ကျနော်တို့ အိမ်ကွင်းရောက်ရင် လီဗာပူး အနေနဲ့ ဒီထက်ပိုပြီး ရုန်းကန်ရပါလိမ့်မယ် #အမ်မရီ 

 

ဗီလာ ရီးရဲ အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီ က မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ ပထမ အကျော့ပွဲစဉ်မှာ လီဗာပူး ကို 2-0 ရလာဒ် နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ၊ ဒုတိယ အကျော့ သူတို့ကွင်းရောက်ရင် ဒီထက် ပိုပြီး ရုန်းကန် ရလိမ့်မယ်လို့ သတိပြောဆိုမှုတွေ လုပ်ဆောင် သွားခဲ့ ပါတယ်။

တစ်ဆက်တည်းမှာ 2-0 ရလာဒ် က ထိုက်တန်တဲ့ ရလာဒ်မျိုးလို့ ဝန်ခံ သွားခဲ့ပြီး သူတို့ အသင်းဟာ ချေပဂိုး ရယူနိုင်ဖို့ ကြိုးစားချင်စိတ် ရှိခဲ့သည့်တိုင်အောင် ၊ တိုက်စစ်မှာ အားကိုးရတဲ့ ကစားသမား က ဒဏ်ရာ ရရှိနေတာ ဖြစ်လို့ လိုချင်တဲ့ အတိုင်း ကစားကွက် အပြောင်းအလဲ လုပ်ဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

 

“ ကျနော်တို့ အနေနဲ့ သူတို့ရဲ့ နိုင်ပွဲ နဲ့ ပတ်သက်ပြီး ဘာမှ အဓွန့်တက်နေစရာ မရှိပါဘူး ဘာကြောင့်လဲ ဆိုတော့ သူတို့ နဲ့ ထိုက်တန်မှု အပြည့်ရှိလို့ ဖြစ်ပါတယ်။ ပထမပိုင်း ကစားပုံက ကျနော်တို့ အတွက် တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဟာ တိုက်စစ်ပိုင်းက ကိုယ်လိုချင်တဲ့ တန်ပြန် တိုက်စစ်တွေ ၊ Transition တွေကို ကောင်းကောင်း လုပ်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။

 

သူတို့ ကတော့ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေး 3 ခုလောက် ရရှိခဲ့ပါတယ်။ ဒါပေမယ့် 18 ကိုက်ထဲမှာ ကျနော်တို့ အသင်း ခံစစ် ကစားတဲ့ ပုံစံက ဒုတိယ ပိုင်းမှာထက် အများကြီး ပိုကောင်းခဲ့တယ်လေ။

ပြောရရင် ဒုတိယ ပိုင်းကိုလဲ ဒီအတိုင်းပဲ ကစားတာပါ။ သူတို့က က ဂိုးသွင်းနိုင်ဖို့ ပိုပြီး ဖိအား ပေးလာတာမို့ ဂိုးပေါက်တွေ့သွားတာ ဖြစ်ပါတယ်။ 2-0 ရလာဒ် က သူတို့ အတွက် ရလာဒ်ကောင်း တစ်ခုလို့ ပြောလို့ ရပါတယ်။ ကျနော်တို့ အတွက်တော့ အဲဒီလို ရှုမြင်ပေးလို့ မရပါဘူး။ ဒါပေမယ့် အိမ်ကွင်း ရောက်ရင်တော့ ကိုယ့် ပရိသတ်တွေ ရဲ့ အကူအညီ နဲ့ ဒီရလာဒ် နဲ့ မတူတဲ့ ပုံစံတွေ ထွက်လာဖို့ အိပ်မက် မက်ထားမှာပါ။

 

နောက်ပွဲဟာ ဒီညပွဲ နဲ့ အများကြီး ကို ခြားနား နေပါလိမ့်မယ်” လိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဖလား 4 လုံး လမ်းကြောင်းပေါ်မှာ ဆက်ပြီး ရပ်တည်နိုင်ဖို့ အတွက် သူတို့ရဲ့ ကစားအားကို ချွေသင့်သလောက် ချွေတာ သုံးစွဲ ကစားခဲ့တာ ရှုံးထွက် အဆင့် ၊ ကွာတား ဖိုင်နယ် အဆင့်တွေ တုန်းက ပွဲစဉ်တွေက သက်သေခံလျှက် ရှိနေပါတယ်။

အဲဒီ အဆင့်တွေ မှာတုန်းကလဲ ပထမ အကျော့ 2+ ဂိုး နဲ့ အနိုင်ရခဲ့တာ မို့ ၊ အိမ်ကွင်း အန်ဖီးလ်မှာ ပြန်ကစားတဲ့ ပွဲဆိုရင် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာပြီလို့ ယုံကြည်သွားတဲ့ တစ်ပြိုင်နက် ကစားအား ချွေတာလေ့ရှိပါတယ်။

 

ဒါကြောင့် ဗီလာ ရီးရဲ နဲ့ ကစားမယ့် ဒုတိယ အကျော့ ပွဲစဉ်မှာတော့ ဘယ်လို ပုံစံတွေ ခင်းကျင်းလာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အမ်မရီ ကတော့ “ ဒီပွဲက တော်တော်လေးကို ခက်ခဲပါတယ်။ သူတို့ က 2-0 ဦးဆောင်လိုက်တဲ့ အနေအထားမှာ ၊ ကျနော်တို့လဲ 1 ဂိုး လောက်တော့ ပြန်သွင်းနိုင်ဖို့ ကြိုးစားရမှာပါ။ တကယ်လဲ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် သူတို့က နေရာလွတ် နည်းအောင် ချုံ့ထားတဲ့ အခင်းအကျင်းရယ် ၊ သူတို့မှာ ပိုင်ဆိုင်ထားတဲ့ ကစားသမား စာရင်းမျိုးကြောင့် ၊ ကိုယ့် အိမ်ကွင်းရောက်မှ ပိုပြီး ကြိုးစားတာ ပိုပြီး အဓိပ္ပါယ် ရှိမယ် ထင်ပါတယ်။

 

ဒါကြောင့် နည်းစနစ်ပိုင်း ဆိုင်ရာ အပြောင်းအလဲတွေ လုပ်သွားမှာပါ။ သူတို့ဟာ ကျနော်တို့ ကွင်းရောက်ရင် ဒီညထက် ပိုပြီး ရုန်းကန် ကစားရပါလိမ့်မယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

SPORTS MYANMAR