UCL မှာ ၂နှစ်ဆက် ထိပ်တိုက်တွေ့ဆုံနေတဲ့ ချဲလ်ဆီး – ရီးရဲလ်မက်ဒရစ် ကွာတားဖိုင်နယ် အပေါ် ခန့်မှန်းလိုက်တဲ့ ဂျိုကိုးလ်

မနေ့ညနေက ဆွစ်ဇာလန် နိုင်ငံ ၊ နီယွန်မြို့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲမှု ကျင်းပ ပြုလုပ်ခဲ့ရာ ၊ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ရင်ဆိုင် ကျော်ဖြတ်ခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ထပ်မံ ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပါတယ် ။

ဒီပွဲဟာ ကွာတားဖိုင်နယ် အဆင့်ရဲ့ အကောင်းဆုံးနဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံးပွဲလည်း ဖြစ်နေပါတယ် ။ ပြီးခဲ့တဲ့ ရာသီမှာတော့ ချဲလ်ဆီး ဟာ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ၃ – ၁ ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်ကာ ၊ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ၊ မန်စီးတီးအား ၁ – ၀ နဲ့ နိုင်ကာ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ် က ၄င်းရဲ့ အသင်းဟောင်းဟာ အခြား ပရီးမီးယားလိဂ် ကလပ် ၂သင်းဖြစ်တဲ့ မန်စီးတီး ၊ လီဗာပူးတို့ထက် ပိုမို ခက်ခဲတဲ့ ပြိုင်ဖက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ၊ ပြီးခဲ့တဲ့ ရာသီက အသာစီး ရထားမှုကြောင့် ယခု တကြိမ်မှာလည်း ရီးရဲလ်မက်ဒရစ်ကို အနိုင်ထပ်ယူဖို့ ယုံကြည်မှု ပြင်းပြနေမှာ ဖြစ်ကြောင်း ခန့်မှန်းလိုက်ပါတယ် ။

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျိုကိုးလ် က ” ချဲလ်ဆီး က အဆိုးရွားဆုံး ကွာတားဖိုင်နယ် မဲခွဲမှုနဲ့ ကြုံခဲ့ရတာလား ? No ပါ ။ ဒီ မဲခွဲမှုကို သူတို့ ဝမ်းသာ ပျော်ရွှင်နေပါလိမ့်မယ် ။ သူတို့ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို သက်တောင့်သက်သာ ကျော်ဖြတ် အနိုင်ယူခဲ့တာပါ ။ အခုလည်း ဒီ၂သင်းက အဲလောက်ကြီး မပြောင်းလဲသွားပါဘူး ။ ”

” အင်္ဂလိပ် ကလပ်တွေကတော့ အချင်းချင်း ရှောင်လွှဲနိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက်နေကြမယ် ထင်ပါတယ် ။ ဟုတ်ပါတယ် ။ ချဲလ်ဆီး အတွက် ဒီထက် ပိုချောင်တဲ့ မဲခွဲမှု ဖြစ်ရင်တော့ ကောင်းတာပေါ့ဗျာ ။ ဒါပေမယ့် ဒီထက် ပိုကြပ်တဲ့ မဲခွဲမှုလည်း ဖြစ်သွားနိုင်သေးတာပဲလေ ။ ”

” မနှစ်က ရီးရဲလ်မက်ဒရစ် အသင်းဟာ ပျမ်းမျှ အသက်အရွယ် ကြီးရင့်တဲ့ အသင်း ဖြစ်ခဲ့ပြီး ၊ ချဲလ်ဆီးလို ငယ်ရွယ် ဖျတ်လတ်တဲ့ ကလပ် အသင်းကို ရင်ဆိုင်ခဲ့ရတာပါ ။ တနှစ်ကြာသွားခဲ့ပေမယ့် သူတို့မှာ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပါဘူး ။ ”

” ကာလို အန်ဆယ်လော့တီ က သူတို့ကို ကိုင်တွယ်နေတာ ကျွန်တော် သိထားသလို ၊ သူတို့ဟာ ရီးရဲလ်မက်ဒရစ် ဖြစ်ပြီး ၊ အရည်အသွေးကောင်း များစွာ ပိုင်ဆိုင်ထားပါတယ် ။ ပြိုင်ဖက်တိုင်း အတွက် သူတို့ဟာ အမြဲတမ်း ဒုက္ခပေးနိုင်ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး ဟာ ဒီမဲခွဲမှုကို အတိုင်းအတာ တရပ် အထိ ကျေနပ်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂျိုကိုးလ်ရဲ့ သုံးသပ်ချက်ကို ထောက်ခံတဲ့ အနေနဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ် ကလည်း ” ချဲလ်ဆီး ဟာ မနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ကို ခြေစွမ်း အသာစီးနဲ့ အနိုင်ယူ ကျော်ဖြတ်ထားခဲ့တာ ဖြစ်လို့ ၊ ဒီတကြိမ်မှာလည်း သူတို့ရဲ့ ယုံကြည်မှုက မြင့်နေဦးမှာ အသေအချာပါပဲ ။ ”

” ရီးရဲလ်မက်ဒရစ်ကတော့ underdogs အသင်း ဖြစ်နေပေမယ့် ၊ သူတို့မှာလည်း တကယ့် အရည်အသွေးကောင်း များစွာ ရှိနေပါတယ် ။ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား အစုအဖွဲ့ကိုလည်း ပိုင်ဆိုင်ထားပါတယ် ။ ချဲလ်ဆီး ဟာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် အတွေ့အကြုံကြောင့် သတိထား ချဉ်းကပ်ပါလိမ့်မယ် ။ ”

” ဒီ ထိပ်တိုက် တွေ့ဆုံမှု က ခန့်မှန်းရ ခက်ပေမယ့် ၊ ကျွန်တော်ကတော့ ချဲလ်ဆီးကပဲ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖန် ဂျိုးကိုးလ်ကလည်း မနှစ်ကလိုပဲ ဒီနှစ်မှာလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ All English Final ဖြစ်နိုင်ကြောင်း အခုလိုပဲ ခန့်မှန်းသွားခဲ့ပါတယ် ။

ဂျိုကိုးလ် က ” ယုံမှားသံသယ ဖြစ်စရာ မရှိသလို ၊ မေးခွန်း ထုတ်စရာလည်း မရှိပါဘူး ။ သူတို့အားလုံး ဒီ ကွာတားဖိုင်နယ် မဲခွဲမှုကို ကျေနပ်ကြပါလိမ့်မယ် ။ ကျွန်တော်ကတော့ ဒီနှစ် ဗိုလ်လုပွဲကိုလည်း All English Final အဖြစ်နဲ့ ကြိုမြင်မိနေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR