ကျနော် ကြည့်ခဲ့ဖူးသမျှ လီဗာပူး အသင်းတွေထဲမှာ လက်ရှိ အသင်းက အကောင်းဆုံးပါပဲ #အူနိုင်းအမ်မရီ

ဗီလာ ရီးရဲ ဟာ ရှုံးထွက် အဆင့်တွေ မှာ ဘယ်သူမှ ထင်မှတ် မထားတဲ့ အီတလီ ရဲ့ အင်အားကြီး ယူဗင်တပ် နဲ့ ဂျာမန် ချန်ပီယံ ဘိုင်ယန် မြူးနစ် ကို နောက်ကောက်ချပြခဲ့တာမို့ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဖျက်မြင်း အသင်းလို့ သတ်လို့ ရနေပါတယ်။

တစ်ချိန်တည်းမှာ လီဗာပူး ကလဲ ချန်ပီယံ လိဂ် မရဏ အုပ်စု အတွင်း ကျရောက်ခဲ့သည့်တိုင်အောင် ပွဲစဉ် အားလုံးကို အနိုင်ယူပြခဲ့သလို ၊ ရှုံးထွက် အဆင့်မှာ ဆိုရင် အီတလီ ချန်ပီယံံ အင်တာ မီလန် အသင်းကိုပါ နောက်ကောက်ချပြခဲ့ ပါတယ်။

ဒါကြောင့် ဒီည ယှဉ်ပြိုင် ကစားကြမယ့် အကြို ဗိုလ်လုပွဲဟာ ပြိုင်ဘက်ကောင်းတွေ ကို အသီးသီး ကျော်ဖြတ်လာတဲ့ အသင်းတွေ ဖြစ်နေလို့ ယုံကြည်မှု အပြည့်နဲ့ ပွဲထွက်လာမှာ သေချာပါတယ်။

အူနိုင်း အမ်မရီ ကတော့ ကလော့ပ် ရဲ့ လီဗာပူး အသင်းကို ၂၀၁၆ ခုနှစ်က ယူရို ပါလိဂ် အကြို ဗိုလ်လုပွဲမှာ အနိုင်ယူပြခဲ့ဖူးသလို ၊ ပရီးမီးယားလိဂ် မှာ ဆိုရင် အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိပါတယ်။

“ ကျနော် က ကလော့ပ် ရဲ့ အသင်းကို ၂၀၁၆ ခုနှစ်က ဗိုလ်လုပွဲမှာ ရင်ဆိုင် ကစားခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ် အရောက်မှာတော့ ဒီလို အဆင့်မျိုးမှာ ပြန်လည် ဆုံတွေ့ကြတယ် ဆိုတဲ့ အကြောင်းအရင်းက အသင်းကောင်း တစ်သင်းဖြစ်အောင် တည်ဆောက်ဖို့ စိတ်ရှည်ဖို့ ၊ ယုံကြည်ချက် ပြင်းပြဖို့ နဲ့ ခေါင်းဆောင်မှု အရည်သွေး ထက်မြက်ဖို့ လိုတယ်ဆိုတာ ပြသနေတာပါ။

ကျနော် တွေ့ခဲဖူးသမျှ လီဗာပူး အသင်းတွေထဲမှာ လက်ရှိ အသင်းက အကောင်းဆုံးပါပဲ။ သူတို့ ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးတုန်းက အဲဒီ ကွင်းထဲမှာ ကျနော် ရှိခဲ့ပါတယ်။ ဒီနှစ်တော့ သူတို့ ပွဲတွေ စောင့်ကြည့်ရင်း သုံးသပ်ချက်တွေ ထုတ်မိတော့ ပိုကောင်းလာတဲ့ အချက်တွေ အများကြီး တွေ့ရပါတယ်။

သူတို့က အကောင်းဆုံး အခိုက်အတန့်ကို ပိုင်ဆိုင်နေတာပါ။ ကလော့ပ် အချိန်ယူ တည်ဆောက်ခဲ့တဲ့ စီမံကိန်း ကလဲ တိုးတက်မှုတွေ ဆက်တိုက် ရှိနေပါတယ်။ ပြောရရင် ပိုကောင်းတဲ့ Updated Version တစ်ခုကို မြင်ရသလိုပါပဲ။ အသင်းနဲ့ လိုက်ဖက်မယ့် ကစားသမားကောင်း တစ်ချို့ကိုလဲ ရအောင် ရှာဖွေ ထားနိုင်ခဲ့တယ်လေ”

“ သူတို့ ဟာ Character ကောင်းတယ် ၊ ပြေးအားနှုန်းကို ထိထိရောက်ရောက်ဖြစ်အောင် သုံးတယ် ၊ နေရာလွတ်တွေမှာ အခွင့်အရေး ယူတယ် ၊ Press ကို အမြင့်ဆုံးအထိ လုပ်ပြီး ၊ဘောလုံး ကို အချိန်တို အတွင်း ပြန်လုနိုင်အောင် ဖန်တီး တည်ဆောက်ထားတဲ့ အသင်းမျိုးပါ။ အခု ဆိုရင် ကစားသမားတွေ က စုပေါင်းအားတွေ နဲ့ ၁၈ ကိုက် အတွင်း နေရာလွတ်တွေတောင် ပူးပေါင်း ရှာဖွေ နိုင်လာကြပါပြီ။

ပြောရရင် ကလော့ပ် တည်ဆောက်ထားတဲ့ အသင်းမှန်း တန်းသိနေလောက်အောင်ကို တိုးတက်မှုတွေ က ထင်ရှားနေတာပါ။ နောက်တန်း အစွန်လူတွေ က တိုက်စစ်ကို အလွန်အကျွံ လိုက်ပါ ကစားရင်း ၊ ဖြတ်တင်ဘောတွေ နဲ့ ဆက်တိုက် ခြိမ်းခြောက်ပါတယ်။ တီယာဂို ၊ ဖာဘင်ဟို တို့လို ဘောလုံးသမားတွေ ကို ဘောလုံးကို သေချာကိုင်ပြီး ၊ မာနေး ကို အတွင်းဘက် ရွှေ့ကစားခိုင်းနေတယ်လေ။

မားနေး ရဲ့ နောက်တန်းတွေ ကို ကျော်ပြေးတတ်တဲ့ အရည်သွေးက တားဆီးရတာ ခက်ပါတယ်။ အခုတော့ အတွင်းဘက် ဝင်လာပြီး အသင်းဖော်တွေ နဲ့ ချိတ်ဆက်ပြီး ပိုကစားလာပါပြီ။ dribble လုပ်နိုင်တဲ့ ဒီယက်ဇ် ကိုလဲ ထပ်ပြီး ခေါ်ယူထားတယ်လေ။

သူတို့ဟာ ကိုယ့်စိတ်ကြိုက် လိုချင်တဲ့ ပုံစံမျိုး ပေါင်းစပ် ဖော်ဆောင် ကစားနိုင်ကြသလို ၊ တစ်ချို့ တိုက်စစ် ကစားသမားတွေ ရဲ့ မြန်နှုန်းမြင့်ကလဲ တားဆီးဖို့ ခက်ပါတယ်” လို့ သံုံးသပ် သွားခဲ့ပါတယ်။

ဆက်လက်ပြီး စပိန် သားကြီးက “ ကျနော် တို့ အနေနဲ့ သူတို့ ကို ရင်ဆိုင် ကစားဖို့ သေချာ လေ့လာသုံးသပ် ပြင်ဆင်ပြီး ၊ အဲဒီ အစီအစဉ်တိုင်း အကောင်ထည် ဖော်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အကောင်းဆံုံး စွမ်းဆောင်ရည်မျိုးတွေ ပြသနိုင်ရမှာပါ။

အဲဒီတော့ ပြီးပြည့်စုံတဲ့ ပွဲမျိုး ဖြစ်လာဖို့ ကြိုးစားကြည့်ရအောင်ပါ။ ဒီပွဲဟာ အကြိုဗိုလ်လုပွဲ ဖြစ်သလို ၊ အတောင့်တင်းဆုံး ပြိုင်ဘက် နဲ့ တွေ့နေတယ် ဆိုတာလဲ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပြီးသားပါ။ ကွင်းထဲမှာ ကိုယ့်လုပ်ပြနိုင်တဲ့ အကြောင်းအရာတွေ ရှိတယ် ဆိုတာ ပြသချင်ပါတယ်။ ဒီကို ရောက်လာတာ မျှော်လင့်ချက်တွေ ကို အဆုံးသတ်ဖို့ ရောက်လာတာ မဟုတ်ပါဘူး။ အကောင်းဆုံး အသင်းကို အနိုင်ယူပြဖို့ နည်းလမ်းတွေ ရှာဖွေ နိုင်တယ် ဆိုတာ ပြသဖို့ ရောက်လတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

SM