ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ်ကစားသမားကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ ဂျက်ဝီလ်ရှီးယား

ဂျက်ဝီလ်ရှီးယား က ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမား ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး အသင်းဟောင်း အာဆင်နယ် အသင်းမှာ မြင်တွေ့ချင်တယ်လို့ ဆိုပါတယ် ။

အင်္ဂလန် ကွင်းလယ်လူ ရိုက်စ် ဟာ လာမယ့် နွေရာသီမှာ အသင်းကြီးတွေ ခေါ်ယူဖို့ အပြိုင် ကြိုးစားကြမယ့် ကစားသမား တစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်တက် ၊ ချဲလ်ဆီး တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကလန်ရိုက်စ်ဟာ ဒီရာသီမှာ ဝက်စ်ဟမ်း အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေသူ ဖြစ်ပြီး နည်းပြ မိုယက်စ်ကတော့ သူ့ရဲ့ ကစားသမားကို ပေါင် သန်း ၁၅၀ တန်ကြေး သတ်မှတ် ထားပါတယ် ။

ဒီကလန်ရိုက်စ် ဟာ ဒီကနေ့ မနက်မှာ ကစားခဲ့တဲ့ လိုင်ယွန် အသင်း နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယား ဟာ ဒီကလန်ရိုက်စ် ကို တခုတ်တရ ချီးကျူးသွားခဲ့ပါတယ် ။

ဝီလ်ရှီးယား က တွစ်တာမှာ ” အခု အချိန်မှာ ဒီကလန်ရိုက်စ် ထက် ပိုကောင်းတဲ့ ကွင်းလယ် ခံစစ် ကစားသမား ရှိရင် ကျွန်တော့်ကို ပြောပြစမ်းပါဗျာ ၊ ဒက် လုပ်နိုင်တဲ့ အရာတွေကို လိုက်လုပ်နိုင်တဲ့သူ ဘယ်သူ ရှိမလဲ ဆိုတာ စဉ်းစား မရပါဘူး ။ ”

ပရိသတ် တစ်ဦးက ဒီကလန်ရိုက်စ် ထက် လီဗာပူးက ဖာဘင်ဟို က ပိုမကောင်းဘူးလားလို့ ဝင်ထောက်ရာ ဝီလ်ရှီးယား က ” ဒက် မှာ ရှိတဲ့ အရာတွေ သူ့မှာ မရှိဘူးလို့ ပြောချင်ပါတယ် ။ ဒက်က အရာအားလုံး လုပ်နိုင်စွမ်း ရှိပြီး ဖာဘင်ဟို ထက် လုပ်နိုင်စွမ်း ပိုများပါတယ် ။ ”

” လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်တုန်းကဆိုရင်တော့ ဆာဂျီယို ဘူးစကွက် ရှိပါတယ် ၊ ဒါပေမယ့် သူ ကစားတဲ့ အသင်းက ပွဲတိုင်းလိုလို ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစားနိုင်တဲ့ အသင်းပါ ။ ”

” ဒက် ကစားရတာက သူ့ထက် ပိုခက်ခဲပါတယ် ၊ ဥရောပ က ဘယ် အသင်းမှာမဆို သူ ကစားနိုင်စွမ်း ရှိပါတယ် ၊ သူ့ကို အာဆင်နယ် အသင်းမှာ မြင်တွေ့ရဖို့ မျှော်လင့်ကြတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM