“ ကျနော့် ကို မလိမ်ညာရဘူးနော်………….” ကိုနာတေး

ဒီနှစ် ဘောလုံးရာသီ အတွင်း လီဗာပူး ပရိသတ်တွေ အကြားမှာ သီးချင်းပေါင်း များစွာ ပေါ်ထွက်ခဲ့ပါတယ်။

“ ဖီဂိုထက်တောင် ပိုကောင်းတဲ့ ဒီယိုဂို” ဆိုတဲ့ သီချင်းဟာ အန်ဖီးလ် ပရိသတ်တွေ အကြားရေပန်းစားခဲ့သလို ၊ ဧပြီလ အတွင်း နိုင်ပွဲတွေ ဆက်တိုက် ရယူပြချိန်မှာတော့ “ယာဂန် ကလော့ပ် ရဲ့ သီချင်းသစ်” တစ်ပုဒ်လဲ ပေါ်ထွက်ခဲ့ ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ဗီလာ ရီးရဲ နဲ့ ပွဲစဉ်မှာတော့ လီဗာပူး ပရိသတ်တွေဟာ ဒီရာသီမှာ ပုံစံကောင်းတွေ ဆက်တိုက် ပြသနေတဲ့ လူငယ်ခံစစ်မှုး ကိုနာတေး ရဲ့ နာမည် (Ibooouuu!) ကို ပထမဆုံး အကြိမ် အော်ဟစ်ကာ စတင် အားပေးလာခဲ့ကြပါတယ်။ ဒီအကြောင်းကို ကွင်းထဲမှာ ကစားနေတဲ့ ကာယကံရှင် ကစားသမား ကိုယ်တိုင်ကတော့ သတိမထားမိခဲ့ပါဘူး။

LFC TV နဲ့ အင်တာဗျူးမှာ တွေ့ဆုံမေးမြန်းသူက အဲဒီ အကြောင်း သိလားလို့ မေးလိုက်ချိန်မှာတော့ ကိုနာတေး က အံ့အားသင့်နေတဲ့ မျက်နှာထား နဲ့ –

“ တကယ်ကြီးလား……ကျနော်ဖြင့် အဲဒီ အကြောင်း သိတောင် မသိပါဘူး။

အဲဒီ အော်ဟစ်နေတဲ့ မှတ်တမ်း Video ကျနော့် ကို ပြရမယ်နော်…။ ကျနော်ဖြင့် ခင်ဗျားပြောမှကို ဒီအကြောင်းသိတာပါ။ အမှန်တိုင်း ဝန်ခံရရင် ကိုယ့်အကြောင်းကိုတောင် မသိလို့ နည်းနည်း ရှက်မိပါတယ်။ ကျနော် က လုံး၀ ကို မကြားမိတာဗျာ။ ဒါပေမယ့် အဲဒီလို အခိုက်အတန့်မျိုး ဖြစ်လာဖို့ က ကျနော့် ရဲ့ အိပ်မက်ပဲဗျ။

အန်ဖီးလ် ကွင်းထဲက ပရိသတ်တွေ က ကျနော့် နာမည်ကို အော်ဟစ်နေကြတဲ့ အခိုက်အတန့်ဟာ အိပ်မက်တွေ တကယ် ဖြစ်လာတာပါပဲ။

အဲဒီ Vdieo ကျနော့် ကို ပြရမယ်နော်။ တဝကြီးကို နားထောင်လိုက်ဦးမယ်ဗျာ။ ကွင်းထဲမှာ မျက်ရည်တွေ မကျချင်ပေမယ့် ၊ တကယ်ကို ကျနော့် အတွက် တန်ဖိုးကြီးလွန်းတဲ့ အရာမျိုးပါပဲ” လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

ကိုနာတေး ဟာ လီဗာပူး ကစားသမား ဘဝမှာ စုစုပေါင်း 23 ပွဲ အထိ ပါဝင် ကစားပြီးပြီ ဖြစ်သည့်တိုင်အောင် အခုထိ တစ်ကြိမ် တခါမှ ရှုံးပွဲ ကြုံတွေ့ရခြင်း မရှိသေးပါဘူး။ အဲဒီ မှတ်တမ်းကောင်း နဲ့ ပတ်သက်လို့တော့ ကိုနာတေး က –

“ ရှုံးပွဲ မကြုံရဖို့ ဆိုတာ ကျနော့် ရဲ့ ပစ်မှတ်တစ်ခုပါ။ အသင်းရဲ့ ရည်ရွယ်ချက်က နိုင်ပွဲတွေ ရယူနိုင်ဖို့ ဖြစ်ပေမယ့် ၊ ကိုယ့်ကိုယ်လဲ လုံး၀ မရှုံးစေရဘူး ဆိုတဲ့ ခံယူချက်မျိုးက အမြဲတမ်း ထားပါတယ်။

ရှေ့ဆက်ပြီး ပွဲတွေ အများကြီး ကစားရဦးမှာ ဖြစ်သလို ၊ စိန်ခေါ်မှု ကြီးမားတဲ့ ပွဲတစ်ပွဲက ရှေ့နားကို ရောက်လာပြန်ပါပြီ။ အက်ဖ်အေ ဖလား ပြိုင်ပွဲဖြစ်စေ ၊ ချန်ပီယံလိဂ် ပြိုင်ပွဲ ဖြစ်စေ အသင်းတွေ အားလုံးက သူ့နည်း သူ့ဟန် နဲ့တော့ အန္တရာယ် ပေးနိုင်ကြတာ ချည်းပါပဲ။ အဲဒီတော့ ရှိသမျှ ခွန်အားတွေ သုံးပြီး ကစားပေးဖို့ က အဓိက ဖြစ်ပြီး ၊ ပွဲအားလုံးကိုလဲ အနိုင်ရဖို့ မျှော်လင့်ထားပါတယ် ။ ပြီးရင်တော့ ပြိုင်ပွဲ အားလုံးမှာ အနိုင်ယူပြဖို့ အတွက်ပေါ့ဗျာ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ကိုနာတေး ဟာ ဒီရာသီ လီဗာပူး ခံစစ် ကစားသမားတွေ ထဲမှာ သွင်းဂိုး အများဆုံး ဖြစ်ပြီး ၊ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှုးကြီး ဗန်ဒိုက် နည်းတူ 3 ဂိုး အထိ သွင်းယူပြထားပါတယ်။ သူဟာ ဒီရာသီ အစောပိုင်းကမှ ရောက်ရှိလာသူ ဖြစ်ပြီး ၊ သူ့ကို ယုံယုံကြည်ကြည် နဲ့ ခေါ်ယူခဲ့တဲ့ နည်းပြကြီး ကလော့ပ် စာချုပ် သက်တမ်းတိုးလိုက်တဲ့ အပေါ် အခုလို မှတ်ချက်ပေးသွားခဲ့ ပြန်ပါတယ်။

“ ကစားသမားတွေ အားလုံးက အရမ်းကို ပျော်နေကြတယ် ထင်ပါတယ်။ ကျနော်တို့ဟာ ဒီစုဖွဲ့မှု အတိုင်း အချိန်တွေ အကြာကြီး ဆက်လက် ရှိနေဖို့ မျှော်လင့်ထားကြတာပါ။

ဒီရာသီ အစောပိုင်းတုန်းက အဓိက ကစားသမားတွေ အများစု စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့တယ်လေ။ ဒါကြောင့် စာချုပ်သစ်ကြောင့် ကလော့ပ် အပြင် ၊ သူ့မိသားစုဝင်တွေလဲ ပျော်ရွှင်နေကြမှာ ဖြစ်ပါတယ်” လို့ မှတ်ချက်ပြုသွားခဲ့ ပါတယ်။

SM