Sanctions ကြောင့် တသင်းလုံး အခက်ကြုံနေရချိန် ၊ ရှေ့ကနေ ဦးဆောင် လမ်းပြပေးနေတဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦး အပေါ် ချီးမွမ်းခန်း ဖွင့်ခဲ့တဲ့ တူချယ်

ပြီးခဲ့တဲ့ ရက်သတ္တပတ် တပတ်ခန့်ကမှ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ဗြိတိန် အစိုးရထံမှ စီးပွားရေး အရ အရေးယူ ပိတ်ဆို့မှုတွေ ခံခဲ့ရပြီးနောက် ၊ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် ချဲလ်ဆီး အသင်း ဟာလည်း ၄င်းရဲ့ ပိုင်ဆိုင်မှု တစိတ်တပိုင်း အနေနဲ့ ပြစ်ဒဏ် များစွာ ကျခံနေရပါတယ် ။

ဝင်ငွေ ရရှိနိုင်မယ့် အခန်းကဏ္ဍ အားလုံး အပိတ်ခံရခြင်း ၊ ဘဏ်အကောင့် အပိတ်ခံရခြင်း စတဲ့ ပိတ်ဆို့ခြင်းတွေ အပြင် ၊ လက်မှတ် အသစ် ရောင်းချခွင့် မရှိတာကြောင့် အနာဂတ် ပွဲတွေမှာ တရာသီစာ လက်မှတ် ကြိုတင် ဝယ်ယူထားတဲ့ ပရိသတ် အနည်းငယ်နဲ့သာ ကစားရဖို့ များနေပါတယ် ။

တဖက်မှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် ကလပ် ဝန်ထမ်း အများအပြား ဟာလည်း ကိုယ့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်နေကြပါတယ် ။ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား ၊ ပုံမှန် ကစားခွင့် မရတဲ့ ကစားသမားတွေဟာလည်း ချဲလ်ဆီး ပိုင်ရှင် အပြောင်းအလဲ ကာလ အတွင်း အသင်းက ထွက်ခွာဖို့ စဉ်းစားနေကြလောက်ပြီ ဖြစ်ပါတယ် ။

သို့ပေမယ့် အပြင်မှာ ဘယ်လောက်ပဲ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရပေမယ့် ၊ ချဲလ်ဆီးရဲ့ ကွင်းတွင်း စွမ်းဆောင်ရည် က လုံးဝ ကျဆင်းသွားခြင်း မရှိဘူးဆိုတာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက် အနိုင်ရထားခြင်း က သက်သေထူနေပါတယ် ။ ဒီလို ကွင်းတွင်း ရလဒ်ကောင်းတွေ အတွက် ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ ဟာ အဝတ်လဲခန်း အတွင်းမှာရော ၊ ပွဲချိန် အတွင်းမှာပါ ရှေ့ကနေ ဦးဆောင် လမ်းပြပေးထားပါတယ် ။

တမြန်နေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာလည်း အက်ဇ်ပီလီကွီတာ ဟာ အသင်းအတွက် အနိုင်ဂိုး တဂိုး သွင်းယူပေးခဲ့ပါသေးတယ် ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ အက်ဇ်ပီလီကွီတာရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ အသင်း အပေါ် ဦးဆောင်နိုင်တဲ့ အရည်အသွေးတွေ အပေါ် အခုလိုပဲ ချီးမွမ်းခန်း ဖွင့်ခဲ့ပါတယ် ။

တူချယ် က ” အက်ဇ်ပီ ဟာ ခေါင်းဆောင်ကောင်း တယောက် အနေနဲ့ ရှေ့ကနေ ဦးဆောင် လမ်းပြပေးနေတဲ့ အကောင်းဆုံး ဥပမာ တခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒီလို ကျွန်တော် ရှင်းပြနေတာ က စကားလုံးတွေသာ ဖြစ်ပါတယ် ။ သူကတော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေတာပါ ။ ”

” ဆိုးရွားတဲ့ အချိန် ကာလမှာရော ၊ ကောင်းစားတဲ့ အချိန်တွေမှာပါ သူဟာ ပုံမှန် ကြိုးစားစရာ ရှိတာကိုသာ တစိုက်မတ်မတ် ကြိုးစားနေခဲ့တာ ဖြစ်ပါတယ် ။ ကိုယ်ရေးကိုယ်တာ အခက်အခဲ ကြုံတဲ့အခါမှာ သာမက ၊ အသက်အရွယ် အရ ကိုယ့်ရဲ့ ကစားပုံနဲ့ မကိုက်တော့တဲ့ wing-back နေရာမှာပါ သူဟာ ပုံမှန်အတိုင်း ရာနှုန်းပြည့် ပေးဆပ် ကစားစမြဲပါ ။ ”

” ဒါကြောင့်လည်း သူဟာ ချဲလ်ဆီး အသင်းရဲ့ ကလပ် အသင်းခေါင်းဆောင် အဖြစ် ရပ်တည်နေတာပါ ။ အခုကတည်းက သူဟာ ဒီကလပ်ရဲ့ ဂန္တဝင် တဦး ဖြစ်နေပြီး ၊ ကျွန်တော်တို့ဟာ အခုအချိန်မှာ နောက်ထပ် အခိုက်အတန့်ကောင်းတွေ ထပ်မလိုတော့ဘူးလို့ ထင်ပါတယ် ။ ”

” အားထားရတဲ့ ၊ ဦးတည်ချက် ၊ ခံယူချက် ပြင်းပြတဲ့ အသင်းလိုက် စုစည်းမှု ၊ စိတ်ဓာတ်ကောင်းတွေသာ အခုအချိန်မှာ လိုပါတယ် ။ ဒါကြောင့်မို့ အက်ဇ်ပီ ဟာ ဒီကလပ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းမှာ ပါဝင်နေခြင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ” အသင်းသားတွေကို အခက်အခဲ ကာလမှာ နှစ်သိမ့်စကားတွေ ပြောသေးလား ? ကျွန်တော် မသိပါဘူး ။ အက်ဇ်ပီ အသင်းသားတွေကို စကားပြောတဲ့အချိန်ဆို ကျွန်တော် တော်ရုံနဲ့ ဝင်ပြီး မစွက်ဖက်တတ်ပါဘူး ။ ကိုယ်လုပ်စရာရှိတာကို သူ အမြဲလုပ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR