ကြောင်ရုပ်ထက် လာဘ်ကောင်းတဲ့ ယူနိုက်တက် ခေတ်သစ် ဆီဇာ De Gea တို့နဲ့ . . . ဂူဒီဆင်ပါ့ခ် ရဲ့ စနေနေ့ည ပွဲက စိတ်ဝင်စားစရာ အချက်များ

အဲဗာတန် တို့ ဖရန့်လမ်းပတ် လက်အောက်မှာ ကံဆိုးနေတာ မဟုတ်ပါဘူး ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ မတွေ့ သေးလို့ပါလို့တောင် ပြောရမလိုပါပဲ ။ ဒီနေ့ အိမ်ရှင် တို့ ကစားသွားတဲ့ပုံက စွဲမက်စရာ ဘာမှ မရှိပါဘူး ၊ ကြီးမားတဲ့ အခွင့်အရေး ဆိုလို ဂေါ်ဒွန် ရဲ့ အားပျော့တဲ့ ပိတ်သွင်းမှု တခုလောက်သာ ရှိခဲ့ ပါတယ် ။

 

ကျန်တာတွေ က မန်ချက်စတာ ယူနိုက်တက် က လုပ်ပေး သွားခဲ့တာပါ ။

မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ အမည်ဟာ ဒီရာသီမှာတော့ လာဘ်ခေါ်ကြောင်ရုပ်ကြီး ထက်တောင် ပိုစွမ်း နေသလိုပါပဲ ။ အမှတ်လိုနေသလား ၊ ယူနိုက်တက် နဲ့သာ ကစားလိုက်ပါ ။ နိုင်ပွဲပျောက်လို့ စိတ်သောကတွေ ရောက်နေသလား ၊ နည်းပြ မှာ ဖိအားတွေ ဝင်နေသလား ၊ ဘာပဲ အဆိုးတွေ ဖြစ်နေဖြစ်နေ မန်ချက်စတာ ယူနိုက်တက် နဲ့တွေ့ရင် အားလုံး အဆင်ပြေချောမွေ့ သွားနိုင်ပါတယ် ။

ဒီနေ့ ဂူဒီဆင်ပါခ့် မှာ မြင်ခဲ့ရတဲ့ စိတ်ဝင်စားစရာ အချက်တွေကတော့ –

၁ ။ ခေတ်သစ် ဆီဇာ De Gea

မားကပ်စ် ဘရူးတပ်စ် နဲ့ ဆီနိတ်တာတွေ က ရောမ အာဏာရှင် ဂျူးလိယက် ဆီဇာ ကို လုပ်ကြံခဲ့တာကို အပြင်မှာ မြင်တွေ့ချင်ပါသလား . . . မန်ချက်စတာ ယူနိုက်တက် ပွဲတွေကို စောင့်ကြည့်လိုက်ပါ ။

အသင်းဖော်တွေရဲ့ အကြိမ်ကြိမ် ပြန်သတ်နေတာကို ခံနေရတဲ့ ဒါးဗစ် ဒဟဲယား ကို တွေ့ရပါလိမ့်မယ် ။

ဒီရာသီမှာ ဒီနေ့ ပွဲကလို ပေးဂိုးမျိုးတွေ ဘယ်လောက်တောင် ပေးထားပြီးပြီလဲ ဆိုတာ မမှတ်မိ လောက်အောင် ပါပဲ ။

ပြိုင်ဘက်က ကန်လိုက်တဲ့ ဘောလုံး ကိုယ့်လူနဲ့ ထိပြီးဝင်တယ် ၊ ကိုယ့်လူ အချင်းချင်း ကပ်မိနေလို့ ပြိုင်ဘက် က လွတ်ပြီး ပိတ်သွင်းသွားတယ် ၊ သူ ဝင်မလိုလို ကိုယ်ဝင်မလိုလို နဲ့ အတိုင်အဖောက်မညီမှုတွေ ကနေ ဂိုးတွေ ပေးရတယ် . . . အစုံပါပဲ ။

ဆီဇာ သာ ကောင်းကင်ကနေ မြင်နိုင်မယ် ဆိုရင် ဒါးဗစ် ဒဟဲယား ကို သနားနေမိမှာ သေချာပါတယ် ။

၂ ။ ရိုနယ်ဒို ပါလည်း မထူးတဲ့ ယူနိုက်တက် တိုက်စစ်

လက်စတာ နဲ့ သရေကျတဲ့ ပွဲမှာ ခရစ္စတီယာနို ရိုနယ်ဒို မပါတာဟာ ယူနိုက်တက် ကို ပိုကောင်းစေတယ် ဆိုတဲ့ အသံတွေ တိတ်သွားစေခဲ့တယ်လို့ ဘောလုံး ဝေဖန်သူတွေက ပြောခဲ့ပါတယ် ။

ဒါပေမယ့် ဒီနေ့ပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ရိုနယ်ဒို ပါလည်း မထူးပါဘူးဆိုတဲ့ သက်သေပြချက် တခုကို အားလုံး မြင်တွေ့ ခံစားလိုက်ကြရ ပါပြီ ။

ယူနိုက်တက် ဟာ အဲဗာတန် ဂိုးဘက်ကို ၁၂ ကြိမ်ကန်ခဲ့ပါတယ် ။ ၄ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ရက်ဖိုဒ့် ရဲ့ ကန်ချက် နဲ့ ခေါင်းတိုက်ချက် တခုစီသာ ပစ်ဖိုဒ့် အသည်းအသတ် ပုတ်ထုတ် ကာကွယ် ခဲ့ရပါတယ် ။

ဒဟဲယား က တလုံးမှ မပုတ် ၊ မကာကွယ်လိုက်ရဘဲ ဂိုးပေးလိုက်ရပြီး ရှုံးသွားခဲ့တာပါ ။

ရိုနယ်ဒို တယောက် ဒီပွဲမှာ ဘာမှ လုပ်မပြ နိုင်ခဲ့ပါဘူး ၊ ဒါပေမယ့် ဒီလို မလုပ်ပြနိုင်လို့ ယူနိုက်တက် ရှုံးခဲ့ရတာလား ဆိုတော့ မဟုတ်ပါဘူး ၊ လက်ရှိမှာ ဘယ်သူတွေ ခေါ်ကန် ခေါ်ကန် ယူနိုက်တက် တို့ ရှုံးနေ ၊ သရေကျနေ ဦးမှာပါပဲ ။

၃ ။ ယူနိုက်တက် ကို နားမလည်သေးတဲ့ ရန်းနစ်

ယာယီ နည်းပြ တယောက် အတွက် အသင်းတသင်းကို သိနားလည်ဖို့ အချိန်ပေးရတာ ဓမ္မတာ ပါပဲ ။ အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်လို သူတလူ ငါတမင်း ဖြစ်ပျက်နေတဲ့ အသင်းကို ကိုင်တွယ်ဖို့ ရောက်လာတဲ့ နည်းပြမျိုး ဆိုရင် ပိုလို့တောင် အခြေအနေ ဆိုးနိုင်ပါတယ် ။

အခု ရန်းနစ် ဖြစ်နေတာ အဲ့ဒါပါပဲ ။

ဖရက်ဒ် ကို ထုတ် ၊ ပေါ့ဘာ ကို အစောကြီး လဲထည့်လိုက်တာ က ဘာမှ ပြောစရာ မရှိပေမယ့် မာတာ နဲ့ အီလန်ဂါ တို့ကို ထည့်လိုက်တာက တော့ တော်တော်လေး စဉ်းစားစရာ ဖြစ်စေခဲ့ ပါတယ် ။

ရက်ဖိုဒ့် က ဒီနေ့မှာ ခြေမပေါ်ပေမယ့် ရိုနယ်ဒို ထက် အဲဗာတန် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သူပါ ၊ မာတစ် ကလည်း ကွင်းလယ် နဲ့ နောက်တန်းကို ချိတ်ဆက် ကစားပေးနေပါတယ် ။ မာတာ ကို တည်ကန်ဘောတွေ အတွက် ထည့်ခဲ့တယ်ဆိုရင်လည်း တည်ကန်ဘောတွေ ကနေ ဘာမှ ထူးခြားမလာတာက ဒီလူစားလဲမှုတွေကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့မှာပါ ။

ဂျာမန် နည်းပြကြီး ဟာ ကျဆင်းနေတဲ့ အသင်းတွေကို ပြန်ပြီး ထူထူ ထောင်ထောင် ဖြစ်အောင် စွမ်းဆောင်ပေး နိုင်ခဲ့သူလို့ မှတ်တမ်းကောင်းတွေက ဖော်ပြ ပေးခဲ့ ပါတယ် ။

ဒါပေမယ့် အဲ့ဒိ အသင်းအားလုံး ရန်းနစ် ရောက်လာတာနဲ့ ချက်ချင်းကြီး ထကောင်းသွားခဲ့တာ မဟုတ်ပါဘူး ။

နှစ်နဲ့ချီ ပြင်ဆင် မွမ်းမံပြီးမှ ကောင်းမွန်တဲ့ အသင်းတွေ ဖြစ်လာခဲ့တာပါ ။

ဒါကို ယူနိုက်တက် ပရိသတ်တွေရော ဝေဖန်သူတွေပါ မေ့ထားလို့ မဖြစ်ပါဘူး ။

၄ ။ စိတ်ပူရဦးမယ့် အဲဗာတန်

နိုင်သွားပေမယ့် အဲဗာတန် ရဲ့ ကစားပုံက တော်တော်လေး စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောရမှာပါ ။

ဒီဘက်နှစ်တွေမှာ အဆိုးရွားဆုံး အဲဗာတန် အသင်းလို့တောင် ပြောလိုက်ချင်ပါတယ် ။

ရှေ့တန်းက ရစ်ချလီဆင် နဲ့ ဒိုမီနစ် ကယ်လ်ဗက် လီဝင်း တို့ ပုံစံကောင်းတွေ ဆိုးဆိုးရွားရွား ပျောက်နေပြီး ကွင်းလယ်ကလည်း တကယ့်ကို ဖရိုဖရဲ နဲ့ပါ ။

ပစ်ဖိုဒ့် သာ လက်စွမ်းပြ မကာကွယ် နိုင်ခဲ့ရင် ၊ ပြိုင်ဘက်က မန်ချက်စတာ ယူနိုက်တက် မဟုတ်ခဲ့ရင် အဲဗာတန် တို့ ဒီနေ့လည်း အမှတ်ဗလာ နဲ့ ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ် ။

 

လောလောဆယ်တော့ ဖရန့်လမ်းပတ် နဲ့ အဲဗာတန် တို့ အသက်ရှူ ချောင်ခဲ့ပါပြီ ၊ ဒါပေမယ့် ပေါ့ဆလို့တော့ မရသေးပါဘူး ။ ရာသီကုန်ဖို့ ပွဲတွေကျန်နေသေးပြီး ကစားရမယ့် အသင်းတွေက မန်ချက်စတာ ယူနိုက်တက် မဟုတ်တော့လို့ပါပဲ ။

 

SPORTS MYANMAR