း က သူဟာ နည်းပြ လောကထဲကို ပြန်လည် ဝင်ရောက်တော့မှာ မဟုတ်ပါဘူးလို့ အတည်ပြု ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဝိန်းရွန်းနီ ကိုင်တွယ် နေတဲ့ ဒါဘီ ကောင်တီ အသင်းဟာ မနေ့ညက ပွဲစဉ် အပြီးမှာ ချန်ပီယံရှစ် ကနေ လိဂ်ဝမ်း ကို တန်းဆင်း သွားခဲ့ရ ပါတယ် ။

ဒါဘီ ဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှု မရှိတာကြောင့် ဒီရာသီမှာ ၂၁ မှတ်အထိ လျော့ချ ခံရပြီး ယှဉ်ပြိုင် ခဲ့ရတာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဇနီးသည် ဂျော်ဂီနာ တို့ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက သားယောက်ျားလေး တယောက်ကို မွေးဖွားစဉ် အတွင်း ဆုံးရှုံး ခဲ့ရတယ်လို့ ဖွင့်ဟ ပြောပြ သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာလည်း မနေ့က မော်တော်ကား မတော်တဆမှု ဖြစ်ပွားခဲ့ ပေမယ့် ကြီးမားတဲ့ ဒဏ်ရာ ရရှိမှု မရှိဘဲ ကံကောင်း ခဲ့တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR