ချဲဆီး ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ Broughton အဖွဲ့ နဲ့ ပူးပေါင်းလိုက်တဲ့ ဆရီနာ ဝီလီယံ နဲ့ လီဝတ် ဟာမီလ်တန်

 

တင်းနစ် အကျော်မော်ဟောင်းကြီး ဆရီနာ ဝီလီယံ နဲ့ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ လီဝတ် ဟာမီလ်တန် တို့ဟာ ချဲဆီး ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ Martin Broughton ရဲ့ အဖွဲ့နဲ့ ပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်း Sky Sports က အခိုင်အမာ ဆိုလိုက်ပါတယ်။

လီဗာပူး ဥက္ကဌဟောင်း ဖြစ်သူ Martin Broughton ဦးဆောင်ထားတဲ့ အဖွဲ့မှာ World Athletics ရဲ့ ဥက္ကဌ Sebastian Coe နဲ့ အခြား ကမ္ဘာ အရပ်ရပ် က လူချမ်းသာ တော်တော်များများ ပါဝင်နေပြီး ၊ ချဲဆီး ရဲ့ မြင့်မားတဲ့ ပုံရိပ် ကို ဆက်လက် ထိန်းထားနိုင်အောင် ဦးဆောင်ပေးမယ်လို့ ကြိုတင် ကတိတွေ ပေးထားသူတွေ ဖြစ်ပါတယ်။

 

Philadelphia 76ers ဘက်စ်ကက်ဘော အသင်း အပါအဝင် အခြား အားကစားအသင်း တော်တော်များများကို ပိုင်ဆိုင်ထားတဲ့ ၊ ရင်းနှီးမြုပ်နှံသူ Josh Harris နဲ့ David Blitzer တို့ကလဲ Martin Broughton အဖွဲ့ ကို ထောက်ခံချက် အပြည့်အ၀ ပေးထားပါတယ်။

သတင်းတွေ အရတော့ လီဝတ် ဟာမီလ်တန် နဲ့ ဆရီနာ ဝီလီယံ တို့ဟာ ကြိုတင် ထည့်ဝင်ငွေ ပေါင် 10 သန်း နဲ့ ကဦး ပါဝင်ထားတာ သိရပါတယ်။

 

သို့သော် ဟာမီလ်တန် ရဲ့ ကိုယ်စားလှယ် ဖြစ်သူတွေ က ပူးပေါင်းလိုက်တဲ့ ကိစ္စ က မှန်ကန်သည့်တိုင်အောင် ၊ ထည့်ဝင်လိုက်တဲ့ ပမာဏဟာ မီဒီယာ သမားတွေ ဖော်ပြတဲ့ ကိန်း ဂဏန်းမျိုး မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပြီး ၊ အသေးစိတ် ပြောပြဖို့တော့ ငြင်းဆန်သွားခဲ့ ပါတယ်။

ဆရီနာ ဝီလီယံ ကတော့ မကြာခင် မှာ စတင် ယှဉ်ပြိုင်မှုတွေ လုပ်ဆောင်တော့မယ် National Wormen’s Soccer League အဖွဲ့ဝင် ဖြစ်တဲ့ Angel city FC အသင်းကို ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

ဗြိတိန် အစိုးရ က အဗရာမိုဗစ်ချ် ကို ပူတင် နဲ့ ဆက်စပ်မှုတွေ အခိုင်အမာ ရှိနေတယ်လို့ ကောက်ချက်ချပြီး နောက်ပိုင်း ပိတ်ဆို့ အရေးယူမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ဘီလီယံနာကြီးဟာ အသင်းကို ဦးဆောင် လည်ပတ်ဖို့ ဖြစ်နိုင်ချေ မရှိတော့တာကြောင့် သူ သံယောဇဉ် ကြီးမားတဲ့ ဘောလုံး အသင်းကို အရောင်းစာရင်း တင်လိုက်ရပါတယ်။

 

အရောင်းအဝယ် အဆိုပြုလွှာ အတွက် နောက်ဆုံး တင်သွင်းမှုတွေ ကို ဒီလ အစောပိုင်း က လက်ခံခဲ့တာပါ။

 

အခြားတစ်ဖက်မှာတော့ LA Dodgers ရဲ့ ပိုင်ရှင် ဖြစ်သူ Todd Boehly နဲ့ Boston Celtics ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်သူ Steve Pagliuca တို့ကလဲ ချဲဆီး ကို ဝယ်ယူနိုင်မယ့် နောက်ဆုံး ဆန်ကာတင် စာရင်းမှာ ပါဝင်လျှက် ရှိနေပါတယ်။

Chicago Clubs အသင်းပိုင်ရှင် Ricketts မိသားစု ကတော့ ချဲဆီး ပရိသတ်တွေ ရဲ့ ဝိုင်းဝန်းကန့်ကွက်မှုတွေ နဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာကြောင့် နောက်ပိုင်းမှာ ဝယ်ယူချင်တဲ့ စာရင်းကနေ နောက်ဆုတ်ပေးသွားခဲ့ ပါတယ်။

 

SPORTS MYANMAR