Sanctions ထိထားပေမယ့် အက်ဇ်ပီလီကွီတာကို ချဲလ်ဆီးတို့ ဘာကြောင့် သက်တမ်းတိုးခွင့် ရှိတာလဲ ?

ဗြိတိန် အစိုးရ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ပတ်ခန့်က လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ပိုင်ရှင် ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျကို စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်တာကြောင့် ချဲလ်ဆီး အသင်းရဲ့ ဝင်ငွေပိုင်းဆိုင်ရာ လည်ပတ်မှု အားလုံး ရပ်တန့်နေပါတယ် ။

ဒီလို sanctions ချမှတ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက် တခုက ချဲလ်ဆီး ဟာ ယခုနှစ် ဘောလုံး ရာသီ အကုန်မှာ စာချုပ် သက်တမ်း ပြည့်မြောက်မယ့် ကစားသမားတွေကို သက်တမ်း ထပ်တိုးခွင့် မရတော့ခြင်း ဖြစ်ပါတယ် ။

လောလောဆယ် ချဲလ်ဆီး စီနီယာ အသင်းမှာ စာချုပ်သစ် ထပ်မချုပ်နိုင်သေးတဲ့ အဓိက ကစားသမား ၃ဦး ရှိနေပြီး ၊ ထိုအထဲမှာ နောက်ခံလူတွေ ဖြစ်ကြတဲ့ အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ဆီဆာ အက်ဇ်ပီလီကွီတာတို့ ပါဝင်နေပါတယ် ။

ခရစ်တန်ဆန် ကတော့ ရာသီအကုန်မှာ ဘာစီလိုနာသို့ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ သေချာလုနီးပါး ဖြစ်နေကာ ၊ ရူဒီဂါနဲ့ အက်ဇ်ပီလီကွီတာကိုတော့ အသင်းပိုင်ရှင်သစ် အတည်ပြု ဖြစ်ပြီးတာနဲ့ အလျင်အမြန် စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ချဲလ်ဆီးတို့ ယုံကြည်နေပါတယ် ။

မနေ့က စပိန် သတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက် အရ ကလပ် အသင်းခေါင်းဆောင် ဖြစ်တဲ့ စပိန် လက်ရွေးစင် ဝါရင့် နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ဟာ sanctions တွေ ရှိလင့်ကစား ၊ ချဲလ်ဆီး အသင်းနဲ့ သက်တမ်းတိုးဖို့ လုပ်ဆောင်ခွင့် ရှိနေတယ်လို့ သိရပါတယ် ။

ဇွန်လ ၃၀ရက်နေ့မှာ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် အက်ဇ်ပီလီကွီတာ ဟာ စာချုပ်ထဲမှာ ပွဲကစားခွင့် အရေအတွက် အပေါ် မူတည်ပြီး တနှစ် သက်တမ်းတိုးခွင့် ချုပ်ဆိုထားပါတယ် ။ ဒါ့အပြင် မတ်လ ၁၀ရက်နေ့ မတိုင်မီကတည်းက ၄င်းနဲ့ ချဲလ်ဆီး အသင်း အကြားမှာ စာချုပ်သစ် အတွက် အကြို သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး ဟာ ယင်း အသက် ၃၂နှစ် အရွယ် ဝါရင့် နောက်ခံလူကို လာမယ့် ဇွန်လ မတိုင်ခင် အထိ စာချုပ်သစ် ကိစ္စ အပြီးသတ်ခွင့် ရထားပါတယ် ။ ရူဒီဂါကိုတော့ အသင်းပိုင်ရှင် အသစ် မရောက်ခင် အထိ ချဲလ်ဆီးတို့ စာချုပ်ချုပ်ခွင့် မရှိပေမယ့် ၊ တပတ်လုပ်ခ ပေါင် ၂သိန်းနဲ့ သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ် ။

သို့ပေမယ့် ရူဒီဂါရဲ့ အေးဂျင့် ဖြစ်သူ က အေးဂျင့်ခနဲ့ အပိုဆုကြေး တိုးတောင်းနေကာ ၊ ထိုအတွက် အခုအချိန် အထိ ညှိနှိုင်းလို့ မပြီးသေးပဲ ရှိနေပါတယ် ။ တဖက်မှာ ချဲလ်ဆီး ဟာ အက်ဇ်ပီလီကွီတာကို အချိန်မှီ တနှစ် သက်တမ်း ထပ်တိုးခွင့် ရှိနေသေးပေမယ့် ၊ ဘာစီလိုနာ ဟာ ယင်း စပိန်သားကို ခေါ်ယူနိုင်ဖို့ လက်လျှော့သွားမှာ မဟုတ်ဘူးလို့ သိရပါတယ် ။

ဘာစီလိုနာ ဟာ sanctions ကိစ္စတွေ ဖြစ်မလာခင်ကတည်းက ချဲလ်ဆီး ကပ္ပတိန်ကို ခေါ်ယူဖို့ တောက်လျှောက် ချိတ်ဆက် ဆွေးနွေးနေခဲ့တာ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကမှ ၄င်းကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရထားပြီး ဖြစ်ကြောင်း စပိန် မီဒီယာ အများအပြား က ဖော်ပြခဲ့ဖူးပါတယ် ။

SPORTS MYANMAR