UEFA, FIFA တို့က ချမှတ်ပေးထားတဲ့ အထူးခွင့်ပြုချက် စည်းမျဉ်းကို လိုက်နာခြင်း မရှိတဲ့ ပရီးမီးယားလိဂ်

ရုရှား က ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲပြီး နောက်ပိုင်း ယူကရိန်း လိဂ်မှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေ အားလုံး ရပ်နားလိုက်ရပါတယ်။ ဒါကြောင့် နိုင်ငံခြားကနေ လာရောက် ကစားနေကြတဲ့ ဘောလုံးသမားတွေဟာ နေရပ် အသီးသီးကို ပြန်ဖို့ ပြင်ဆင်ခဲ့ရသလို ၊ ရုရှား လိဂ် မှာ ကစားနေတဲ့ နိုင်ငံခြားသား ဘောလုံးသမားတွေကိုလဲ ဝိုင်းဝန်း သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ကြတာကြောင့် အဲဒီက နိုင်ငံခြား ဘောလုံးသမားတွေလဲ ကလပ်အသင်းတွေ နဲ့ ယာယီ လမ်းခွဲခဲ့ကြပါတယ်။

ဒီလို လုပ်ဆောင်ကြတဲ့ နေရာမှာ UEFA ကိုယ်တိုင်က “တရားဝင်” အဖြစ် သတ်မှတ်ပေးထားပြီး ၊ ရာသီ အကုန်ထိ စာချုပ် ကိစ္စတွေ အားလုံးကို တစ်ဖက်သတ် ရပ်တန့်ခွင့် ရှိတယ်လို့ ထုတ်ပြန် ကြေငြာပေးခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ အဲဒီလို လမ်းခွဲလာတဲ့ ဘောလုံးသမားတွေကို ခေါ်ယူချင်တယ် ဆိုရင် အခြား ဥရောပ ကလပ်တွေ အနေနဲ့ ကာလတို စာချုပ်မျိုး နဲ့ ခေါ်ယူ အသုံးပြုနိုင်ကြောင်းပါ တရားဝင် ပြဌာန်းပေးခဲ့ပါတယ်။

ချဲဆီး အသင်းရဲ့ တောင်ပံ ကစားသမားဟောင်း ဗစ်တာ မော့ဆက် ဟာ စပါးတပ် မော်စကို အသင်းမှာ ကစားပေးနေသူ ဖြစ်ပါတယ်။ သူဟာလဲ အထက်ဖော်ပြပါ အကြောင်းအရင်းတွေကြောင့် ကလပ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို တစ်ဖက်သတ် ရပ်စဲကာ လန်ဒန် ကို ပြန်လာခဲ့ ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ဘန်လေ အသင်းကတော့ ဥရောပ ဘောလုံး အဖွဲ့ချုပ်က ပြဌာန်းထားတဲ့ စည်းမျဉ်းတွေ အတိုင်း မော့ဆက် ကို ကာလတို စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

သို့သော် ပြိုင်ပွဲ တာဝန်ရှိသူတွေ ကတော့ အဲဒီလို ခေါ်ယူစာချုပ် ချုပ်ဆိုဖို့ ကြိုးစားလာမှုကို လက်မခံပဲ ၊ ပြိုင်ပွဲ ရဲ့ မျှတတဲ့ အားကစား ဆိုင်ရာ ယှဉ်ပြိုင်မှု အပေါ် ထိခိုက်သွားနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချသွားခဲ့ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ ကို ဆက်သွယ် မေးမြန်းကြည့်ခဲ့ပေမယ့် ပြန်လည် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ Sky Sports သတင်းဌာန ဖော်ပြသွားခဲ့ ပါတယ်။

စပိန် လာလီဂါ ပြိုင်ပွဲမှာတော့ အလားတူ ပုံစံမျိုးတွေကြောင့် အသင်းလက်မဲ့ ယာယီ ဖြစ်နေတဲ့ ဘောလုံးသမားတွေကို မည်သည့် ကန့်သတ်ချက်မှ မရှိပဲ ခေါ်ယူနိုင်တဲ့ အကြောင်း တရားဝင် လမ်းဖွင့်ပေးထားပါတယ်။

အင်္ဂလန်မှာ စစ်ဘေးကြောင့် စာချုပ် ဖျက်သိမ်းခဲ့ရတဲ့ ဘောလုံးသမား တစ်ယောက် ကို ပထမဆုံး စာချုပ် ချုပ်ဆိုထားနိုင်တဲ့ အသင်းက ရှက်ဖီး ယူနိုက်တက် ဖြစ်ပြီး ၊ ရုရှား ကလပ် တစ်ခုနဲ့ စာချုပ် ဖျက်သိမ်းထားတဲ့ Filip Uremovie ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဖင်လန် လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း Tim Sparv ကတော့ “ အာဏာရှင် ဆန်ဆန် ပြုမူနေတဲ့ ရုရှား လို နိုင်ငံမျိုးကနေ ဘောလုံးသမားတွေ ထွက်ပေါက် တစ်ခု ရနိုင်ဖို့ ကျနော်တု့ိ အနေနဲ့ အစွမ်းကုန် ကူညီပေးရမှာပါ။ တစ်ချိန်တည်းမှာ သူတို့ အတွက် အခြားတစ်နေရာရာမှာ ကစားနိုင်ဖို့ အခွင့်ရေး ပေးသင့်ပါတယ်။ ဒါက လူသားချင်း ဆိုင်ရာ ကူညီမှုမျိုး ဖြစ်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဟာ မော့ဆက် ရဲ့ ကိစ္စကို ခွင့်ပြု ပေးခဲ့ခြင်း မရှိတဲ့ အတွက် မီဒီယာ သမား တစ်ချို့ ရဲ့ ဝေဖန်မှုတွေကို ဆက်တိုက် ခံရလျှက် ရှိနေပါတယ်။

SM