“ကိုယ့် အတ္တကို ရှေ့တန်းတင်ပြီး ၊ ဒီအချိန်မှာ စာချုပ်သစ် ကိစ္စတွေ မပြောချင်ပါဘူး” မို ဆာလာ

လီဗာပူး တိုက်စစ် ကစားသမားကြီး မို ဆာလာ ရဲ့ လက်ရှိ စာချုပ် ဟာ 2023 ခုနှစ် ဇွန်လ ရောက်ရင် ကုန်ဆုံးတော့မှာပါ။ ဒါကြောင့် သူ့ ကို လိုချင်တဲ့ အသင်းတွေ အနေနဲ့ ရာသီ အကုန်မှာ တရားဝင် ကမ်းလှမ်းခွင့် ရှိနေသလို ၊ ချဉ်းကပ်ထားမယ် ဆိုရင်လဲ အခု ကတည်းက အေးဂျင့် ကိုယ်စားလှယ်တွေဆီ ဆက်သွယ်လို့ ရနေပါပြီ။

သို့သော် အင်္ဂလန် က သတင်းတော်တော်များများ မှာတော့ ဆာလာ ဟာ ကစားသမား ဘ၀ သက်တမ်း ကုန်ဆုံးသည် အထိ ဆက်ရှိ နိုင်မယ့် စာချုပ်သစ်မျိုးကို လီဗာပူး နဲ့ ဆက်လက် ချုပ်ဆိုဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီ လို့ ဖော်ပြလျှက် ရှိနေပါတယ်။

ယာဂန် ကလော့ပ် ကိုယ်တိုင်ကလဲ လက်ရှိ စာချုပ်သစ် ကိစ္စ ဆွေးနွေးနေကြတဲ့ အပေါ် “ပျော်ရွှင် ကျေနပ်မိတယ်” လို့ သုံးနှုန်းထားသလို ၊ အဆုံးအဖြတ် ပေးနိုင်တဲ့ နှစ်ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတဲ့ အကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကာယကံရှင် အီဂျစ်သားကြီး ကိုယ်တိုင်ကတော့ စာချုပ်သစ် ကိစ္စဟာ “ထိလွယ် ရှလွယ် အခြေအနေ ဖြစ်လို့” အခုလို ဖလား 4 လုံး လမ်းကြောင်းပေါ် နီးစပ်နေချိန်မှာ ၊ သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စကို ရှေ့တန်းတင်ထားတာ မကောင်းဘူးလို့ ပြောဆိုရင်း ပယ်ချသွားခဲ့ ပါတယ်။

Sky Sports သတင်းထောက် က စာချုပ်သစ် ဆွေးနွေးနေတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး မေးမြန်း ရာမှာတော့ “ ကောင်းပါတယ်..အများကြီးတော့ မဟုတ်ဘူးပေါ့ ဒါပေမယ့် ကျနော် ပြောနိုင်တာ တစ်ခုက ဒီကိစ္စမှာ လူတွေ မသိကြတဲ့ တခြား အကြောင်းအရာတွေ အများကြီး ရှိပါသေးတယ်။

ဒီအချိန်မှာ စာချုပ်သစ် အကြောင်းတွေ ပြောရင်း ၊ ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာ ကို ရှေ့တန်းမတင်ချင်ပါဘူး။ ကျနော်တို့ အသင်းက အရေးကြီးဆုံး အခိုက်အတန့် တစ်ခုကို ဖြတ်ကျော်နေချိန်ပါ။ ဒါကြောင့် အသင်းရဲ့ အကြောင်းကို ပိုပြောချင်ပါတယ်။ လာမယ့် ပွဲစဉ်တွေ အတွက် အာရုံ စိုက်နေတဲ့ အကြောင်းတွေ က အရေးကြီးဆုံး မို့လား။

ကျနော့် ဘက်က ပြောနိုင်တာ ဒါ အကုန်ပါပဲ။ အကောင်းဘက်ကနေ ပဲ မြင်ထားကြရအောင်ပေါ့ဗျာ ၊ ပြီးမှ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့” လို့ တုန့်ပြန် သွားခဲ့ ပါတယ်။

အဲဒီနောက် သတင်းထောက် က စာချုပ်သစ် ကိစ္စ အဆင်ပြေသွားမယ်လို့ ယုံကြည်မှု ရှိလားလို့ ဆက်ပြီး မေးမြန်းလာရာ ၊ ဆာလာ က –

“ Yes လို့ လဲ မပြောနိုင်သလို ၊ No လို့လဲ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒီအကြောင်းကို အရင်လဲ အကြိမ်ပေါင်း များစွာ ကျနော် ပြောခဲ့ပြီးပါပြီ။ ကျနော် က ဘာဖြစ်ချင်တယ် ဆိုတာ ခဏခဏ ပြောထားခဲ့တာပါ။ ဒါကြောင့်မို့ စာချုပ်သစ် အကြောင်း အသေးစိတ် ဆက်ပြီး မပြောပါရစေနဲ့ ဘာလို့လဲ ဆိုတော့ ထိလွယ် ရှလွယ် အခြေနေမျိုး ဖြစ်နေလို့ပါ။

အသင်းက နိုင်ပွဲတွေ အများကြီး ဆက်တိုက် လိုအပ်နေတဲ့ အချိန်မှာ ၊ ကျနော့် ရဲ့ သတင်းတွေ ဖောင်းပွသွားတာမျိုး အဖြစ် မခံနိုင်ပါဘူး။ ကျနော် ကိုယ်တိုင်လဲ အသင်းအတွက်ပဲ အာရုံ စိုက်ထားပါတယ်။ ဒီလောက်ပါပဲ” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

မိုဆာလာ ဟာ ဖေဖော်ဝါရီ လထဲ က စလို့ Build Up Play အနေအထား ကနေ ဂိုးသွင်းယူနိုင်ခြင်း မရှိတာ အခုချိန်ထိ ဖြစ်ပါတယ်။ ဒီကြားထဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေ က ပင်နယ်တီ တွေ ကနေ သွင်းယူနိုင်ခဲ့တာပါ။

ဒါကြောင့် စာချုပ်သစ် ကိစ္စကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်တွေ အပေါ် သက်ရောက်မှု ရှိနေတာလားလို့ မေးမြန်းချိန်မှာ ၊ ကာယကံရှင် ကိုယ်တိုင်က အခုလို ဆက်ပြီး ငြင်းဆန်သွားခဲ့ ပါတယ်။

“ လုံး၀ ကို မဆိုင်တာပါ။ အဲဒီ အတွက် မန်နေဂျာကြီး နဲ့ လဲ အမြဲတမ်း ပြောဖြစ်ပါတယ်။ ကျနော်ဟာ ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ ကိုယ့်အလုပ် ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။

လေ့ကျင့်ရေးကွင်းမှာ ဆိုရင် ကျနော်က အစောဆုံး ရောက်တဲ့သူ ဖြစ်သလို ၊ နောက်ဆုံးမှ အိမ်ပြန်တဲ့သူပါ။ ကိုယ် ဘာတွေ လုပ်ဆောင်နေလဲ ဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်။ ဂိုးတွေ မသွင်းနိုင်တာ နဲ့ ပတ်သက်ပြီး လုံး၀ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ အရေးအကြီးဆုံး အချက်က အသင်းအတွက် အမြဲတမ်း အာရုံစိုက်နေဖို့ အတွက်ပါ။

ကျနော် ဟာ နောက်ဆုံး ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အာရုံ စိုက်နေသလို ၊ ကလပ် အတွက်လဲ ပေးစွမ်းနိုင်သမျှ အစွမ်းကုန် ပေးဆပ်နေပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM