ကီတာနဲ့ ဒီယက် တို့ တောက်ပခဲ့ကြတဲ့ ဘင်ဖီကာ ၁-၃ လီဗာပူး ပွဲစဉ်မှ လီဗာပူး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်များ

လီဗာပူးအသင်းဟာ မနေ့ညက ပေါ်တူဂီမှာ သွားရောက် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အိမ်ရှင် ဘင်ဖီကာ အသင်းကို ကိုနာတေး မာနေး ဒီယက် တို့ရဲ့ ဂိုးတွေနဲ့ အတူ ၃-၁ နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ရန် နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှ လီဗာပူး ကစားသမားတွေရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေကတော့….

အလီဆွန် – 7
ပထမပိုင်းမှာ အလုပ် သိပ်မရှုပ်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ အလုပ်များခဲ့ကာ အဲဗာတန်ရဲ့ ကန်ချက်ကို ကောင်းစွာ ကာကွယ်နိုင်ခဲ့ပါတယ်။ အလီဆွန် အနေနဲ့ ရာဖာဆေးလ်ဗားရဲ့ press ကြောင့် အမှားအယွင်း လုပ်မိလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။

အလက်ဇန်းဒါးအာနိုး – 8
ဒဏ်ရာ ကနေ ပြန်လာပြီးနောက် ခံစစ်မှာ မာကျောစွာ ကစားနို်င်ခဲ့ပြီး တိုက်စစ်ကို အမြဲတမ်း လိုက်ပါ ကစားဖို့ ဆန္ဒရှိခဲ့ကာ မာနေး ရဲ့ သွင်းဂိုး နဲ့ ဒီယက် တို့ရဲ့ သွင်းဂိုးတွေမှာ ထရန်ရဲ့ အကွက်မြင်မှု နဲ့ တအားကို ကောင်းလှတဲ့ အဝေးဘော ပေးပို့မှုတွေကို မြင်တွေ့ ခဲ့ရပါတယ်။

ကိုနာတေး – 7
ပထမပိုင်းမှာ ဒါ၀င်နူးနက်နဲ့ တစ်ဦးချင်း ရင်ဆိုင်မှုတွေမှာ အသာရခဲ့ပြီး လီဗာပူး အတွက် ပထမဦးဆုံး သွင်းဂိုးကို ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ကြီးမားတဲ့ အမှားအယွင်းကို ကျူးလွန်ခဲ့ပြီး ဒါ၀င်က ဒါကို အပိုင် အသုံးချသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကိုနာတေးဟာ မပြာသွားဘဲ တည်ငြိမ်စွာနဲ့ ကစားသွားခဲ့ပါတယ်။

ဗန်ဒိုက် – 7
ပထမပိုင်းမှာ ရိုးရိုးရှင်းရှင်းနဲ့ သက်တောင့်သက်သာ ကစားသွားခဲ့ကာ ဗန်ဒိုက် အနေနဲ့ သိပ်ပြီး အလုပ် မရှုပ်ခဲ့ပါဘူး။ ဘင်ဖီကာ တို့ ဂိုးရသွားချိန်မှာလည်း ဗန်ဒိုက်ဟာ နောက်တန်းကနေ တစ်သင်းလုံးကို တည်ငြိမ်မှု ရှိအောင် ကစားပေးသွားခဲ့ပါတယ်။

ရောဘတ်ဆန် – 7
ပထမပိုင်းမှာ ဘယ်ခြမ်းကနေ တိုက်စစ်ကို တောက်လျှောက် လိုက်ပါ ပံ့ပိုးပေးခဲ့ပြီး ကိုနာတေးရဲ့ သွင်းဂိုး အတွက် ထောင့်ကန်ဘော ကနေ ဖန်တီးပေးခဲ့ပါတယ်။ တစ်ချို့ အချိန်တွေမှာ ဖျက်ထုတ်မှုတွေဟာ အလောတကြီး ဖြစ်ခဲ့တာကြောင့် ပြိုင်ဘက် အသင်း အနေနဲ့ အခွင့်အရေး တစ်ချို့ ရခဲ့ပါတယ်။

ဖာဘင်ညို – 7
ကွင်းလယ် ခံစစ်ကနေ နောက်တန်းကို ရှေ့ကနေ ကာကွယ်ပေးခဲ့တဲ့ ဖာဘင်ညိုဟာ ဘင်ဖီကာ တို့ တန်ပြန် တိုက်စစ်ဆင်လာတဲ့ အချိန်တိုင်း ကွင်းလယ်ကနေ တိုက်စစ် လမ်းကြောင်းတွေကို ဖျက်တောက်ပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘင်ဖီကာရဲ့ ကစားအား ကောင်းလာမှုကြောင့် အနည်းငယ် ရုန်းကန် ခဲ့ရပါတယ်။

တီယာဂို – 7
ကွင်းလယ် ဘယ်ခြမ်းကနေ ကစားသွားခဲ့ကာ ပထမပိုင်းမှာ လီဗာပူးတို့ ပွဲကို လွှမ်းမိုးနိုင်အောင် အဓိက ကူညီပေးခဲ့ပြီး ဘောလုံးကို အကောင်းဆုံး အသုံးချ ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ အနည်းငယ် ပန်းသွားဟန် ရှိပြီး အဲဒီအချိန်မှာ လီဗာပူးရဲ့ ကွင်းလယ် စိုးမိုးမှုဟာ လျော့ကျသွားခဲ့ပါတယ်။ အဲဒီနောက် ဟန်ဒါဆန်နဲ့ လူစားလဲခံခဲ့ရပါတယ်။

ကီတာ – 9
ဘောလုံးပေးပို့မှုတွေ pressing တွေကို အကောင်းဆုံး လုပ်သွားခဲ့ပြီး တိုက်စစ်နဲ့ ခံစစ်မှာ ကောင်းမွန်တဲ့ ရွေ့လျားမှုတွေ လုပ်နိုင်တယ် ဆိုတာကို ပြသခဲ့ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပေမယ့်လည်း လီဗာပူးရဲ့ တတိယဂိုးမှာ ကီတာဟာ ကောင်းမွန်တဲ့ ပြေးလွှားမှုနဲ့ အတူ ဒီယက် အတွက် ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဆာလား – 6
ပြီးခဲ့တဲ့ စနေနေ့ကထက်တော့ ကစားပုံ ကောင်းခဲ့ပေမယ့် အခွင့်အရေးကောင်း ၂ ကြိမ်ကို အသုံးမချနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ပြိုင်ဘက် ခံစစ်ကြောင်းကို ကောင်းစွာ ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဘောလုံးတွေ အပျက်များခဲ့ကာ ဒီအတွက်ကြောင့်ပဲ လီဗာပူးဟာ တန်ပြန်တိုက်စစ်တွေ ပြန်ဆင်ခံခဲ့ရပါတယ်။ မိနစ် ၆၀ မပြည့်မီ ဂျိုတာနဲ့ လူစားလဲခံခဲ့ရပါတယ်။

မာနေး – 7
အထောင်တိုက်စစ်ကနေ မာနေးရဲ့ နောက်ထပ် ကောင်းမွန်တဲ့ ကစားပုံ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဆာလား အတွက် နောက်ပေါက်နဲ့ ဖန်တီးပေးလိုက်တဲ့ pass ဟာ တကယ့်ကို ကောင်းလွန်းခဲ့ပြီး လီဗာပူးရဲ့ ဒုတိယဂိုးမှာ နေရာမှန်မှာ ရှိနေတာကြောင့် သာသာယာယာ ပိတ်သွင်းနိုင်ခဲ့ပါတယ်။

ဒီယက် – 7
ဘင်ဖီကာ ညာနောက်ခံလူ ဂီဘာတိုကို ၎င်းရဲ့ မြန်နှုန်း တိုက်ရိုက် တိုက်စစ်ဆင်မှုတွေနဲ့ ခြိမ်းခြောက်သွားခဲ့ကာ ပထမပိုင်းမှာ ပင်နယ်တီ ဧရိယာထိပ်ကနေ ကန်သွင်းမှုက ဘေးကနေ ကပ်ထွက်သွားခဲ့ပေမယ့် မာနေး အတွက် ခေါင်းတိုက်ချကာ ဖန်တီးမှုကို လုပ်ပေးခဲ့ပါတယ်။ တိုက်စစ်မှာ နေရာစုံ ရွေ့လျား ကစားသွားခဲ့ပြီး တောက်လျှောက် ကြိုးစား ကစားသွားခဲ့ကာ ကီတာရဲ့ ဖန်တီးမှုကနေ တတိယဂိုးကို ရယူပေးခဲ့ပါတယ်။

လူစား၀င်
ဖာမီနို – 7
ဟန်ဒါဆန် – 6
ဂျိုတာ – 6
ဂိုးမက်ဇ် ၊ မီနာ (NA)

SM