ကာဒိဇ် ကို ရှုံးနိမ့်ပြီးနောက် လာလီဂါ ချန်ပီယံဆုကို နှုတ်ဆက်ရလုနီးပါး ဖြစ်နေပြီလို့ ဝန်ခံလိုက်တဲ့ ဘာစီလိုနာ နည်းပြ ဇာဗီ

ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ ဟာ အိမ်ကွင်း နူးကမ့်မှာ ကာဒိဇ် အသင်းကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းသားတွေရဲ့ ဆန္ဒ ပြင်းပြမှု မရှိမှု အပေါ် မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။

ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဖရန့်ဖွတ် ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့နောက် ဘာစီလိုနာ အသင်းဟာ ကာဒိဇ် အသင်းကို ထပ်မံ ရှုံးနိမ့် ခဲ့ရတာ ဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်းရဲ့ လိဂ်ပွဲ ၁၅ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ဟာလည်း ကာဒိဇ် နဲ့ အတွေ့မှာ ရပ်တန့် သွားခဲ့ရပါပြီ ။

ဘာစီလိုနာ အသင်းဟာ လက်ကျန် ၇ ပွဲအလိုမှာ ထိပ်ဆုံးက ရီးရဲလ် မက်ဒရစ် အသင်း နဲ့ ၁၅ မှတ် အထိ ကွာဟနေပြီ ဖြစ်တာကြောင့် ချန်ပီယံဆု မျှော်လင့်ချက်ကတော့ အတော်လေး ဝေးဝါ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ဘာစီလိုနာ အသင်းဟာ သူ့အောက်က အသင်းတွေနဲ့ အမှတ်တူနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အထူး ဂရုစိုက်ရမယ့် အနေအထားမှာ ရှိနေပါတယ် ။

ကာဒိဇ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှတ် ဖြတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံး ခဲ့ရတဲ့ အပေါ် ပေါက်ကွဲလိုက်ပြီး အရင်တုန်းက အသင်းလို ဖြစ်အောင် အများကြီး လုပ်ဆောင်ရဦးမယ်လို့ ဝန်ခံသွားခဲ့ပါတယ် ။

” ကျွန်တော်တို့ အားလုံး ကိုယ့်ကိုယ်ကို ဒေါသထွက် စိတ်ပျက်ရပါတယ် ။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တခြားအသင်းတွေနဲ့ ခပ်ခွာခွာ ဖြစ်နိုင်မယ့် အဖိုးတန် အခွင့်အရေး ၊ ချန်ပီယံဆုအတွက် ဆက်လက် တိုက်ပွဲဝင်နိုင်မယ့် အခွင့်အရေးကို ကျွန်တော်တို့ လက်လွှတ် ဆုံးရှုံး ခဲ့ရပါတယ် ။ ”

” လာလီဂါ ချန်ပီယံ ဆုကို နှုတ်ဆက်ရလုနီးပါး ဖြစ်နေပါပြီ ၊ ကျွန်တော်တို့အသင်းက ဘာကာပါ ၊ ဒီထက် ပိုလုပ်ပြနိုင်ဖို့ လိုပါတယ် ၊ ကျွန်တော်တို့ အသင်းအနေနဲ့ ပြင်းပြတဲ့ စိတ်ဓတ် နဲ့ စိတ်အား ထက်သန်မှုတွေ ပြသဖို့ လိုအပ်ပါတယ် ၊ ကစားသမားတွေရဲ့ခံယူချက်နဲ့တော့ မဆိုင်ပါဘူး ၊ သူတို့ ကိုယ်တိုင်လည်း လိုလိုချင်ချင် ရှိပါတယ် ၊ ဒါပေမယ့် ယှဉ်ပြိုင်လိုစိတ် ရှိဖို့တော့ လိုနေပါတယ် ။ ”

” ကာဒိဇ် က သူတို့ အတွက် နောက်ဆုံးပွဲလို့ မှတ်ယူပြီး ခံစစ် ကစားသွားခဲ့တာပါ ၊ ကျွန်တော်တို့လည်း သူတို့လို ကစားနိုင်ဖို့ လိုပါတယ် ၊ ကျွန်တော်တို့ ကိုယ့်ကိုယ့်ကို နှိမ့်ချပြီး ဘာမှ မလုပ်ပြနိုင်သေးသလိုမျိုး မှတ်ယူ ကစားရမှာပါ ။ နောက်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှိချင်တယ်ဆိုရင်တော့ ယုံကြည်မှု ၊ စိတ်ပိုင်းဖြတ်နိုင်မှု နဲ့ စိတ်အားထက်သန်မှုတွေ ရှိရပါမယ် ။ ”

” ဘာနေဗျူးလို ကွင်းမှာ ၀-၄ နဲ့ အနိုင်ရတော့ အားလုံးက ကျွန်တော်တို့ ပြန်လာကြပြီလို့ ပြောကြပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အမှားတွေ လုပ်နေဆဲပါ ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဝေဖန်ဖို့ လိုပါတယ် ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရမယ်ဆိုတဲ့ ရည်မှန်းချက် ထားပြီး ကစားရပါမယ် ။ ”

” ကြီးကျယ်ခမ်းနားတဲ့ ဘာကာ ပြန်ဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်ရပါမယ် ၊ ကျွန်တော်တို့ ရီးရဲလ် မက်ဒရစ် နဲ့ ဆီဗီလား တို့ကို အကောင်းဆုံး ကစားပြီး အနိုင်ယူ ခဲ့ပါတယ် ၊ အခု အသင်း အခု ဝန်ထမ်းတွေနဲ့ပါပဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM